DVB Logo
Home
Lead Story
ပုဂ္ဂလိက ကဏ္ဍတွေ အကုန်ဝိုင်းပြီးတော့လုပ်မှ တိုးတက်တာပါ - ဦးအောင်ခိုင်
DVB
·
May 12, 2016
ပုဂ္ဂလိက ကဏ္ဍတွေ အကုန်ဝိုင်းပြီးတော့လုပ်မှ တိုးတက်တာပါ - ဦးအောင်ခိုင်
Donate to DVB

မြန်မာတနိုင်ငံလုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းထိ ရှိနေတဲ့ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေ ဆက်တိုက်ဖြစ်နေပါတယ်။ ဒီလို လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေ၊ လျှပ်စစ်ဓာတ်အား မလုံလောက်တာတွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အား လုံလောက်လာအောင် ဘယ်လို ဖြေရှင်းပေးနိုင်မလဲ၊ ဘယ်လို ကုစားပေးနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို လျှပ်စစ်ပညာရှင်တဦးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို အကြံပြုစာ ပို့ထားပါတယ်။ ဒီနည်းလမ်းတွေက ဘာတွေလဲ။ ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တကယ်ဖြည့်ဆည်းပေးနိုင်မှာလား။ ဒါတွေနဲ့ပတ်သက်လို့ လျှပ်စစ်ပညာရှင်တဦးဖြစ်တဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ(ငြိမ်း) ဦးအောင်ခိုင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ပြီးခဲ့တဲ့ ဧပြီလကစပြီးတော့ ရန်ကုန်မြို့ အပါအ၀င် တနိုင်ငံလုံးမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေက တော်တော်လေး ဖြစ်နေပါတယ်။ ဒါက ဘာ့ကြောင့်ဆိုတာကို ဆရာ့အနေနဲ့ သုံးသပ်ချက်လေး ပြောပေးပါခင်ဗျ။

ဖြေ - ကျနော်တို့နိုင်ငံမှာ မဟာဓာတ်အားလိုင်းစနစ်ဆိုပြီးတော့ System လို့ အခု ခေါ်နေတဲ့ ၂၃၀ ကေဗွီရယ်၊ ၁၃၂ ကေဗွီရယ် အဲ့ဒီဓာတ်အားလိုင်းတွေနဲ့ တနိုင်ငံလုံးကို ဖြန့်ပြီးတော့ ဓာတ်အားစနစ်ဆိုတဲ့ System ကြီးကို လုပ်ထားတယ်။ ဒီ မဟာဓာတ်အားလိုင်း စနစ်ကြီးကို ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေ၊ နောက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတရုံ ရှိပါတယ်။ အဲ့ဒီ ဓာတ်အားပေးစက်ရုံတွေက ထုတ်လုပ်ပေးတဲ့ ဓာတ်အားကို ဒီ မဟာဓာတ်အားလိုင်းစနစ်ပေါ့နော်၊ ဒီစနစ်ထဲကို ဓာတ်အားတွေ ပို့လွှတ်ပေးပါတယ်။ ပို့လွှတ်ပြီးတော့မှ ဒီဓာတ်အားတွေမှတဆင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းတွေမှာ ၂၃၀ ကေဗွီနဲ့၊ ၁၃၂ ကေဗွီကနေပြီးတော့ ၆၆ ကေဗွီနဲ့ ၃၃ ကေဗွီလို့ခေါ်တဲ့ ဗို့အားအဆင့်ကို ပြန်နှိမ့်ချပြီးတော့ မြို့တွေရွာတွေကို မီးထပ်ပြီးတော့ လွှတ်ပေးတာပေါ့။ ဆိုတော့ ဒီဥစ္စာက ဘာနဲ့တူလဲဆိုတော့ ဓာတ်အားပေးစက်ရုံတွေက ထုတ်ပြီးတော့ မဟာဓာတ်အားလိုင်းထဲကို ထည့်ပေးတယ်။ ဒီဓာတ်အားပေးစနစ်ကြီးကနေပြီးတော့ ပြန်ထုတ်ပြီးမှ ပြည်နယ်၊ တိုင်းတွေမှာ သုံးတယ်ဆိုတာ လက်ရှိ ကျနော်တို့နိုင်ငံမှာ ပေးနေတဲ့ပုံစံပေါ့။

