DVB Logo
Home
Lead Story
အစိုးရသစ်က အလုပ်အကိုင်အခွင့်အလမ်းကို ပိုပြီးဖန်တီးပေးပါ - ဦးနော်အောင်
DVB
·
May 11, 2016
အစိုးရသစ်က အလုပ်အကိုင်အခွင့်အလမ်းကို ပိုပြီးဖန်တီးပေးပါ - ဦးနော်အောင်
Donate to DVB

အပြောင်းအလဲတွေကို ဖော်ဆောင်မယ်လို့ ကြွေးကြော်ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ အလုပ်သမားတွေကလည်း သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ လူနေမှုဘ၀တွေ ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ အပြောင်းအလဲကို ဖော်ဆောင်မှုစတင်နေတဲ့ အစိုးရသစ်အတွက် သူတို့တတွေရဲ့ ဆန္ဒ၊ မျှော်လင့်ချက်တွေနဲ့ပတ်သက်လို့ ခြုံငုံသိရှိနိုင်အောင် မြန်မာနိုင်ငံစက်မှု လက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနော်အောင်ကို ဆက်သွယ်မေးမြန်းပါတယ်။

မေး။ ။ အစိုးရသစ်အပြောင်းအလဲဖြစ်ပြီး တလကျော်အတွင်း အလုပ်သမားတွေနဲ့ပတ်သက်လို့ ထူးခြားမှု ဘာတွေရှိလဲခင်ဗျ။

“ထူးတာလေးတွေရှိသလို မထူးတာလေးတွေလည်းရှိပါတယ်။ ဥပမာ အစိုးရသစ်အပြောင်းအလဲမှာ လိုလားချက်တွေ ဆန္ဒပြရေးနဲ့ပတ်သက်လို့ အောင့်အည်းထားတာလေးတွေရှိတာပေါ့။ နောက်ပြီးတော့ အရင်အစိုးရတုန်းကဆိုရင် သပိတ်စစ်ကြောင်းတွေဆိုရင် နေပြည်တော်ချီတက်ဖို့ဆိုရင် မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် အခု အလုပ်သမားတွေကတော့ စစ်ကိုင်းကအလုပ်သမားကတော့ နေပြည်တော်ရောက်အောင် ချီတက်သွားပြီပေါ့။ လမ်းမှာတော့ ရိုက်ဟယ်၊ ဖမ်းဟယ်တော့ မရှိဘူးပေါ့ဗျာ။ ဒီအစိုးရရဲ့ ထူးခြားချက်လေးပေါ့ဗျာ။ အဲဒါလေးလည်း ထူးခြားပါတယ်။ အောင့်အည်းနေတာလည်း ထူးခြားတာပေါ့ဗျာ။ တချို့တွေကလည်း အောင့်အည်းကြတာပေါ့။ အစိုးရသစ်ကာလကို ကြည့်ချင်သေးတာပေါ့။ ဒီလိုဗျာ ပြောရင်ကွာ စစ်အစိုးရနဲ့ စစ်အစိုးရ ပုံပြောင်းပေါ့ဗျာ အဲဒါကတွေက ကာလတွေက အများကြီးဖြတ်ကျော်လာခဲ့တယ်လေ။ ဆိုတော့ အခုမှ အရပ်သားအစိုးရ ဒီတခါမှတက်လာတော့ သူတို့အပေါ်ကို မေတ္တာရှိတာက တကြောင်းပေါ့ဗျာ၊ သူတို့ကို ယုံကြည်ထားတာကတကြောင်းပေါ့ဗျာ၊ လုပ်နိုင်မယ်လို့ ယုံကြည်ထားတာတကြောင်းပေါ့၊ အဲဒါကြောင့်မို့ အကုန်လုံးက လောလောဆယ် ကာလတိုအတွင်းမှာတော့ အရမ်းကြီးမပြောဖို့၊ အရမ်းကြီးမလုပ်ဖို့လည်း အကုန်လုံးက ၀ိုင်းထိန်းနေကြတာပေါ့။”

မေး။ ။ အလုပ်သမားတွေအနေအထားနဲ့ အစိုးရကို ဘာပြောစရာတွေရှိမလဲ၊ ဥပမာ-နေရေး ထိုင်ရေး လိုင်းခန်းတွေလိုမလား၊ လစာတိုးမြှင့်ရေးက အရေးတကြီးလိုအပ်လား စသဖြင့် ဘာတွေပြောစရာရှိမလဲ။

