DVB Logo
Home
Lead Story
ငြိမ်းချမ်းရေးနေခြည်တောက်မှ လူလူချင်း ဗိုလ်ကျမှုတွေ ပျောက်မယ်
DVB
·
May 12, 2016
ငြိမ်းချမ်းရေးနေခြည်တောက်မှ လူလူချင်း ဗိုလ်ကျမှုတွေ ပျောက်မယ်
Donate to DVB

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်ပြီး လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို ဓားပြတိုက်လုယူခဲ့မှုဟာ လူလူချင်း ဗိုလ်ကျစီးပိုးရေးအလံကို ဒို့နိုင်ငံရဲ့ အိမ်ဦးခန်းမှာ တရားဝင်စိုက်ထူလိုက်တာ ဖြစ်တယ်။ အဲ့ဒီကနေစပြီး စစ်အာဏာရှင် အဆက်ဆက်ဟာ နှစ်ပေါင်း ၅၀ ကျော် ပြည်သူတွေအပေါ် ဗြောင်ကျကျ အနိုင်ကျင့်ခွင့်လိုင်စင်ကို ဆင့်ကဲဆင့်ကဲ လက်ပြောင်းယူနိုင်ဖို့ အမွေဆိုးကို ထားရစ်ခဲ့တာဖြစ်တယ်။

နိုင်ငံကိုအုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင်က လက်နက်အားကိုး၊ အာဏာအားကိုးနဲ့ ပြည်သူအပေါ် ဗိုလ်ကျခဲ့တော့ လူလူချင်း ဗိုလ်ကျစီးပိုးတဲ့ ဗိုင်းရပ်စ်ပိုးဟာ ခေါင်ကစလို့ ကြမ်းပြင်အထိ ကူးစက်ပြန့်ပွားပြီး ပိုင်ရာဆိုင်ရာအလိုက် အနိုင်ကျင့်ဗိုလ်ကျလိုက်ကြတာ တို့တနိုင်ငံလုံးလည်း အကျင့်သီလတွေ ပျက်သုဉ်းနေတဲ့ ဖုန်းဆိုးတိုင်းပြည်ကြီးလုံးလုံးဖြစ်လို့ အနိဋ္ဌာရုံတွေ ဖုံးလွှမ်းနေခဲ့ရတာ မဟုတ်လား။

အင်္ဂလိပ်စကားမှာတော့ လူအချင်းချင်း အနိုင်ကျင့်ဗိုလ်ကျတာကို (Bullying) လုပ်တယ်လို့ သုံးနှုန်းတယ်။ လူတဦးက အခြားတဦးကို ဒါမှမဟုတ် လူမျိုးတမျိုးက အခြားလူမျိုးတမျိုးကို၊ ဘာသာခြားတမျိုးက နောက်တမျိုးကို ဘာကြောင့် အနိုင်ကျင့်ကြပါလိမ့်။ ဒီမေးခွန်းကို သေသေချာချာ စဉ်းစားလိုက်ရင် အောက်ပါအတိုင်း ရိုးရှင်းတဲ့အဖြေကို တွေ့ရမှာပါ။

အသိတရားချို့တဲ့မှု၊ ကိုယ်ကျင့်တရားနဲ့ သိက္ခာကင်းမဲ့မှုတွေကြောင့် လူတဘက်သားရဲ့တန်ဖိုးကို မှားယွင်းစွာ တွက်ချက်မိရာက ထွက်ပေါ်လာတဲ့ ပြုမူတုံ့ပြန်မှုတွေ ဖြစ်တယ်။ (Bullying in its simplest form is a reaction to a poor evaluation of a person’s worth with the absence, lack or reduction of self- esteem.) မိသားစုတစု၊ အဖွဲ့အစည်းတခု၊ လူမျိုးစုတစု၊ ဘာသာရေးအဖွဲ့စည်းတရပ်၊ အုပ်ချုပ်သူအစိုးရတရပ်ထဲမှာ လုပ်ပိုင်ခွင့်အာဏာ ရထားတဲ့သူဟာ သူရထားတဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ အလွန်အရေးကြီးပါတယ်။ အဲ့ဒီလုပ်ပိုင်ခွင့်နဲ့ အာဏာကို မှားယွင်းစွာ ရှုမြင်မိသူတွေဟာ ကိုယ်ကျင့်သိက္ခာကိုလည်း တန်ဖိုးမထားတော့ဘဲ အာဏာကို အလွဲသုံးစားပြုပြီး တခြားသူတွေကို အနိုင်ကျင့် ဗိုလ်ကျတော့တာပါပဲ။

လောလောဆယ် ပူပူနွေးနွေး ဖြစ်ပွားနေတဲ့ အနိုင်ကျင့် ဗိုလ်ကျမှု ပြယုဂ်တခုကတော့ ဗုဒ္ဓဘာသာဝင်တွေတောင် မနှစ်ခြိုက်တဲ့အပြင် မိမိကိုးကွယ်နေတဲ့ ဘာသာအတွက် အရှက်ပါရစေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာရှိ ရှင်မာကု အင်္ဂလိကန် ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ခြံစည်းရိုးကို ချိုးဖျက်ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်တဲ့ လူအုပ်ကြီးက အတင်းဝင်ရောက် စေတီတည်သွားခဲ့တယ်ဆိုတဲ့ အဖြစ်အပျက်ပါပဲ။

ဒုတိယအကြိမ်အနေနဲ့ အဲ့ဒီစေတီကို အကြောင်းပြုပြီး ရှင်မာကု အင်္ဂလိကန် ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ သိမ် အစရှိတဲ့ နောက်ထပ် အဆောက်အအုံများ ဆက်လက်ဆောက်လုပ်ဖို့ ၂၀၁၆ ခုနှစ် မေလ ၂ ရက်နေ့ ညနေငါးနာရီခန့်ကစပြီး မြိုင်ကြီးငူဆရာတော်နဲ့ လူသုံးလေးရာခန့် ထပ်မံလာရောက်ခဲ့ပြီး ဘုရားကျောင်းဝင်းအတွင်းမှာရှိတဲ့ သစ်ပင်များကိုခုတ်ခြင်း၊ မြေညှိခြင်း စတဲ့ အလုပ်တွေကို ခရစ်ယာန်ဘုရားကျောင်း အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ အတင်းအဓမ္မ ဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာလည်း အဆောက်အအုံသစ်အတွက် မြေသန့်ခြင်း၊ ဖောင်ဒေးရှင်းချခြင်း၊ ပရိတ်ရွတ်ခြင်းနဲ့ အဆောက်အအုံ ဆက်လက်ဆောက်လုပ်ခြင်းတွေကို ရှေ့တိုးပြီး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။

တောင်ကလေးဆရာတော်ကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ “ကရင်ပြည်နယ်အတွင်း စေတီတည်ခြင်းနဲ့ ပတ်သက်လို့ ဖြစ်ပျက်သမျှတွေကို အကြောင်းပြပြီး ရန်ငြိုးထားခြင်း၊ ခိုက်ရန်ပြုခြင်း၊ အမုန်းပွားခြင်း ကင်းဝေးလျက် တဦးပေါ်တဦး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရား ပွားနိုင်ကြစေရန် ကြိုးစားကြပါ” ဟု တိုက်တွန်းထားပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအန်ယူ (ဗဟို) ပြည်ထဲရေးနဲ့ သာသနာရေးဌာန၀န်ကြီး ပဒိုစောအားတိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ “ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို တည်ဆောက်နေချိန်မှာ ဒီကိစ္စမျိုးက လုံးဝမဖြစ်သင့်ဘူး” လို့ ပြောကြားထားပါတယ်။

“ဒီကိစ္စက နှစ်ဘက် ဘာသာရေးကိစ္စဖြစ်တော့ ဖြေရှင်းဖို့ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ တဘက် ဘာသာရေးဘက်က ကြည့်ရင်လည်း ဒါကတော့ လုံးဝမကောင်းဘူးပေါ့။ ကိုယ့်ဘုရားဝင်းအတွင်း တဘက်က ဗလီဆောက်မယ်။ ဘုရားတည်မယ်ဆိုရင် ဘယ်လိုနေမလဲ။ တဘက်နဲ့တဘက် ညီမျှခြင်းစိတ်ဓာတ်မရှိရင် ပြဿနာကကြီးထွားလာနိုင်တယ်။ ဘာသာပေါင်းစုံက ဒီကိစ္စကို ခေါင်းချင်းဆိုင် ညှိနှိုင်း အဖြေရှာသင့်တယ်။ မေတ္တာရပ်ခံစာလောက်နဲ့တော့ မပြီးလောက်ဘူး။ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် တားမြစ်သင့်တယ်လို့ ထင်တယ်” ဟု လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းတိုက်နယ် ကျေးရွာမှ ဒေသခံတဦးက ဆိုပါတယ်။

