DVB Logo
Home
Lead Story
အန်အယ်လ်ဒီအစိုးရ လာဘ်ပေးလာဘ်ယူမှုကို ကိုင်တွယ်နိုင်ပါ့မလား
DVB
·
May 13, 2016
အန်အယ်လ်ဒီအစိုးရ လာဘ်ပေးလာဘ်ယူမှုကို ကိုင်တွယ်နိုင်ပါ့မလား
Donate to DVB

အဂတိလိုက်စားမှုနှင့် ပတ်သတ်၍ ပါလီမန်ဒီမိုကရေစီခေတ်က ဖဆပလအဖွဲ့ဝင် ဝန်ကြီးများသည် ယခုအနှစ် ၅ဝကျော် အုပ်ချုပ်ခဲ့သော စစ်အစိုးရ အဆက်ဆက် စစ်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်လျှင် ဆီနှင့်ရေလိုကွာခြားသည်ဟု ကောက်ချက်ချရပေလိမ့်မည်။ ဝန်ကြီးချုပ်ဦးနု၊ ဦးကျော်ငြိမ်း၊ သခင်ကျော်ဒွန်း တို့ စသည့် ဖဆပလခေါင်းဆောင်များ ရာထူးမှ ဖယ်ရှားခံရပြီး နောင်နှစ်ပေါင်း များစွာ ကြာသည့်အထိ သူတို့၏ ပိုင်ဆိုင်မှု၊ အဂတိလိုက်စားမှုများကို ထောက်ပြစရာအပြစ်တင်စရာ မတွေ့ခဲ့ကြရပေ။ သူတို့၏ သားသမီးများမှာလည်း အထုပ်အထည်နှင့် ချမ်းသာကြွယ်ဝသူများအဖြစ် နောင်အခါတွင် ထောက်ပြစရာ မရှိခဲ့ပေ။ ဆိုလိုသည်မှာ ဖဆပလခေါင်းဆောင်များအနေဖြင့် ယေဘုယျအားဖြင့် အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှု ကို အတတ်နိုင်ဆုံးကင်းရှင်းအောင် သူတို့ခေါင်းဆောင်ဦးနုက စံပြအဖြစ် လုပ်ပြကာလုပ်ဆောင်သွားသည် ဟု ဆိုရပေမည်။ ထို့ကြောင့် ခေါင်းဆောင်များ အဂတိကင်းရှင်းတိုင်း အောက်ခြေအမှုထမ်းအရာထမ်းများ နှင့် ကျန်လူများက အဂတိကင်းကင်း လာဘ်ပေးလာဘ်ယူမှု ကင်းကင်းဖြင့် လုပ်ဆောင်သွားလိမ့်မည်ဟု အာမမခံနိုင်ခဲ့ပေ။ အရေးကြီးသည်မှာ လာဘ်ပေးလာဘ်ယူမှု ကင်းအောင် သို့မဟုတ် ကင်းအောင် ပတ် သတ်အကျုံးဝင်နေသော သူများကို မည်ကဲ့သို့ ထိန်းကျောင်းမလဲ။ မက်လုံးပေးမလဲ အောက်ခြေအားလုံးက လည်း အကျင့်ပျက်မှုမရှိအောင် ဘယ်လိုဖန်တီးဆောင်ရွက်မလဲဆိုသည်မှာ အရေးကြီးလှပါသည်။

အနှစ် ၅ဝ ကျော် မြန်မာ့နိုင်ငံရေးသမိုင်းတွင် တိုင်းပြည်အုပ်ချုပ်ရေးကို အရပ်သားအစိုးရ စစ်စစ်က ရရှိခဲ့သည်။ ပြည်သူအတွက် ယေဘုယျအောင်ပွဲဖြစ်သည်ဟု ဆိုရပေမည်။ အရပ်သားက အာဏာ ချုပ်ကိုင်နိုင်သည်ထက် အနှစ် ၅ဝကျော် စစ်ဗိုလ်စစ်သားများနှင့် စစ်တပ်က အာဏာ (၃) ရပ်စလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသည့် အခြေအနေမှနေ ယခုအခါ ပြောင်းလဲသွားနိုင်သည့်အတွက် ပြည်သူတို့၏ ယေဘုယျ အောင်ပွဲဟုသတ်မှတ်လိုက်ခြင်းဖြစ်ပါသည်။ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ပြီး အနှစ် ၅ဝ ကျော် စစ်တပ်လွှမ်းမိုးမှုကို ဖယ်ရှားလိုက်နိုင်သည့်တိုင် နိုင်ငံအုပ်ချုပ်ရေး နှင့် တိုင်းပြည်ထူထောင်ရေးအတွက် အတွေ့အကြုံ မရှိသေး၊ အနှစ် ၅ဝကျော် ခေတ်နောက်ကျမှုနှင့် ဆင်းရဲမွဲတေမှု ဝန်ထုတ်ကြီးကို ပခုံးပြောင်း ထမ်းလာရသဖြင့် အန်အယ်လ်ဒီ အစိုးရမှာ အပြင်းအထန် ရုန်းကန်လှုပ်ရှားရဦးမည်ဖြစ်သည်။ အကျင့်ပျက်မှုနှင့် လာဘ်ပေးလာဘ်ယူမှု ပြဿနာကို ကောက်ချက်ချရာ၌ အန်အယ်လ်ဒီ ခေါင်းဆောင်များသည် ခေါင်ကစ မိုးလုံလျှင် ကျန်နေရာများကို လည်း မိုးမယိုအောင် လုပ်ုနိင်လိမ့်မည်ဟု ယူဆကြ၏။ မြန်မာနိုင်ငံ၏ အနှစ် ၅ဝ ကျော် စစ်အုပ်ချုပ်ရေးအောက်တွင် ခေါင်ကစမိုးမလုံခဲ့သလို အဆင့်ဆင့်အရာထမ်း အမှုထမ်းများမှာလည်း အကျင့်ပျက်မှုများနှင့် လွှမ်းမိုးနေခဲ့ပါသည်။ လာဘ်မယူလျှင် အလုပ်ဟု မယူဆကြသလို လာဘ်မပေးရလျှင် လုပ်ငန်းမအောင်မြင်ဟု သတ်မှတ်နေသောကြောင့် လာဘ်ပေးလာဘ်ယူမှုမှာ အနှစ် ၅ဝကျော် သက်တမ်းအရ မွေးရာပါ အကျင့်စရိုက်လို ဖြစ်နေပါတော့သည်။ အစိုးရအဖွဲ့သစ်က မိမိတာ မိမိလုံအောင် ထိန်းရုံဖြင့် အဂတိလိုက်စားမှု အကျင့်ပျက်မှုမှာ ပျောက်ပျက်သွားမည် မဟုတ်ပေ။ ကိုယ်ကောင်းလျှင်ခေါင်းဘယ်မှ မရွေ့ဆိုသည်မှာ မိမိအတွက်တာဝန်ယူပြီး တခြားသူများအတွက် တာဝန်မယူခြင်းဖြစ်သည်။ မိမိကောင်းလျှင် ပြီးရောတခြားသူများ မကောင်းလျှင် မိမိနှင့် မဆိုင်ဆိုသူ တကိုယ်ကောင်းအတွေးမျိုးဖြစ်၏။ “သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ” ဆိုသော အတော်ပင် အောက်တန်းနောက်တန်းကျသည့် ခပ်ညံ့ညံ့အယူအဆ အတွေးအခေါ်မျိုးဖြစ်ပါသည်။ ငါတို့ကောင်းအောင် နေမည်။ ကျန်လူများလည်း ကောင်းလာလိမ့် မည်ဟု ထင် ၍မရပ။