ကျနော်တို့က တနှစ်ကို ပျှမ်းမျှခြင်းအားဖြင့် ၁၅ ရာခိုင်နှုန်းနဲ့အထက်ကို ပိုပိုပြီးတော့ သုံးလာတာ ရှိပါတယ်။ ဆိုတော့ ဒီလို ပုံမှန်တက်နေတဲ့အပြင် ဒီနှစ် နွေရာသီက လူတွေတင်မဟုတ်ဘူး၊ ကျနော်တို့ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံလေးတွေ၊ အဲ့ဒီမှာရှိနေတဲ့ လျှပ်စစ်ပစ္စည်းတွေလည်းပဲ ဘယ်စက်ပစ္စည်းမဆို အပူချိန်ကို ကြောက်ပါတယ်။ အပူချိန်တွေ အရမ်းမြင့်လာတဲ့အခါ စက်ပစ္စည်းတချို့ ချို့ယွင်းတယ်၊ ပျက်စီးတယ် ဆိုတဲ့ဟာတွေလည်း ဖြစ်ပါတယ်။ မီးပျက်တာတွေ များလာတယ် ဆိုတဲ့အခါမှာ ကျနော်ပြောတဲ့ ဒီဓာတ်အားစနစ်က ဖြစ်တဲ့အပြစ်မျိုး၊ ဒါ System Break Down လို့ ပြောနေကြတဲ့ဟာ၊ ဒီလိုရှိသလို ဓာတ်အားခွဲရုံ ဓာတ်အားလိုင်းတွေမှာ ဒီအပူဒဏ်၊ မီးသုံးများလာတဲ့ဒဏ် မခံနိုင်လို့ ချို့ယွင်းပျက်စီးတဲ့ဟာကြောင့် မီးပျက်တာတွေလည်း ရှိပါတယ်။ ဆိုတော့ ဒါ အကုန်လုံးရောပြီး ဖြစ်တဲ့သဘောပါပဲ။

ကျနော်မြင်တဲ့ အမြင်အရ ပြောမယ်ဆိုရင် တနိုင်ငံလုံး ဓာတ်အားအသုံးပြုတာရဲ့ ၅၀ ရာခိုင်နှုန်းလောက်သုံးတဲ့ ရန်ကုန်မြို့ တောင်ဘက်အစွန်ဆုံးမှာ ရောက်နေတယ်။ ဓာတ်အားပေး စက်ရုံကြီးတွေ တော်တော်များများသည် ရွှေလီ၊ ရဲရွာ၊ ပေါင်းလောင်း စတဲ့ ဓာတ်အားပေး စက်ရုံကြီးများသည် မြောက်ဘက်မှာ ရှိနေတယ်။ ဆိုတော့ ဓာတ်အားစနစ်ရဲ့ ဖွဲ့စည်းပုံကို ပြန်ကြည့်တဲ့အခါကျတော့ မြောက်ဘက်မှာထုတ်တဲ့ ဓာတ်အားတွေ အကုန်လုံးသည် အများဆုံးသုံးတဲ့ တောင်ဘက်ကို ခုနက ၂၃၀ ကေဗွီ ဓာတ်အားလိုင်းတွေနဲ့ ဆက်သွယ်ပြီးတော့ ပေးရတဲ့အခါကျတော့ အထက်ဘက်က ဓာတ်အားလိုင်းဘက်မှာ တခုခုဖြစ်ခဲ့လို့ရှိရင် အသုံးများတဲ့ ရန်ကုန်ရဲ့မီးကို မနိုင်တဲ့အတွက် ဒီဓာတ်အားထဲမှာရှိတဲ့ လိုင်းတွေ အကုန်လုံး ဓာတ်အားပြတ်တောက်သွားတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ System Break Down ဆိုတာ ဖြစ်ဖြစ်လာတာပါ။ ဒါက System Break Down ကြောင့် ဖြစ်တယ်ဆိုတဲ့ မီးပြတ်ခြင်းပေါ့။ ကျန်တဲ့ဟာက ခုနကပြောသလို ပြည်နယ်၊ တိုင်း အလိုက်မှာရှိနေတဲ့ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁  ကေဗွီ၊ ၆ ဒသမ ၆ ကေဗွီဆိုတဲ့ ဓာတ်အားပေးတဲ့စနစ်တွေနဲ့ ဓာတ်အားခွဲရုံတွေမှာ အပြစ်ဖြစ်ခဲ့တယ်။ ဒီနှစ်က အပူများလို့၊ ပိုပြီးတော့ မီးသုံးများလို့ ပိုပြီးအပြစ်ဖြစ်တယ်လို့ ပြောမယ်ဆိုလည်းရတယ်။ ဒါကြောင့်လည်းပဲ မီးပြတ်တယ်ဆိုတာ ဖြစ်ပါတယ်။

