DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း ချင်းမိုင်ရှမ်းလူထုများနှင့် တွေ့ဆုံ
DVB
·
May 13, 2016
ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း ချင်းမိုင်ရှမ်းလူထုများနှင့် တွေ့ဆုံ
1 / 5
Donate to DVB

အရင်အစိုးရလက်ထက် ဒုသမ္မတဟောင်း လားရှိုးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်းဟာ မေ ၁၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာပြီး ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပါတယ်။

ဒေါက်တာ စိုင်းမောက်ခမ်းဟာ မေလ ၁၅ ရက်နေ့ ထိုင်းနိုင်ငံ မဟာချု လာလောင်ကွန်း တက္ကသိုလ်က ပေးအပ်ချီးမြှင့်မယ့် Honorary PhD In Educational Administration ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူဖို့ရန်အတွက် ရောက်ရှိလာတာ ဖြစ်ပြီး ဘန်ကောက် မသွားခင် ချင်းမိုင်ကို အရင်ရောက်လာကာ ၀ပ်ပါပေါက် ရှမ်းဘုန်းကြီးကျောင်းမှာ ရှမ်းလူထုတချို့နဲ့ တွေ့ဆုံခဲ့တာပါ။

ကျောင်းထိုင်ဆရာတော်ကို ၀င်ရောက်ဖူးမြော်ရင်း ရှမ်းပြည်ဘက်ကနေ ရွှေ့ပြောင်းလာတဲ့ ရှမ်းလူထုအသိုင်းအ၀ိုင်းတွေနဲ့ ရင်းနှီးသိကျွမ်းရဖို့လာရောက်တာဖြစ်တယ်လို့ ဒေါက်တာ စိုင်းမောက်ခမ်းက တွေ့ဆုံပွဲမှာပြောပါတယ်။

“ဒီဘက်ကိုရောက်နေတဲ့ ရှမ်းလူထုအသိုင်းအ၀ိုင်းတွေနဲ့ သိကျွမ်းလိုပါတယ်။ ကျနော်ဟာ နိုင်ငံရေးလောကထဲမ၀င်ခင်၊ ဒုသမ္မတမဖြစ်ခင်က ရှမ်းစာပေယဉ်ကျေးမှုအသင်းမှာ လုပ်ခဲ့ဖူး တယ်။ လွန်ခဲ့တဲ့ ၆ နှစ်က ချင်းမိုင်ကို တခါလာဖူးတယ်။ ၆ နှစ်ဆိုပေမယ့် နှစ်ပေါင်း ၆၀ လို အကြာကြီးလို့ခံစားရတယ်။ ဒီအတောအတွင်းမှာ ကျနော်တို့ ရှမ်းအအသိုင်းအ၀ိုင်းကြား စည်းလုံး ညီညွတ်မှု အားနည်းလာတာ တွေ့ရတယ်။ ရှေ့လျှောက်ဆိုရင်တော့ ကျနော်တို့ ရှမ်းလူထု အသိုင်းအ၀ိုင်းတွေနဲ့ စာပေယဉ်ကျေးမှုကိစ္စတွေ၊ ပညာရေးနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့ ကိစ္စတွေမှာ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။”

တွေ့ဆုံပွဲတက်ရောက်လာတဲ့ ရှမ်းလူထုအသိုင်းအ၀ိုင်းကိုယ်စားလှယ်နဲ့ ထိုင်းအခြေစိုက် မြန်မာ သတင်းထောက်တွေကလည်း ဒေါက်တာစိုင်းမောက်ခမ်းကို ကြံ့ခိုင်ဖွံဖြိုးရေးပါတီထဲ ၀င်ရခြင်း အကြောင်း၊ ဒုသမ္မတဖြစ်ခဲ့စဉ် ရှမ်းပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးချက်တွေ၊ လက်ရှိ ရှမ်းပြည်နယ်တွင်းဖြစ်ပွားတဲ့ တိုက်ပွဲပေါ်အမြင်သဘောထားနဲ့ ရှမ်းပြည်တွင်းတိုက်ပွဲတွေ ပြေလည်အောင် လွှတ်တော်ကနေ ဘာလုပ်ပေးနိုင်မလဲ စတဲ့မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။

ဒေါက်တာစိုင်းမောက်ခမ်းကလည်း သူဟာမူလကကြံ့ခိုင်ရေးပါတီဝင် မဟုတ်ပေမယ့် ရှမ်းလူမျိုးနဲ့ တကွ တိုင်းရင်းသားလူမျိုးအရေးတွေ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့အတွက် ကြံ့ခိုင်ရေးပါတီထဲကို ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ၅ နှစ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အထိုက်အလျောက် ဆောင်ရွက်ခဲ့ရပါကြောင်း၊ လက်ရှိတိုက်ပွဲအခြေအနေမှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ ရည်မှန်းချက်နဲ့သူတို့ တိုက်ခိုက်နေကြပေမယ့် မြေစာပင်ဖြစ်ရတာ ပြည်သူတွေဖြစ်ပြီး အဲဒီ အတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ဖြေကြားသွားပါတယ်။

ဒေါက်တာ စိုင်းမောက်ခမ်းဟာ ယခင်ကလည်း ချင်းမိုင်ကို ရောက်ဖူးခဲ့ပေမယ့် အခုလို ရှမ်းအသိုင်းအ၀ိုင်းတွေနဲ့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013