အကျင့်ပျက်လာဘ်စားမှုသည် အစိုးရအမှုထမ်း၊ အရာထမ်းများနှင့် ဌာနအသီးသီးတွင် ကုဖို့ အတော်ခက်သော ကူးစက်ေ၇ာဂါဖြစ်နေသည်မှာ အနှစ် ၅ဝ ကျော်ခဲ့ပါပြီ။ ထိုရောဂါဆိုးကြီးကို အမြစ်ကမကျန် သုတ်သင်ဖယ်ရှားဖို့မှာလည်း အတော်ပင် ခက်၏။ တရုတ်နိုင်ငံနှင့် တရုတ်အစိုးရ တို့ကို အုပ်ချုပ် သည့် နိုင်ငံရေးပါတီမှာ အလွန်စည်းကမ်းတင်းကျပ်သော တရုတ်ပြည်ကွန်မြူနစ်ပါတီဖြစ်၏။ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစား လုပ်ခြင်း၊ မိမိအကျိုးစီးပွား အတွက် နိုင်ငံ့ဘဏ္ဍာကို အလွဲသုံးစားခြင်းသည် သေဒဏ်အထိ သတ်မှတ်သော အဆိုးဝါးဆုံးပြစ်ဒဏ် ဖြစ်ပါသည်။ ထိုသတ်မှတ်ချက်အတိုင်း ပြတ်ပြတ်သားသား အရေးယူလေ့ရှိ၏။ တရုတ်နိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှု တနည်းပြောရလျှင် ဈေးကွက်စီးပွားရေးကို အခြေခံသော အရင်းရှင်စီးပွားရေးစနစ်ကို ကျင့်သုံးမှုမှာ အချိန်ကာလတိုတောင်းလွန်းသေးသည်။ တိန်ရှောင်ပင် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာပြီး ယခင်နှင့် လုံးဝခြားနားသော အပြောင်းအလဲများလုပ်သည့် အချိန်မှ ထိုအဂတိလိုက်စားမှုများ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ဆိုရှယ်လစ် စီးပွားရေးစနစ်ကျင့်သုံးစဉ် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို ငြင်းပယ်ထားစဉ်က အဂတိလိုက်စားမှုများမှာ အလွန်ရှားပါးလှ၏။ ထို့ကြောင့် အုပ်ချုပ်ရေးနှင့် နိုင်ငံရေးကို ချုပ်ကိုင်ထားသော ကွန်မြူနစ်ပါတီသည် ပါတီတွင်းနှင့် အစိုးရတွင်း လာဘ်ပေး လာဘ်ယူမှုများ ကြီးမားလာသလို ပြင်းထန်သော အရေးယူအပြစ်ပေးမှုများလည်း ပြုလုပ်ခဲ့ပါသည်။ ထိုသို့ အရေးယူမှုများ ပြတ်ပြတ်သားသား လုပ်ကိုင်နေသော်လည်း တရုတ်အာဏာပိုင်များကြားတွင် ဦးနင်း၍ ပဲ့ထောင်၊ ပဲ့နင်း၍ ဦးထောင်သော အဖြစ်မျိုးလည်း ကြုံတွေ့နေကြရ၏။

မြန်မာနိုင်ငံမှာမူ တရုတ်ပြည်နှင့် ခြားနားပါသည်။ အနှစ် ၅ဝကျော်လုံးလုံး ခေါင်ကစ မိုးမလုံ ခဲ့ပါ။ ခေါင်ကလည်း မိုးကိုလုံအောင်ဖာဖို့ စိတ်မကူးခဲ့ပါ။ စစ်ဗိုလ်ချုပ်များသည် အဂတိလိုက်စားသူကြီးဖြစ် ၏။ လာဘ်ရမှ အလုပ်လုပ်သူများချည်း ဖြစ်လာသည်။ ထိပ်ပိုင်းခေါင်းဆောင်များ အကျင့်ပျက်ခဲ့ သလို တဆင့်တဆင့်နှင့် နောက်ဆုံး ရုံးအကူအထိပင် လက်ဖက်ရည်ဖိုးပေးမှ လာဘ်ပေးမှ အလုပ်လုပ်သည်အထိ အဂတိလိုက်စားမှုနွံထဲတွင် စုံးစုံးမြှုပ်ခဲ့ကြရသည်။ ထို့ကြောင့် အမှုထမ်း အရာထမ်းအားလုံးလိုလိုမှာ ဆန်ပေးမှ ဆီရမည်ဆိုသောအသိမျိုး ခေါင်းထဲလွှမ်းမိုးနေကြ လေ တော့သည်။ ထိုသို့ လာဘ်စားမှု လာဘ်ပေးမှုကို မွေးရာပါ အခွင့်အရေးလိုထင်နေသော အမှုထမ်းများကို ပြုပြင်ပြောင်းလဲဖို့ ဘယ်လိုလုပ်ရမလဲဆို သည်ကို အစိုးရအဖွဲ့သစ်က သေချာ စဉ်းစားရပေလိမ့်မည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု၊ အကျင့်ပျက်မှုအဆိုးဆုံး နိုင်ငံထဲတွင်ပါသည်။ အဆင့်အနိမ့်ဆုံး ၁၄၇ တွင် ရှိသည်ဟုလည်း သတ်မှတ်ထားကြသည် ယခင်စစ်ဗိုလ်ချုပ်များကမူ ထိုအဆင့်နိမ့်မှုကို ဂုဏ်ယူချင်ယူနေပေလိမ့်မည်။ ထိုနိုင်ငံက ၁၄၇ မှာတောင် ရှိသည်ဟု လက်မထောင်နေလေမလားမသိပေ။ လက်မထောင်ရလောက်အောင်လည်း သူတို့အတွက် သပိတ်ဝင်အိတ်ဝင် အကျိုးစီးပွားများ ဖြစ်ထွန်းခဲ့ပြီ မဟုတ်ပါလော။ ယခုအစိုးရ အဖွဲ့သစ်သည် အကျင့်ပျက်မှုနှင့် အဂတိလိုက်စားမှုကို အစစ်အမှန်ဖယ်ရှားလိုသော အစိုးရ ဖြစ်ကြောင်း သံသယရှိစရာမလိုပေ။ အစိုးရအဖွဲ့သစ်ခေါင်းဆောင်ကိုယ်တိုင် လာဘ်စားလျှင် ထောင်ချပစ်မည်ဟု အတိအလင်း ကြေညာထား၏၊ မိမိအစိုးရအဖွဲ့တွင်းမှ တွေ့လျှင်လည်း အမှန်တကယ်လည်း ထောင်ချမည့်ပုံပေါ်သည်။ သို့သော် ယခုအစိုးရအဖွဲ့သစ်နှင့် တွဲ၍လုပ်ရမည့် သူများမှာ နှစ်ပေါင်း ၅ဝ နှစ်ပေါင်း ၄ဝ နှစ်ပေါင်း ၃ဝ စသည်ဖြင့် လာဘ် ပေးလာဘ်ယူမှု အကျင့်စရိုက်ကို ဖြတ်သန်းခဲ့သူများ ထိုအကျင့်စွဲနေသူများ ထိုအကျင့်နှင့် ယဉ်ပါးနေသူများ ဖြစ်နေကြပါသည်။ ဗြောင်တမျိုးကွယ်ရာတမျိုး လာဘ်ယူသူချည်းလို ဖြစ်နေကြပါသည်။ အနိမ့်ဆုံး under table လောက်ကို မလုပ်သူရှိလျှင် ထိုသူသည် ဘုရားလောင်းသော်လည်းကောင်း သူတော်စင်သော်လည်း ကောင်းဖြစ်နေပေလိမ့်မည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကလည်း လာဘ်ပေးလာဘ်ယူမှုကို ပြတ်ပြတ်သားသား တိုက်ဖျက်မည်ဟု ဆို၏။ သူဘယ်လို တိုက်ဖျက်မလဲ။ တကယ်ရော တိုက်ဖျက်နိုင်ပါ့မလား။ ဦးနုတုန်းကလည်း သူကိုယ်တိုင် သမာဓိရှိရှိ လာဘ်ပေးလာဘ်ယူမှုကို ဆန့်ကျင်ခဲ့သော်လည်း အောက်ခြေအမှုထမ်းများကို