မေး - ဒါနဲ့ တဆက်စပ်တည်းပေါ့နော်။ အခုလိုမျိုး ဖြစ်နေတာတွေက ကျနော်တို့ အခုသုံးနေတဲ့ ဓာတ်အားစနစ်တွေအတွက်ကို သုံးနေတဲ့ ပစ္စည်းတွေက နှစ်ကာလကြာရှည်လာလို့ ချို့ယွင်းချက်တွေ ရှိတာလား။ ဒါမှမဟုတ် နည်းပညာ လိုအပ်ချက်တွေများ ရှိလာတာလား။ အဲ့ဒီအပိုင်းလေးလည်း ဆွေးနွေးပေးပါဦးဆရာ။

ဖြေ - နည်းပညာလိုအပ်ချက်အရ ပြောမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံက အင်ဂျင်နီယာတွေ သူများထက် မနိမ့်ပါဘူး။ နည်းပညာအရကော နဂိုရှိတဲ့ အရည်အချင်းအရကော သူများထက် မနိမ့်ပါဘူး။ သို့သော် ကျနော်တို့သုံးခဲ့ရတဲ့ ပစ္စည်းတွေ အကုန်လုံးက ကောင်းမွန်တဲ့၊ ကြာရှည်ခံတဲ့၊ စိတ်ချရတယ်ဆိုတဲ့ ဒီလိုပစ္စည်းမျိုးတွေ မသုံးခဲ့ရတာ များပါတယ်။ ဒါကတော့ စနစ်ပေါ်မှာ မူတည်တာပေါ့နော်။ ဆိုတော့ ပိုက်ဆံမသုံးနိုင်ရင် သက်သာတဲ့ပစ္စည်း၊ အရည်အသွေးမမီတဲ့ ပစ္စည်းတွေ၊ အလုပ်ဖြစ်ရင် ပြီးရောဆိုပြီးတော့ သုံးခဲ့ရတာတွေ ရှိပါတယ်။ ၀ယ်ပြီး သုံးခဲ့ရတာပေါ့။ ထိုနည်းလည်းကောင်းပဲ၊ အရင်တုန်းက ရှိနေတဲ့ပစ္စည်းတွေ၊ မကောင်းတာတွေ အသစ်ဝယ်လဲဖို့ အတွက်လည်း အခုနကလို ရန်ပုံငွေလုံလောက်မှု မရှိတာတွေက တော်တော်လေး ကြုံခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီပစ္စည်းတွေနဲ့ ပတ်သက်လို့ အရင်တုန်းကတော့ Quality ကို ဦးစားပေး မဟုတ်ပေမယ့် အခုနောက်ပိုင်းကိုတော့ စနစ်တခုခုနဲ့ပေါ့နော်၊ တနည်းနည်းနဲ့ ကောင်းတဲ့ပစ္စည်းတွေကို သုံးနိုင်အောင်၊ ပိုပြီးစိတ်ချရတဲ့ ပစ္စည်းတွေ သုံးနိုင်အောင် ဆက်ပြီးတော့ စီစဉ်သွားဖို့ သင့်တယ်လို့ ဒီလိုတော့ ကျနော်ပြောချင်ပါတယ်။