မြိုင်ကြီးငူဆရာတော်ဟာ သက်ဆိုင်ရာ သာသနာရေး ဦးစီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ဘားအံမြို့နယ် မယ်ဆိုင်ကျေးရွာနဲ့ ၂၀၁၅ ခုနှစ်အတွင်း ဘားအံမြို့နယ် မီးဇိုင်းကျေးရွာတို့မှာလည်း စေတီတွေနဲ့ ကျောင်းဆောင်တွေကို တည်ဆောက်ခဲ့ပြီး ယခုအခါ လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာမှာလည်း စေတီတည်ဆောက်မှုကြောင့် ဒေသအတွင်း ဘာသာရေးပဋိပက္ခ ဖြစ်ပွားလာမည်ကို ဒေသခံတွေက စိုးရွံ့လျက်ရှိကြပြီး သက်ဆိုင်ရာက ဘယ်လို ညင်သာချောမွေ့အောင် ကိုင်တွယ်မယ်ဆိုတာကို မျှော်လင့်လျက်ရှိနေကြောင်း သိရပါတယ်။

တို့နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်အဆင့် ဗိုလ်ကျမှု တခုကတော့ မြန်မာနိုင်ငံအမည်၊ လူမျိုးအမည်နဲ့ အလံပြောင်းခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ နာမည်၊ လူမျိုးအမည်နဲ့ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းဆိုတာ အဲ့ဒီနိုင်ငံထဲမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံး ပိုင်ဆိုင်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်တယ်။ တနည်းပြောရရင် အဲ့ဒီနိုင်ငံက ပြည်သူလူထုတရပ်လုံး ပိုင်ဆိုင်တဲ့ ဘုံအမည်၊ အများပိုင်နာမ်၊ အများဆိုင်တဲ့ အမွေခံရတနာတွေ ဖြစ်တယ်။

ဒါကြောင့် နိုင်ငံအမည်၊ လူမျိုးအမည်၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းဆိုတာ ပိုင်ရှင်အမှန်ဖြစ်တဲ့ တိုင်းရင်းသား မိဘပြည်သူတရပ်လုံးက အများဆန္ဒနဲ့အညီ ပြောင်းလဲချင်တဲ့ဆန္ဒ ရှိကြတယ်ဆိုရင်တော့ ပြောင်းလဲနိုင်ရမှာ ဖြစ်တယ်။

ဒါပေမယ့်လည်း တို့နိုင်ငံမှာတော့ အဲ့ဒီ အများပိုင်နာမ်တွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့၊ ဦးသိန်းစိန်တို့ စစ်အာဏာရှင်တစုက မောင်ပိုင်စီးပြီး နိုင်ငံတော်အလံနဲ့ အင်္ဂလိပ်လို ရေးတဲ့အခါ သုံးနေကြ နိုင်ငံအမည်ကို Burma ကနေ Myanmar ဆိုတာရယ်၊ လူမျိုးအမည်ကို Burmese ကနေ Myanmar လို့ ပြောင်းတဲ့နေရာမှာ ပြည်သူအများစုရဲ့ ဆန္ဒသဘောထား မပါဘဲ လူမိုက်ဓားပြဆန်ဆန် လက်နက်အားကိုးပြီး ၁၉၉၀ ကျော်ဝန်းကျင်တုန်းက လူနည်းစု သဘောထားနဲ့ ဗိုလ်ကျပြောင်းလဲပစ်ခဲ့တာဟာ တို့နိုင်ငံသမိုင်းမှာ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ အဖြစ်အပျက်တခုဖြစ်တယ်။

ပြီးတော့ ဒီလို အမည်ပြောင်းလဲမှု နောက်ကွယ်မှာ စစ်အာဏာရှင်တွေရဲ့ မရိုးသားတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ပါတယ်ဆိုတာ မြင်သာပါတယ်။ တို့နိုင်ငံကို ဗြိတိသျှကိုလိုနီနယ်ချဲ့ ကျွန်သဘောက်ဘ၀က လွတ်မြောက်အောင် ရုန်းကန်ခဲ့ရာမှာ အင်အားအကြီးဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဒို့ဗမာအစည်းအရုံး (GCBA) နဲ့တကွ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာ့ထွက်ရပ်ဂိုဏ်း စတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအပြင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နောင်မှာ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တို့ရဲ့ ကြီးမြတ်တဲ့ သမိုင်းအစဉ်အလာကို သယ်ဆောင်လာတဲ့ ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံရေးအင်အားစုတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေကြား စိတ်ဝမ်းကွဲပြီး အငြင်းအခုံတွေပွားအောင်၊ ညီညွတ်မှုတွေ ပြိုကွဲအောင် ပြုလိုတဲ့ ရည်ရွယ်ချက်ဆိုတာ အလွန်ထင်ရှားတယ်။