“ဟုတ်ကဲ့၊ ပြောမယ်ဆိုရင်တော့ ကျနော်တို့ လူမှုဖူလုံရေးက ပိုက်ဆံတွေကလေ ကျနော်တို့ အလုပ်ရှင်၊ အလုပ်သမားထည့်ထားတဲ့ပိုက်ဆံတွေလေ။ ဆိုတော့ အဲဒီပိုက်ဆံတွေနဲ့ လိုင်းခန်းတွေ ဆောက်ပေးဖို့တော့ လိုအပ်နေတယ်လို့ ကျနော်တို့ကတော့ ပြောချင်တာပေါ့ဗျာ။ အစိုးရဆီကနေ ဘတ်ဂျက်ထုတ်ပြီးတော့မှလုပ်စရာမလိုဘဲ လူမှုဖူလုံရေးကနေ လုပ်လို့ရတယ်လေ။ ဒါပေမယ့်လုပ်တဲ့အချိန်မှာ အရင်အစိုးရတုန်းက လုပ်မယ်လို့ သူတို့စိုင်းပြင်းလိုက်သေးတယ်။ ဒါပေမယ့် နောက်ဆုံး သူတို့အာဏာလွှဲတဲ့အထိတော့ သူတို့အကောင်အထည်ဖော်မသွားဘူးပေါ့ဗျာ။ အဲဒီတုန်းက သူတို့ရဲ့စိတ်ကူးကဘာတုန်းဆိုတော့ တိုက်ခန်းတွေဆောက်မယ်၊ ဆောက်ပြီးတော့မှ စက်ရုံတွေကိုရောင်းမယ်၊ စက်ရုံပိုင်ရှင်တွေကို ရောင်းမယ်ပေါ့ဗျာ။ ဒါမှမဟုတ် စက်ရုံပိုင်ရှင်တွေက အာမခံတဲ့အလုပ်သမားတွေကို ရောင်းမယ်ပေါ့ဗျာ အဲဒီပုံစံမျိုးနဲ့။ ကျနော်တို့က အဲလိုလုပ်မှာထက် ငှားတာက ပိုပြီးအဆင်ပြေလိမ့်မယ်လို့ ။ ဥပမာဗျာ စက်ရုံပိုင်ရှင်က တာဝန်ယူပြီးတော့ ငှားပေးတာပဲဖြစ်ဖြစ်၊ နောက်ပြီးတော့ အလုပ်သမားတဦးချင်းက ငှားတာပဲဖြစ်ဖြစ်၊ အဲလိုမျိုး လူမှုဖူလုံရေးဝန်ထားတဲ့ အလုပ်သမားတွေ ငှားတဲ့ဟာမျိုးလေးတော့ လုပ်စေချင်တာပေါ့။ အဲဒါ တခုပေါ့ဗျာ။
“လုပ်ခလစာပေါ်မှာကျတော့ ကျနော်က ဒီလိုလုပ်စေချင်တယ်၊ အခု ကျနော်တို့က မျှော်လင့်ထားတာက အန်အယ်လ်ဒီ အစိုးရတက်လာလို့ရှိရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေလာမယ်လို့ ကျနော်တို့က မျှော်လင့်ထားတာလေ။ ရင်းနှီးမြှုပ်နှံမှုကလည်း လူအရင်းအမြစ်ကို အသုံးချတဲ့ ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးပြီးတော့ ခေါ်စေချင်တယ်ပေါ့ဗျာ။ သယံဇာတကိုပဲထုတ်တဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘဲနဲ့ လူအရင်းအမြစ်ကိုသုံးတဲ့ ရင်းနှီးမြှုပ်နှံမှုပေါ့ (အတတ်ပညာသင်ကြားလေ့ကျင့်ပေးပြီး ကျွမ်းကျင်လုပ်သားတွေ ပေါ်ပေါက်လာစေဖို့ရည်ရွယ်တဲ့)။ အဲဒါကလည်း မူဝါဒရှိပါတယ်။ အရင်အစိုးရတွေလည်း မူဝါဒရှိပါတယ် သူက ပထမ တနှစ်ကို ကိုယ့်နိုင်ငံသားကို ၂၅ ရာခိုင်နှုန်း သုံးရမှာ။ ဒုတိယနှစ်ကျတော့ ၅၀ ရာခိုင်နှုန်းသုံးရမှာ။ တတိယနှစ်ကျတော့ ၇၅ ရာခိုင်နှုန်းသုံးရမှာဆိုတဲ့ မူဝါဒတွေရှိပါတယ်။ အဲဒါကို အကောင်အထည်ဖော်ပေးဖို့ လိုအပ်တာပေါ့ဗျာ။ ဥပမာပြောရရင် ကားထုတ်လုပ်ရေး ကုမ္ပဏီတို့ပေါ့ဗျာ။ တကယ်လို့ အဲလိုမျိုးတွေ ၀င်လာလို့ရှိရင်တော့ ကျနော်တို့ ပြည်တွင်းမှာ အဲလိုမျိုးကျတော့ ကျွမ်းကျင်ဝန်ထမ်းတွေ ရှားတယ်လေ။ အဲဒါမျိုးကျတော့ သူက နိုင်ငံခြားသားပဲ ခေါ်သုံးလိမ့်မယ်။ ဒါပေမယ့် ခေါ်သုံးတဲ့ဟာကို အစိုးရမူဝါဒအနေနဲ့ကလည်း ပထမနှစ်က ဘယ်လောက်၊ ဒုတိယနှစ်ကဘယ်လောက်၊ တတိယနှစ်က ဘယ်လောက်ဆိုတဲ့ဟာ လုပ်ဖို့လိုတာပေါ့။ အဓိက လုပ်ခလစာမလောက်ငမှုဟာ နည်းတယ်လို့ ပြောတာထက် အလုပ်အကိုင်အခွင့်အလမ်းရှား၊ နည်းတာကို ကျနော်က ပိုပြီးတော့မှ ပြောချင်တာပေါ့ဗျာ။ တကယ်လို့သာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လုပ်သားဈေးကွက်နဲ့က၊ အလုပ်အကိုင်အခွင့်အလမ်းက အလုပ်အကိုင်ဈေးကွက်ထက်ကြီးနေလို့ရှိရင် လုပ်သားတွေကို လုကြလိမ့်မယ်ပေါ့ဗျာ၊ အပြိုင်အဆိုင်ခေါ်ကြမှာပေါ့ဗျာ။ အပြိုင်အဆိုင်ခေါ်ရင် အလုပ်သမားတွေရဲ့ လစာ တက်လိမ့်မယ်။ အဲဒီလိုတက်တဲ့ဟာက ကုန်ဈေးနှုန်းကို သွားမရိုက်ခတ်ဘူး။ ကျနော်တို့က အဲလိုတိုးတာကို လိုချင်တယ်။ အစိုးရအနေနဲ့ အတင်းအကျပ်တိုးတဲ့ဟာမျိုးကျတော့ ရှင်းရှင်းပြောရရင် အရှေ့မှာလည်း ၃၆၀၀ တုန်းကလည်း ကျနော်တို့ ခံခဲ့ပြီးပြီလေ။ ရှေ့မှာသာ ၃၆၀၀ ပေးလိုက်တာ ပြီးလည်းပြီးရော ကုန်ဈေးနှုန်းက ၂ ဆလောက်တက်သွားတယ်။ အဲဒီတော့ ပေးတော့ပေး၏ မရ ဆိုတာမျိုးပေါ့ဗျာ။ ကျနော်တို့ အဲဒါမျိုးတော့ မလိုချင်တော့ဘူး။ ဖြစ်သင့်တာကတော့ အလုပ်အကိုင်အခွင့်အလမ်းကို ပိုပြီးဖန်တီးပေးပါ။ မဖန်တီးနိုင်ခဲ့ရင် တခြားနည်းလမ်းတော့ စဉ်းစားဖို့လိုတာပေါ့ဗျာ။ ဥပမာ အလုပ်သမားတွေကို နိုင်ငံခြားထွက်ပေါ့ဗျာ။ နိုင်ငံခြားထွက်လုပ်ခွင့်ကို အရင်ထက်ပိုပြီးတော့ လွယ်ကူအောင် ထွက်ခွင့်ပေးဖို့လိုတယ်။ ပြီးတော့ ထွက်သွားလို့ရှိရင်လည်း အရင်အစိုးရအဆက်ဆက်ကလို ကိုယ့်သားသမီး မဟုတ်တဲ့အတိုင်း၊ ကိုယ့်နိုင်ငံသားမဟုတ်တဲ့အတိုင်း သံရုံးတွေကလည်း ဘာမှ တာဝန်ယူပေးမှုတွေ မရှိတဲ့ပုံစံမျိုးတွေ မလုပ်နဲ့ပေါ့ဗျာ။ ကာကွယ်မှုအပြည့်အ၀ပေးပြီးတော့မှ နိုင်ငံခြားလွှတ်ဖို့လိုတယ်။ ဥပမာ ဖိလစ်ပိုင်ဆိုရင် ကမ္ဘာမှာ အဲဒါနဲ့ပဲ သူနာမည်ကြီးနေတာဗျာ။ အလုပ်သမားကို ထုတ်ကုန်အဖြစ်ပေါ့ဗျာ သူတင်ပို့နေတာ၊ ဘရာဇီးလ်ဆိုလည်း သူ ဘောလုံးသမားတွေကို နိုင်ငံတကာ တင်ပို့နေတာပေါ့ဗျာ။ အဲဒီလိုပဲ ကျနော်တို့ တကယ်လို့သာ ပြည်တွင်းမှာ ဖန်တီးလို့ မရနိုင်ဘူးဆိုရင်တော့ ပြည်ပကို အလုပ်သမားတွေ၊ ပိုလျှံနေတဲ့ အလုပ်သမားတွေ ပြည်ပကို ထုတ်ပစ်လိုက်ဖို့လိုတယ်။ ထုတ်လိုက်တော့ ကျန်ခဲ့တဲ့သူတွေကျတော့ သူက အလုပ်သမား ရှာမရတဲ့အချိန်မှာ သူက သေချာတယ်။ အလုပ်သမား ရှာမရရင် လစာတိုးပြီးတော့ ခေါ်လိမ့်မယ်။ ခေါ်လို့ရှိရင်သူက အလုပ်ရှင်တွေက သူ့အသားထဲကနေပေးတာ၊ သူ့အမြတ်ထဲကနေပေးတာဆိုတော့ ကုန်ဈေးနှုန်းက သွားပြီးမရိုက်ခတ်ဘူးပေါ့ဗျာ။ အဲဒီလိုလေးတော့ လုပ်စေချင်တာပေါ့ဗျာ ကျနော်တို့က။”