သူဘယ်လိုမှ သူ့လိုသမာဓိရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ သူတို့၏ လစာနှင့် နေထိုင်စားသောက်မှုစရိတ် ထိုအမှုထမ်းများ၏ စီးပွားရေးအခြေအနေမှာ လက်ဖက်ရည် ဖိုး မယူ၍မဖြစ် လာဘ်မစားလျှင် သူတို့မိသားစု ဗိုက်ဟောင်းလောင်း ဖြစ်နေပေလိမ့်မည်။ ထို အခြေနေမျိုးကို အန်အယ်လ်ဒီအစိုးရ စဉ်းစားမိပါရဲ့လားဟု စောဒကတက်ရပေလိမ့်မည်။ အူမတောင့်မှ သီလစောင့်နိုင်မည့် အခြေအနေမျိုးကို အစိုးရအဖွဲ့သစ်က သေချာစဉ်းစားရပေလိမ့် မည်။ အစိုးရအဖွဲ့မဖွဲ့ခင်ကတည်းက အန်အယ်လ်ဒီ ခေါင်းဆောင်များသည် လွှတ်တော် ကိုယ်စားလှယ်များကိုရော တိုင်းဒေသကြီးကိုယ်စားလှယ်များကိုပါ ခွဲတမ်းဖြင့် လစာဖြတ် မည် ကိုကား ကြေညာထား၏။ ဝန်ကြီးများကိုကား ခွဲတမ်းဘယ်လောက်ဖြင့်ဖြတ်မည်ကိုကား မသိပေ။ စကတည်းက အူမတောင့်ဖို့ အခြေအနေမျိုး ရောက်လာလျှင် သီလရောစောင့်နိုင်ကြပါမလား။

စင်ကာပူနိုင်ငံမှ လာဘ်ပေးလာဘ်ယူမှု ကင်းစင်ရေးစီမံကိန်းကို လေ့လာသင့်သည်။ စင်ကာပူ ခေါင်းဆောင်နှင့် နိုင်ငံကို တည်ထောင်ခဲ့သူ လီကွမ်ယူက သူအပါအဝင် အစိုးရအဖွဲ့နှင့် အမှုထမ်း အရာထမ်းအားလုံး အူမတောင့်နိုင် အောင် စနစ်တကျ လုပ်ကိုင်ခဲ့ပါသည်။ စင်ကာပူ ဝန်ကြီးချုပ်၏ လစာသည် ကမ္ဘာ့အချမ်းသာဆုံး အမေရိကန်ပြည်ထောင်စု သမ္မတလစာထက်များ၏။ ဝန်ကြီးချုပ် လာဘ်စားစရာမလိုအောင် လစာကို ကောင်းကောင်းပေးထား၏။ ထိုသို့ လုံလောက်သော လစာရထားလျှင် လာဘ်ယူဖို့လည်း လက်တွန့်သွားနိုင်ပါ သည်။ စင်ကာပူမှ အရာထမ်း၊ အမှုထမ်းများ ရဲအရာရှိများ၏လစာမှာ သူတို့မိသားစုအတွက်လုံလောက်၏။ လူတန်းစေ့ ထက်တောင် ကျော်နိုင်သည်ဟု ပြောနိုင်၏။ ထိုသို့လစာကောင်းကောင်းပေးထားနိုင်သော ကြောင့် စင်ကာပူတွင် လာဘ်ယူမှုအလွန်ရှားပါးလှပါသည်။ လာဘ်ယူလျှင်လည်း ပြင်းပြင်းထန်ထန်အရေး ယူသည်။ လာဘ်ပေးသူကိုလည်း အရေးယူသည်။ ထို့ကြောင့် အန်အယ်လ်ဒီ အစိုးရအဖွဲ့သစ်အနေဖြင့် အကျင့်ပျက်မှု၊ အဂတိလိုက်စားမှုကင်းစင်အောင် သီလစောင့်ဖို့အတွက် အူမမတောင့်အောင် လုပ်ဖို့ စဉ်းစားဆုံးဖြတ်ပြီး ပြီလား။
ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013