သာဓကပြရရင် အရင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့် အစီအမံနဲ့ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ) နဲ့ မကသ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ) တွေကို အခွင့်အရေး အတူတူမပေးဘဲ ခွဲခြားပေးပြီး ကျောင်းသားတွေကို သွေးခွဲခဲ့တာ သမိုင်းမှာ အထင်အရှား ကျန်ရစ်ခဲ့ပါတယ်။

နိုင်ငံအမည်နဲ့ လူမျိုးအမည်ဆိုတာ အများနဲ့ဆိုင်တဲ့ အများပိုင်နာမ်တွေဖြစ်တယ်။ လူတဦးတယောက်ပိုင် တဖွဲ့ပိုင် မဟုတ်ဘူး။ နိုင်ငံသားအားလုံးရဲ့ အမွေခံပစ္စည်းဖြစ်တယ်။ ဒါကြောင့် နိုင်ငံအမည်၊ လူမျိုးအမည်၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းဆိုတဲ့ အများပိုင်အရာတွေကို ပြောင်းလဲချင်တယ်ဆိုရင် ပြည်သူလူထု တရပ်လုံးရဲ့ အများဆန္ဒနဲ့အညီ မှန်မှန်ကန်ကန် ဥပဒေကြောင်းအရ ရိုးရိုးသားသား ပြောင်းလဲမှသာ အားလုံးလက်ခံနိုင်မှာဖြစ်တယ်။

မြိုင်ကြီးငူဆရာတော် ဦးစီးပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းဝင်းနဲ့ ဗလီကျောင်းအနီးမှာ တရားဝင် သဘောတူခွင့်ပြုချက် မယူဘဲ အင်အားသုံးပြီး အတင်းအဓမ္မ စေတီတည်တယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ အရှက်ရစေတဲ့ အဖြစ်အပျက်နဲ့ အပြုအမူတွေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ထင်ထင်ရှားရှားတွေ့ရတဲ့ အခြေခံ အကြောင်းတရား နှစ်ရပ်ကတော့ ပြည်တွင်းစစ်နဲ့ ပညာနိမ့်ပါးမှုတွေပါပဲ။ လက်နက်ကသာ အရာရာကို အဆုံးအဖြတ်ပြုနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ဆိုးအောက်မှာ ပြည်တွင်းစစ်ကြောင့် တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ လူသူများစုမှာ ပညာရည်နိမ့်ပါးခဲ့ရပြီး အမှန်နဲ့အမှားကို မခွဲခြားတတ်တာနဲ့အမျှ မတရားမှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေဆိုတာ နေရာတိုင်းမှာ နိစ္စဓူဝကိစ္စလို ဖြစ်တည်လာမှာ အသေအချာပါပဲ။

တကယ်တော့ ပိုင်ရှင်ပြည်သူအများစု သဘောမတူဘဲ နိုင်ငံအမည်၊ လူမျိုးအမည်နဲ့ နိုင်ငံအလံ ပြောင်းခဲ့တဲ့ နိုင်ငံတော်အဆင့် ဗိုလ်ကျမှု၊ မြိုင်ကြီးငူဆရာတော် ဦးစီးတဲ့ လူအုပ်စုတစုရဲ့ အင်အားသုံး စေတီတည်တဲ့ ဗိုလ်ကျမှုတွေသာ မကပါဘူး၊ တောင်ပေါ်မြေပြန့် မြန်မာနိုင်ငံအနှံ့အပြားမှာ လူမသိသူမသိ အနိုင်ကျင့်ခံ၊ ဗိုလ်ကျခံနေရတဲ့ ကိစ္စတွေ ကုဋေကုဋာ ရှိနေမှာ ကျိန်းသေပေါက်ပြောလို့ ရနိုင်ပါတယ်။

