DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ကုမ္ပဏီနှင့်ယာဉ်လိုင်းပြေးဆွဲသူများ အခက်တွေ့
DVB
·
May 14, 2016
စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ကုမ္ပဏီနှင့်ယာဉ်လိုင်းပြေးဆွဲသူများ အခက်တွေ့
Donate to DVB

သင်္ကြန်ကာလကနေ မေလထိ ဆီဈေးနှုန်းတွေဟာ မြင့်တက်မှုကြောင့် ကုမ္ပဏီတွေမှာ စက်သုံးဆီ တင်သွင်းတာ အရှုံးနဲ့ ရင်ဆိုင်နေတယ်လို့ BOC ကုမ္ပဏီက ပြောပါတယ်။

“လက်ရှိ ဆီဈေးနှုန်းအနေအထား ဘယ်လိုဖြစ်နေလဲဆိုတော့ ကျနော်တို့အခု တင်သွင်းတဲ့ ကုမ္ပဏီကြီး တွေပေါ့နော်။ အချိန်အားဖြင့် အခုဆိုရင် သင်္ကြန်ပတ်ဝန်းကျင်လောက်ကစပြီး လက်ရှိ မေလလောက်အထိကို ကုမ္ပဏီကြီးတွေ တော်တော်လေး အရှုံးနဲ့ ရင်ဆိုင်နေရတယ်။ ဒီလိုကြာကြာသွားမယ်ဆိုရင်တော့ တချို့ခံနိုင်ရည်မရှိတဲ့ ကုမ္ပဏီတွေဆိုရင် ဒီလောကကနေ ထွက်သွားရလောက်တဲ့ အနေအထားထိ ရှိနေတယ်” လို့ မန္တလေး BOC ကုမ္ပဏီမှ ကိုဝင်းဆွေက ပြောပါတယ်။

ဧပြီလက စက်သုံးဆီဈေးနှုန်းတွေဟာ 92 ဆီ ၁ လီတာကို ၅၇၀ ကျပ်ရှိပြီး ရိုးရိုးဒီဇယ် ၁ လီတာကို ၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချခဲ့ပြီး မေလ ၁၂ ရက်နေ့မှာ 92 ဆီ ၆၂၀ ကျပ်နှုန်းနဲ့ ရိုးရိုးဒီဇယ် ၅၄၀ ကျပ်နှုန်းအထိ ဆီဈေးနှုန်း မြင့်တက်မှုဖြစ်ပွားခဲ့တာကြောင့် မန္တလေး၊ မိုးကုတ်၊ ပြင်ဦးလွင် ပြေးဆွဲနေတဲ့ ယာဉ်တွေ ဆီဈေးနှုန်း မြင့်တက်မှုအပေါ် အခက်အခဲတွေနဲ့ တွေ့ကြုံနေရတာပါ။

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနဲ့ ပတ်သက်ပြီး မန္တလေး(ချယ်ရီမြေကားအသင်း) မှ ကိုသက်နိုင်က “ဂိတ်ကြေးက လစဉ်ကြေးပေးထားတဲ့အတွက် ဂိတ်ကြေးက ပေးစရာမလိုဘူး။ လမ်းကြေး ငါးရာပဲ ကုန်တဲ့အတွက် အုံနာကို  တခေါက်ကို ၂၂၅၀၀၊ ၂၃၀၀၀ အထိ အဲလိုရတယ်။ အခုဆီဈေးတက်လာတဲ့အချိန်မှာ အုံနာကို တရက်ကို ၂ သောင်းပဲ အပ်လို့ရတော့တာပေါ့။ ကျနော်တို့ ဟိုပို့ ဒီပို့လေးတွေပါတယ်။ ကျနော်တို့ကလည်း သားသမီးတွေ ပညာရေးတွေ၊ ကျနော်တို့ကလည်း ဒီကားနဲ့မှီခိုစားသောက်နေရတဲ့အတွက်၊ စားဝတ် နေရေးအတွက်ပေါ့။ ဆီဈေးက ၅၅၀၊ ၅၇၀ လောက်ဆိုရင်တော့ အဆင်အပြေဆုံးပါပဲ။ အဲလိုဆီဈေးတက်လာ တဲ့အချိန် ကျနော်တို့အတွက် ပိုလျှံငွေက ရှိမလာတော့ဘူး။ ခေါက်ကြေး ၅၀၀၀ ဆိုတာတောင် မနက်ခင်း လက်ဖက်ရည်သောက်တာနဲ့ ကွမ်းယာစားတာရယ် နေ့လယ်ခင်း ထမင်းစားလိုက်ပြီဆိုရင် ၃၅၀၀ လောက်က ကုန်သွားပြီ အခုခေတ်ကာလတန်းဖိုးနဲ့ပေါ့နော်။ အတတ်နိုင်ဆုံးကတော့ ဆီဈေးက အရင်တုန်းကဈေးလေး နဲ့ဆိုရင် အဆင်ပြေတာပေါ့” လို့ ပြောပါတယ်။

ဆီဈေးနှုန်းတွေ မြင့်တက်မှုဖြစ်ပွားတဲ့အပေါ် စင်ကာပူနဲ့ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ဆီကုမ္ပဆီတွေမှာ ဆီ ၁ ပီပါကို ၁ သောင်းကျော် အရှုံးပေါ်ခဲ့ပြီး တန် ၁ သောင်းတင်သွင်းလာတဲ့ ကုမ္ပဏီတွေဆိုရင် သိန်းပေါင်း ၄၀၀၀ ကျော် အရှုံးပေါ်မှုနဲ့ ရင်ဆိုင်နေရတာပါ။

၂၀၁၀ ခုနှစ်ကနေ ကုမ္ပဏီတွေကို လွတ်လပ်စွာ ဆီတင်သွင်းရောင်းချလုပ်ပိုင်ခွင့်ကို အစိုးရကနေ ချပေးခဲ့ပြီး။ မန္တလေးမြို့မှာ စက်သုံးဆီ ကုမ္ပဏီဆိုင် ၄၀ ကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013