မေး - ဒါ အစိုးရပိုင်း၊ သက်ဆိုင်ရာပိုင်းက လုပ်ကိုင်ဆောင်ရွက်ရမှာ တပိုင်းပေါ့။ ဆရာ့အနေနဲ့က လျှပ်စစ်ပညာရှင်အနေနဲ့ အကြံပြုစာတခုကို ဧပြီလနောက်ဆုံးပတ်က လျှပ်စစ်ဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း လျှပ်စစ်ဝန်ကြီးတွေဆီကို လိပ်မူပြီးတော့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြံပြုစာနဲ့ ပတ်သက်ပြီးတော့၊ ဒီအကြံပြုစာက ဘာအကြောင်းအရာတွေ ပါတယ်ဆိုတာ ဆရာ အရင်ဆုံး ပြောပြပေးပါခင်ဗျ။

ဖြေ - ကျနော်က စဉ်းစားတယ်။ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ဘယ်လိုနည်းတွေနဲ့ လုပ်မလဲဆိုတာ၊ ကျနော် အခု အကြံပြုတဲ့ ဂျက်စ်အင်ဂျင်ဆိုတဲ့ ဂျင်နရေတာတွေက တည်ဆောက်ချိန် အင်မတန် တိုတောင်းပါတယ်။ ၆ လ၊ ၇ လနဲ့ အပြီးဆောက်သွားတဲ့ စက်ရုံတွေ ရှိပါတယ်။ ကျနော်တို့ ဓာတ်အားစနစ်ထဲမှာ သုံးနေပါပြီ၊ ဂျက်စ်အင်ဂျင် ပါဝါစတေရှင် ခေါ်တာပေါ့နော်၊ ဂျက်စ်အင်ဂျင်ပါဝါပလန့်တွေ ဆောက်ချိန်၊ အချိန်တိုရမယ်။ ဘာဖြစ်လို့ဆိုတော့ ကျနော်တို့ အစိုးရ ရတဲ့ ၅ နှစ်အတွင်းမှာ ပထမ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်မှာ တကယ့်ကို အကောင်အထည်ပေါ်ပြီးတော့ အကျိုးဖြစ်ထွန်းတဲ့ လုပ်ငန်းကြီးတခုကို ကျနော်က ဖြစ်စေချင်တယ်။ ရန်ကုန်မြို့မှာ ဒီလောက် မီးသုံးများနေတာ အခု ၁၂၅၀ မဂ္ဂါဝပ် ရှိနေတယ်။ အဲ့ဒီဟာနဲ့ညီမျှတဲ့ ဓာတ်အားပေးစက်ရုံတွေ တည်ထားခဲ့ရင်တော့ အခု ရန်ကုန်မှာဖြစ်နေတဲ့ Voltage ကျနေတဲ့ကိစ္စ၊ ရန်ကုန်မှာဖြစ်နေတဲ့ Frequency ကျတဲ့ကိစ္စ၊ ရန်ကုန်မှာဖြစ်နေတဲ့ လော့စက်စ် များတဲ့ကိစ္စ ဒီဟာတွေသည် ရန်ကုန်မှာ အခုနကပြောတဲ့ ၁၂၀၀ မဂ္ဂါဝပ်လောက်ရှိတဲ့ ပါဝါစတေရှင်တွေ ဆောက်ပြီးတော့ ထောက်ထားပေးလို့ရှိရင် ကြားလယ်ခေါင်က အခုနကပြောတဲ့ မြောက်ဘက်ကနေ တောင်ဘက်ကိုလာတဲ့ လိုင်းတွေမှာရှိတဲ့ ဓာတ်အားပျောက်ဆုံးမှုတွေ ဘာတွေလည်း အကုန်လျော့ကျသွားမယ်။ တစုံတရာ အပြစ်ဖြစ်ခဲ့ရင်လည်း ရန်ကုန်က ကိုယ့်စက်ပေါ်မှာပဲ ကိုယ်ကနေပြီးတော့ ကျန်ခဲ့မယ်။ နယ်မှာရှိတဲ့ လိုင်းတလိုင်းပြုတ်၊ တလိုင်းပဲ အပြင်ထွက်သွားမယ်။ ကျန်တဲ့ဟာတွေ ငြိမ်ကျန်ခဲ့မယ်။ ဆိုတော့ ဒီဟာက ကျွမ်းကျင်မှုပိုင်းက စဉ်းစားရင်လည်း Justify ဖြစ်တဲ့အလုပ် ဖြစ်ပါတယ်။

