DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးစရိတ်ချေးငွေ တဧက ကျပ် ၁ သိန်းခွဲနှုန်းဖြင့် စတင်တိုးမြှင့်ထုတ်ချေးပေးနေ
DVB
·
May 12, 2016
စိုက်ပျိုးစရိတ်ချေးငွေ တဧက ကျပ် ၁ သိန်းခွဲနှုန်းဖြင့် စတင်တိုးမြှင့်ထုတ်ချေးပေးနေ
Donate to DVB

အခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျင် တစ်သိန်း ငါးသောင်းကျပ်နှုန်းနဲ့ ပြည်နယ်နဲ့ တိုင်းဒေသတချို့မှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲတွေက တောင်သူလယ်သမားတွေကို စတင် ထုတ်ချေးပေးနေပါတယ်။

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ကျေးရွာအုပ်စု ၅၇ အုပ်စုရှိ တောင်သူ ၁၈၀၀၀ ကျော်တို့ရဲ့ လယ်ယာမြေ ဧက၁၀၃၂၀၀အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲက မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေတွေကို မေ ၁၀ ရက်ကစထုတ်ချေးနေတာလို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် တောင်သူသုံးဦး တစ်ဖွဲ့စနစ်နဲ့ လယ်တဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၈% နဲ့ ထုတ်ချေးတာဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရရှိတဲ့ တောင်သူများကိုသာ ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။

အလားတူ ရှမ်းပြည်နယ် အတွင်း မြို့နယ် ၂၆ မြို့နယ်ရှိ တောင်သူပေါင်း ၂၆၅၅၃ ဦးတို့ကို ချေးငွေပေါင်းကျပ် (၁၀၈၂၄.၂၂) သန်း ယခု မေလဒုတိယအပတ်အတွင်း ထုတ်ချေးသွားဖို့ အစီ အစဉ်ရှိနေတယ်လို့လည်း ပြန်ကြားရေးသတင်းအရသိရပါတယ်။

လက်ရှိ အစိုးရသစ်လက်ထက် စိုက်ပျိုးစရိတ် ထုတ်ချေးပေးနေတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်းက “ ကျနော်တို့က ပြီးခဲ့တဲ့နှစ်က ချေးငွေ အကျေဆပ်တဲ့သူဆိုရင်ချေးပါတယ်၊ တကယ်လို့ ကြွေးကျန်နေရင်တော့ ဒီနှစ်မရနိုင်ဘူးပေါ့၊ အထူးသဖြင့်တော့ ၁၀ဧကအောက်ပိုင်တဲ့ လယ်သမားတွေ အတွက် ထုတ်ချေးပေးတာပါ နိုင်ငံအနှံမှာပါ။ အခုလောလောဆယ်တော့ တောင်သူတွေရဲ့ စိုက်စရိတ် တတ်နိုင်ဆုံး လုံလုံလောက်လောက်ထုတ်ပေးနိုင်ဖို့ အတွက် အတတ်နိုင်ဆုံးမြှင့်ပေးလိုက်တဲ့ သဘောပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

အလားတူ ကြံစိုက်တောင်သူတွေအတွက် ၁ဧက ကျပ် တသိန်းနှုန်း၊ အခြားသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကိုတော့ တစ်ဧကလျှင် ကျပ် ၂၀၀၀၀ နှုန်းနဲ့ အရင်အတိုင်း ထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် ပဲခူးတိုင်းသာယာဝတီခရိုင်အတွင်းက ကျေး၇ွာတွေမှာတော့ စိုက်ပျိုးစရိတ်ချေးငွေတွေ ဒီကနေ့ အထိ ထုတ်ချေးပေးတာမရှိသေးဘူးလို့ သာယာဝတီခရိုင် ဇိမ်ဇာကျေးရွာက တောင်သူလယ်သမား ဦးကျော်ဦးက ပြောပါတယ်။

“လယ်သမားတွေကတော့ စိုက်ပျိုးစရိတ်စောစောလေးရရင်ပိုကောင်းလေပေါ့။ ကျနော်တို့ နယ်မှာ ထုတ်မပေးသေးဘူး။ ရမယ်ဆိုတော့ လယ်သမားတွေအတွက်ပိုကောင်းတာပေါ့။ လောလောဆယ် လယ်သမားတွေကတော့ ချေးငွေပြန်ဆပ်ဖို့ အခု ၅လပိုင်း ၁၆ ရက်နေ့နောက်ဆုံးဆိုတော့ အခုရက်မှ တွန်းဆပ်နေရတာ ၊ ပြန်မဆပ်ရင် ထပ်မချေးဘူးလို့လည်း သတင်းမှာကြေညာထားတယ်” လို့ပြောပါတယ်။

လက်ရှိမှာမျိုးစပါး၊ မြေဆီဖိုး၊ ထွန်ခယက်ခတွေအပါအ၀င် တဧက စိုက်ပျိုးစရိတ် ကျပ် ၈ သောင်း ၁သိန်းဝန်းကျင်လောက် ကုန်ကျပြီး အစိုးရကအခုထုတ်ချေးပေးတဲ့ တဧကကျပ် တသိန်းခွဲဟာ စိုက်ပျိုးစရိတ် ကာမိမယ်လို့ လည်းလယ်သမားတွေကပြောပါတယ်။

ဒါပေမယ့် နှစ်စဉ်ကြွေးပြန်ဆပ်နေရတဲ့ စနစ်ကနေ နှစ်ရှည်စီမံကိန်းနဲ့ ချေးငွေပြန်ဆပ်ခွင့်ရရင်ပိုပြီး အဆင်ပြေနိုင်မယ်လို့ တောင်သူ ဦးကျော်ဦးကပြောပါတယ်။

“ကျနော်တို့က နှစ်စဉ်နှစ်တိုင်းက ဘယ်လိုတွေဖြစ်နေလဲဆိုတော့ ဘဏ်ငွေထုတ်တာက နောက်ကျမှ ထုတ်ပေးတဲ့အခါကျတော့ ကျနော်တို့က ဒီမှာ အတိုးကြီးတွေနဲ့ အပြင်မှာချေးပြီးလယ်ထဲကိုထည့်ရတယ်၊ လယ်သမားတွေက အတိုးတွေပိနေတယ်။ အစိုးရက ချေးငွေလည်းထုတ်လည်းပေးရော ပြန်ဆပ်လိုက်တော့ လယ်သမားတွေမှာ သုံးစရာမကျန်တော့ဘူး။အဲလိုမျိုးလုံးလည်ပြီးတော့ လယ်သမားတွေမှာ ဒုက္ခတွေကြုံနေ ရတယ်”

မြန်မာပြည်က တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က တဧက ကျပ် ၁သိန်းနှုန်းနဲ့ ထုတ်ချေးပေးနေရာက အခုအစိုးရသစ် လက်ထက်မှာ ကျပ် တသိန်းခွဲအထိ တိုးမြှင့်ထုတ်ချေးပေးလာတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013