ဒါကို ထင်ရှားတဲ့ ဥပမာဆောင်ရရင် နေရောင်ခြည် အလုံအလောက်မရတဲ့အပြင် ကျန်းမာရေးအသိ ချို့ငဲ့တဲ့ အိမ်တအိမ်မှာ မှိုတွေစွဲကပ်၊ ဂျပိုးတွေထူထပ်၊ ညစ်ပတ်စုတ်ပြတ်ပြီး အနံ့အသက်တွေ မကောင်းဘဲ ရောဂါပိုးမွှားတွေ ပေါက်ပွားနေတတ်တယ် မဟုတ်လား။

အဲ့ဒီလိုပါပဲ၊ ပြည်တွင်းစစ်မီးတောက်ကြီးအောက်မှာ တရားဥပဒေက မစိုးမိုးလေတော့ အားကြီးသူက အားနည်းသူအပေါ် ဗိုလ်ကျတဲ့စိတ်၊ လက်နက်ရှိသူက လက်နက်မဲ့သူကို အနိုင်ကျင့် စော်ကားတတ်တဲ့ တောရိုင်းဥပဒေသတွေ ကြီးထွားလာတာနဲ့အမျှ စစ်အနိဋ္ဌာရုံ (The Dogs of War) သွေးဆိုးသန္ဓေသား လူဂျပိုး၊ စစ်ဂျပိုးများ ပေါက်ပွားမင်းမူလေ့ ရှိပါတယ်။ ဘာကိစ္စကိုပဲဖြစ်ဖြစ် အင်အားသုံးပြီး အတင်းအဓမ္မလုပ်တတ်တဲ့ အလေ့အထနဲ့ အကျင့်စရိုက်ဆိုတာ အာဏာရှင်စနစ်ရဲ့ ဘေးထွက်ဆိုးကျိုး ဗိုင်းရပ်စ်ပိုးတွေပါပဲ။ ဒီပိုးတွေကို တို့နိုင်ငံမှာ ကင်းစင်တဲ့အထိ ရှင်းလင်းပစ်ဖို့လိုတယ်။

စာဖတ်သူတချို့ကတော့ ဒီနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် ဂျွတ်တက်အောင် စွဲကပ်နေတဲ့ ဗိုလ်ကျအနိုင်ကျင့်ချင်တဲ့ စိတ်ဓာတ်နဲ့ အကျင့်စရိုက်တွေ၊ လူ့ဂျပိုး၊ စစ်ဂျပိုးတွေကို နှိမ်နင်းဖို့ဆိုတာ အလွန်အမင်း ခက်ခဲမှာပဲလို့ တွေးကောင်းတွေး၊ ထင်ကောင်းထင်ကြမယ်။ ဒီလုပ်ငန်းဟာ မလွယ်ကူပေမယ့် အဖြေက ရှိပြီးသားပါ။

အများပြည်သူတွေရဲ့အားကို လက်ခံတဲ့ အစိုးရတရပ်က ဦးဆောင်ပြီး စစ်မှန်တဲ့ ညီညွတ်ရေးကို တည်ဆောက်လို့ ပြည်တွင်းစစ်မီးကို အပြီးတိုင် ငြှိမ်းသတ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတဲ့ နေရောင်ခြည်တွေ ထွန်းဝင်းတောက်ပလာခဲ့ရင် ဂျပိုးတွေပျောက်၊ မှိုတွေခြောက်သွားရသလို လူလူချင်း အနိုင်ကျင့် ဗိုလ်ကျမှုတွေကို မြန်မာ့လူ့အဖွဲ့အစည်း တခုလုံးက လက်မခံတော့ဘဲ ရှင်းလင်းသုတ်သင်ပစ်နိုင်မှာပါ။

ဒါကြောင့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခေါ်ယူနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံဆီကို ဦးတည်နေတဲ့ အဆင့်မြင့် နိုင်ငံရေးခရီးစဉ်ကို အချိန်တိုတိုအတွင်း ခရီးပေါက်နိုင်စေအောင် နိုင်ငံသားတိုင်း နိုင်ရာဝန်ထမ်းလို့ လက်တွဲပါဝင်ကြရင်း ငြိမ်းချမ်းရေးနေခြည်တွေ တို့ပြည်တို့မြေပေါ် အမြန်ဆုံး ဖြာကျလာနိုင်အောင် စွမ်းဆောင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့်။

မင်းကောင်းချစ်

မေလ (၅) ရက်နေ့ ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013