ဆိုတော့ ကျနော်က ဒီဟာကို ခေါင်းထဲရောက်လာပြီးတော့ အစိုးရကို တင်ပြမယ်။ တင်ပြတဲ့နေရာမှာလည်းပဲ မြန်မာနိုင်ငံအတွက် Natural Resources ပေါ့နော်။ ဓာတ်အားထုတ်ဖို့အတွက် Energy Resources က ဘာတွေရှိလဲ။ ချက်ချင်းလုပ်လို့ရတာ ဘာရှိနိုင်လဲ။ ရေအားလုပ်မလား ၈ နှစ်၊ ၁၀ နှစ်ကြာမယ်။ ကျောက်မီးသွေးစက်ရုံ တည်မလား၊ ပထမဆုံးတွေ့မယ် လူထုနဲ့ ER တွေ SR တွေ  အကုန်လုပ်ရမယ်။ တည်ဆောက်ချိန်လည်း လေးငါးခြောက်နှစ်ကြာမယ်၊ ဒါလည်း မကိုက်သေးဘူး။ ဂက်စ် ဘယ်တော့ရမလဲ၊ ၂၀၂၀ အထိ နောက်ထပ် ဂက်စ်ရမယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဆိုတော့ ဒီကြားထဲမှာ ဂက်စ်နဲ့ အလားသဏ္ဌာန်တူတဲ့ LNG (Liquify Natural Gas) ကို ဒါကို ပုဂ္ဂလိကကို သွင်းခိုင်းပြီးတော့ သူတို့က ပုဂ္ဂလိကစက်နဲ့ မောင်းပြီးတော့ ချက်ချင်းပေးလိုက်လို့ရှိရင် မီးပြဿနာတွေ ပြေလည်သွားမယ်။ တခုပဲရှိတယ် ဓာတ်အားခနှုန်းထားကိစ္စ၊ နိုင်ငံတော်က ဘယ်လောက်စိုက်ပေးနိုင်မလဲ။ လူထုကကော ဘယ်လောက် တက်ပေးနိုင်မလဲ။ မီး လုံလုံလောက်လောက်ရမယ်ဆိုရင် ဘယ်လိုနေမလဲ။ ဒါလေးတွေပဲ လုပ်ဖို့ရှိတယ်။ ဒါလေးကိုတော့ ရေးပြီးတင်လိုက်မယ်။ ဒီကိစ္စက အခုမှ ကျနော့်ခေါင်းထဲပေါ်လာတဲ့ကိစ္စ မဟုတ်ဘူး။ ၂၀၁၃ ခုနှစ်တည်းက ကျနော် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ လုပ်နေစဉ်ကတည်းက LNG ကို သွင်းပြီးတော့ ဓာတ်အားပေးစက် မောင်းမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်ဆိုတဲ့ ဟာတွေကို စွမ်းအင်ကော်မရှင်လို့ခေါ်တာပေါ့ အရင်တုန်းက၊ အဲ့ဒီကို တင်ပြတဲ့အခါကျတော့ ဈေးကများတယ်ဆိုပြီးတော့ ဖယ်လိုက်တာ။ ကျနော်ပြောချင်တာ လမ်းတ၀က် ကျနော် ရောက်ခဲ့ပြီးပြီ။ ဒါပေမယ့် ဒါ ရှေ့ဆက်လုပ်ခွင့် မရလိုက်ဘူး။ အကယ်၍သာ ၂၀၁၃ လောက်တုန်းက ဒီပရိုဂရမ်ကို ဆက်ပြီးတော့ လုပ်နိုင်မယ်၊ ဒီပလန်ကို ဆက်ပြီး အကောင်အထည် ဖော်နိုင်မယ်ဆိုရင် ဒီနေ့ဒီအချိန် ဒီလိုဖြစ်မှာမဟုတ်ဘူးလို့ အဲ့ဒီလိုလည်း တွေးတာပေါ့နော်။