မေး။ ။ အစိုးရအပေါ် မူဝါဒအပြောင်းအလဲ၊ ကြည်ညိုလေးစားမှု အပြောင်းအလဲတွေက လုပ်သားထုကြားမှာ ဘာတွေ မျှော်လင့်ချက်တွေ မြင့်မားနေကြလဲ။

“အဓိကက ကျနော်တို့နိုင်ငံ အဆိုးရွားဆုံပြဿ နာက ဘာလဲဆိုရင် ဥပဒေစိုးမိုးရေးအာနည်းမှုပဲ။ နောက်ဆုံးအရင်းအမြစ်ကို ရှာမယ်ဆိုရင် ဥပဒေစိုးမိုးရေးဆိုတဲ့ အရာကိုပဲ သွားသွားပြီး ဦးတိုက်တာကိုး။ ဥပမာဗျာ လာဘ်ပေးလာဘ်ယူဆိုလည်း ဥပဒေစိုးမိုးလို့ရှိရင် လာဘ်ပေးလာဘ်ယူတွေ မရှိတော့ဘူးပေါ့ဗျာ။ တခြား ကိုယ်ထင်တိုင်းကြဲလုပ်နေတဲ့၊ ပိုက်ဆံရှိတဲ့လူက မရှိတဲ့လူကို အနိုင်ကျင့်တာတို့၊ အာဏာရှိတဲ့လူက မရှိတဲ့လူကို အနိုင်ကျင့်တာတို့ အဲဒါတွေကို သေချာနောက်ဆုံး အရင်းအမြစ်ကို ရှာလိုက်လို့ရှိရင် သူက ဥပဒေစိုးမိုးမှုပေါ်မှာပဲ သွားတာကိုး၊ ဆိုတော့ လက်ရှိအစိုးရက အဲဒီအပေါ်ကို နည်းနည်းလေးအာရုံစိုက်ပြီး လုပ်လာတာကိုတော့ နည်းနည်းတွေ့လာရတာပေါ့ဗျာ။ အထူးသဖြင့် ကျနော်တို့ နည်းနည်းသိသိသာသာကြီး ပြောင်းလဲလာတာဆိုလို့ ရဲဝန်ထမ်းတွေပေါ့ဗျာ၊ အရင်တုန်းကဆို ရဲဝန်ထမ်းဆို ပြည်သူတွေက မုန်းကြတာလေ။ လက်ရှိ အန်အယ်လ်ဒီ အစိုးရတက်လာပြီးတော့ သင်္ကြန်ကာလ ဖြတ်ကျော်ပြီးတဲ့ နောက်ပိုင်းမှာ မုန်းတဲ့လူလည်းရှိသလို အရင်တုန်းကထက် ပိုပြီးတော့မှ နည်းနည်း ချစ်ခင်လာတယ်ပေါ့ဗျာ။ အဲဒီလိုပဲ အရင်အစိုးရတုန်းက မတွေ့တဲ့ဟာတွေလည်း ကျနော်တို့ တွေ့လာတာပေါ့။ အရင်အစိုးရတုန်းက ၀န်ကြီးတွေက ဂန္ထ၀င်စကားတွေ ပြောခဲ့တယ်လေ၊ နယ်လှည့်ပါးရိုက်တို့၊ ထမင်းတနပ်လျှော့စားတို့ ဆိုတာ သူတို့ရဲ့ ဂန္ထ၀င်စကားပေါ့ဗျာ။ ဒါပေမယ့် အခုအစိုးရရဲ့ ဂန္ထ၀င်စကားလေးတွေတော့ ထွက်လာတာပေါ့ဗျာ၊ ဥပမာ စစ်ကိုင်းဝန်ကြီးချုပ်က လူကြီးခရီးစဉ်မို့လို့ ထွေထွေထူးထူးမလုပ်ဖို့လိုတယ် ဒါ ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ ဆိုတဲ့ဟာမျိုးပေါ့ဗျာ ထမင်းပွဲကိုပြောတာ။ နောက်တခုက တောင်ဒဂုံမီးလောင်မှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ချက်ချင်းရောက်သွားတာမျိုးပေါ့ဗျာ။ အရင်အစိုးရတုန်းကဆို ဒါမျိုးတွေ မမြင်ရဘူးပေါ့ဗျာ။ ကျနော်တို့ ၀န်ကြီးချုပ်ကို မြင်ချင်သပဆိုရင်တော့ မနည်း တော်တော်လေးကို မမြင်ရဘူးပေါ့ဗျာ။ တော်တော်လေးကြိုးစားယူရတာပေါ့ဗျာ။ အခုကတော့ ပြည်သူတွေ တခုခုဖြစ်ရင် သူတို့က ချက်ချင်းရောက်လာနိုင်တယ်ဆိုတော့ ဒါလည်း ပြောင်းလဲလာတဲ့အခြေအနေလေးပေါ့။”