မေး - အဲ့ဒါဆိုရင် ဒီ LNG သွင်းပြီး လုပ်မယ်ဆိုရင် ဒီစနစ်က ရန်ကုန်မြို့အတွက်ကို ဖြစ်နိုင်တယ်၊ အများကြီး အဆင်ပြေနိုင်တယ်ပေါ့။ အဲ့ဒီအခါကျတော့ ဆရာ ဒီစနစ်ကို ဖော်ဆောင်ဖို့အတွက် တခြားကုန်ကျစရိတ်တွေလည်း ရှိမှာပေါ့။ အဲ့ဒီအခါကျတော့ ဆရာအကြံပြုထားတာတော့ ပုဂ္ဂလိကကို တင်ဒါစနစ်နဲ့ လုပ်ခိုင်းလို့ ရတယ်ပေါ့နော်။ အဲ့ဒီပုံစံကိုတော့ ဘယ်လိုမျိုး လုပ်သင့်တယ်  ဆိုတာလေးကိုလည်း ထပ်ပြီးတော့ ဖြည့်စွက်ပြောပေးပါဦးဆရာ။

ဖြေ - ကျနော်တို့ IPP လို့ခေါ်တဲ့ Independent Power Producer ပေါ့။ IPP လို့ခေါ်တဲ့ဟာတွေ အကုန်လုံးသည် လွန်ခဲ့သော ၂ နှစ်၊ ၃ နှစ်ကတည်းက ကျနော်တို့နိုင်ငံမှာ လုပ်နေပြီ။ သဘာဝဓာတ်ငွေ့သုံး IPP တွေရှိတယ်။ ဂက်စ်တာဘိုင်ပလန့်တွေ ရှိတယ် ကျနော်တို့ဆီမှာ။ ရန်ကုန်မှာကို ၄ နေရာမှာ လုပ်ထားတယ်။ နောက် နယ်မှာ သောက်ရေသန့်ဆိုတာ ပုဂ္ဂလိကကို ပေးပြီးတော့လုပ်တဲ့ ရေအားလျှပ်စစ် IPP ပဲ။ ဆိုတော့ ကျနော်တို့က IPP ပေးတယ်ဆိုတဲ့ ကိစ္စက အခုမှ အသစ်အဆန်း မဟုတ်ဘူး။ လုပ်နေကျကိစ္စ။ ဈေးနှုန်းတွေလည်း ညှိဖူးတယ်။ ဒီလိုလုပ်ခဲ့ဖူးတဲ့ ပညာရှင်တွေလည်းရှိတယ် ကျနော်တို့မှာ။ ဆိုတော့ ဒီဟာက ပုဂ္ဂလိက၊ ပုဂ္ဂလိကလို့ပြောတယ်။ ဘယ်တိုင်းပြည်မှာဖြစ်ဖြစ် ကြည့်လိုက် ကဏ္ဍစုံမှာ နိုင်ငံတော် တာဝန်မယူနိုင်ဘူး။ ပုဂ္ဂလိက ကဏ္ဍတွေက အကုန်ဝိုင်းပြီးတော့လုပ်မှ တိုးတက်တာပါ။ စနစ်တကျလုပ်မယ်ဆိုရင် ကောင်းကောင်းမွန်မွန် ဖြစ်သွားနိုင်တဲ့ အစီအစဉ်လေးပါ။

မေး - ရန်ကုန်မြို့ကို လျှပ်စစ်မီး ဖူလုံသွားစေနိုင်မယ်ပေါ့ ဆရာ။

ဖြေ - ဖူလုံနိုင်တာပေါ့။ ရန်ကုန်ပတ်လည်မှာကို တည်ရမှာ။ အဲ့တော့ ရန်ကုန်မြို့က ငြိမ်နေမယ်။ ဖူလုံရုံတင် မဟုတ်သေးဘူး။ လျှပ်စစ်ဓာတ်အားသုံးတာ ငြိမ်နေမယ်ပေါ့။ ကျနော်တို့နိုင်ငံကို လျှပ်စစ်မီး ပြည့်ပြည့်၀၀ ဖူဖူလုံလုံ ပေးနိုင်ပြီဆိုရင် အကျိုးဆက်အနေနဲ့ ကျနော်တို့ ဘာရမလဲ။ နံပါတ်တစ် လက်ရှိ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဟိုတယ်တွေကော၊ ခရီးသွားလုပ်ငန်းတွေကော၊ စက်မှုလက်မှုလုပ်ငန်းတွေကော အကုန်ဖွံ့ဖြိုးတိုးတက်လာမယ်။ မီးကြောင့် တုံ့ဆိုင်းနေတဲ့ဟာတွေပေါ့နော်။ နောက်တခု နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ခေါ်လို့ရပြီ။ FDI တွေ ၀င်လို့ရပြီ။ ဒါက လောလောဆယ် မြင်ရမယ့် အကျိုးကျေးဇူး။ မမြင်ရမယ့် အကျိုးကျေးဇူးတွေက ဘာတွေလဲ၊ အင်မတန် အရေးကြီးပါတယ်၊ မမြင်ရသေးတဲ့ အကျိုးကျေးဇူးက ဒါတွေဖွံ့ဖြိုးလာတဲ့ အခါကျတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးဝင်လာမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရတဲ့အတွက် ကျနော်တို့ နိုင်ငံသားတွေ အလုပ်အကိုင်တွေရမယ်။ လစာတွေရမယ်။ နိုင်ငံခြားသွားပြီးတော့ အလုပ်မရှိလို့ သွားလုပ်နေရတဲ့သူတွေ ဒီမှာ ပြန်လာပြီးတော့၊ ပညာတတ်တဲ့ကလေးတွေ Brain Drain ဖြစ်နေတဲ့ကလေးတွေ ပြန်လာလို့ရတယ်။ လူတွေအလုပ်ရပြီ၊ တိုင်းပြည်စီးပွားရေး ကောင်းလာပြီဆို ဘာဖြစ်မလဲ။ ဂျီဒီပီတွေ တက်လာမယ်။ ဆင်းရဲနွမ်းပါးမှုတွေ လျှော့ချနိုင်မယ်။ နောက်က လိုက်လာမယ့်ဟာတွေက မမြင်နိုင်တဲ့ဟာတွေက အများကြီးတိုးတက်လာမယ်။

မေး - အခု ဒါ လျှပ်စစ်မီး ရန်ကုန်မြို့အပါအ၀င် တနိုင်ငံလုံး ပြတ်တောက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ အကြံပြုချက်တွေလည်း ပေးပို့ထားတယ်။ ဘယ်လိုလုပ်ရင် ကျနော်တို့နိုင်ငံအတွက်ကို ဆက်တိုက် လျှပ်စစ်မီးရနိုင်တယ်။ ဘယ်လောက်ဖွံ့ဖြိုးမယ် ဆိုတာတွေလည်း ဆရာ အကြံပြုထားတာတွေလည်း ရှိတယ်ပေါ့နော်။ အဲ့ဒီအခါကျတော့ လျှပ်စစ်ပညာရှင်တဦးအနေနဲ့ အခု လျှပ်စစ်သုံးစွဲနေတဲ့ အများပြည်သူတွေကို ဆရာ့အနေနဲ့ အကြံပြုစကားလေး ပြောကြားချင်တာရှိရင်လည်း ပြောပေးပါဦးဆရာ။

ဖြေ - ကျနော် အကြံပေးချင်တာက ပြည်သူကို အသိပေးချင်တဲ့ မက်ဆေ့ခ်ျက ကျနော်တို့အားလုံး ညီညီညာညာနဲ့၊ တိုင်တိုင်ပင်ပင်နဲ့ ဘယ်နည်းလမ်းတွေရှိသလဲ။ ပြည်သူအားလုံးသည် ရနိုင်သမျှသော နည်းလမ်းနဲ့ သုံးပြီးတော့ လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်မှာ ဖူလုံပြည့်လျှံသွားအောင် အဲ့ဒီဟာကို အရင်ဆုံးလုပ်လိုက်မှ၊ နောက်က သက်ဆိုင်ရာကဏ္ဍတွေ အကုန်လုံး ဖွံ့ဖြိုးတိုးတက်ပြီးတော့ ပြည်သူတွေအားလုံး ဒီအသီးအပွင့်တွေကို ခံစားရမှာ ဖြစ်ပါတယ်။ အားလုံးညှိနှိုင်းပြီးတော့ ကောင်းတဲ့အလုပ်ကို လုပ်ကြပါလို့ ကျနော်တော့ ဒီလိုပဲ တိုက်တွန်းအကြံပြုချင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013