မေး။ ။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးက ကြားလို့ကောင်းသလို တကယ့်တကယ်တိုက်ဖျက်တဲ့နေရာမှာ အသားကျနေကြတဲ့ အလုပ်သမားတွေကြား၊ ၀န်ထမ်းတွေကြားမှာ အခက်အခဲတွေ၊ ပြဿနာတွေရင်ဆိုင်ရနိုင်မလား။ တကယ်တင်းကျပ်စွာကိုင်တွယ်ရင်။

“ကျနော်က ဒီလိုမြင်ပါတယ်၊ ဥပမာ တခုပြောရရင် အနာစိမ်းပေါက်တာပေါ့ဗျာ။ သွေးစုနာလို့လည်း ခေါ်တာပေါ့ဗျာ။ ပြည်တည်နေတဲ့အနာတခုပေါ့။ အဲဒီပြည်ကို ညှစ်ထုတ်မှရမယ်ဗျ။ ဒါပေမယ့် ပြည်ညှစ်ထုတ်တဲ့အချိန်မှာ အနာ နာတာတော့ နာလိမ့်မယ်ပေါ့ဗျာ။ အဲဒီအနာမှ မခံနိုင်ရင်တော့ ဒီပြည်ကတော့ ထွက်မှာမဟုတ်ဘူးပေါ့ဗျာ။ ဆိုတော့ ဒီအချိန်မှာ တကယ်လို့ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ခဲ့လို့ရှိရင် ကျနော်တို့ အလုပ်သမားတွေရော၊ တခြားအလုပ်ရှင်တွေရောပေါ့ဗျာ၊ နောက်ပြီးတော့ တချို့တချို့လူတွေရောပေါ့ဗျာ အဲဒါတွေက နာကောင်းနာသွားလိမ့်မယ်။ ဒါပေမယ့် နာသွားတဲ့နောက်ပိုင်းမှာက သူက အကောင်းပကတိဖြစ်သွားတာပေါ့ဗျာ။ ဒီဟာလေးတော့ ဖြတ်ကျော်သင့်တယ်လို့ ယူဆပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013