DVB Logo
Home
မြန်မာသတင်း
ရပ်ကွက်တွင်း မှုခင်းမဖြစ်ပေါ်ရေး လှည့်ကင်းလှည့်လည်
DVB
·
May 11, 2016
ရပ်ကွက်တွင်း မှုခင်းမဖြစ်ပေါ်ရေး လှည့်ကင်းလှည့်လည်
Donate to DVB

စမ်းချောင်းမြို့နယ်အတွင်း မှုခင်းကျဆင်းလာစေဖို့အတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ညဘက် လှည့်ကင်းတွေလှည့်ပြီး ရပ်ကွက်နေ ပြည်သူတွေကို ရဲလုပ်ငန်းစဉ်တွေ ရှင်းလင်းပြောဆိုမှု ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရက် ၁၀၀ စီမံချက်အနေနဲ့ မှုခင်းကျဆင်းရေးအတွက်  ရပ်ကွက်နေပြည်သူတွေနဲ့ ရင်းနှီးရေး စတဲ့အစီအစဉ်တွေကို အခုရက်ပိုင်းအတွင်း လုပ်လာကြပါတယ်။

မေလ ၁၀ ရက်နေ့ ည ၇ နာရီခွဲကစပြီး ၉ နာရီခွဲလောက်အထိ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင်တွေ ရပ်ကွက်နေ ပြည်သူတွေရဲ့ မှုခင်းဖြစ်ပေါ်လာရင် ကြုံတွေ့ရတဲ့ အခက်ခဲတွေကို လိုက်လံမေးမြန်းခဲ့ပြီး ရပ်ကွက်အတွင်း မှုခင်းဖြစ်ပေါ်မှု မရှိစေဖို့  လှည့်ကင်းလှည့်တာတွေ ပြုလုပ်ခဲ့ပါတယ်။

“တချို့ကလည်း တကယ်အမြင်စောင်းတာတွေ မရှိလို့ မပြောတာလည်းရှိသလို တချို့ကျတော့လည်း ရင်းနှီးမှုကို လက်ခံတယ်။ သို့သော် သူတို့ရဲ့ ခံစားချက်လေးကို ဖွင့်လာကြတယ်။ အဲဒါက ဘာလဲဆိုရင် ပြည်သူလူထုတွေ ၁၀၀ မှာ ၉၉ ယောက် ပြောနေတာက ရဲကိုခေါ်ရင် ချက်ချင်းမလာနိုင်ဘူးဆိုတာ။ ဒါကြောင့်မို့လို့ ကျမကလည်း ဘာကြောင့် မလာနိုင်တာလဲဆိုတာ မလာနိုင်တဲ့ အကြောင်းရင်းကို သူတို့ကို ချပြဖို့ တာဝန်ရှိတယ်။ ဘာကြောင့်မလာနိုင်တာလဲ၊ လူအင်အားမရှိလို့လား၊ အမြန်ဆုံး ရောက်ရှိနိုင်မယ့် စက်ဘီးတို့ ဆိုင်ကယ်တို့ အသုံးပြုလို့ မရလို့လား၊ အဲဒီအကြောင်းအရာလေးတွေပေါ်မှာ မူတည်ပြီးတော့ ခံစားချက်ကို ဖွင့်လာပါတယ်” လို့ စမ်းချောင်းမြို့နယ် ဒု-မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ဒေါ်မိမိအေးက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ဗဟိုပြု သင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့အတွက် လက်တွေ့အသုံးချမှုတွေ ပြုလုပ်ဖို့ လိုအပ်တဲ့အပြင် ပြည်သူတွေရဲ့ ရဲတပ်ဖွဲ့တွေအပေါ်မှာ သဘောထားပြောင်းလဲမှု ဘယ်လောက်ထိ ရှိသလဲ ဆိုတာကို သိချင်တဲ့အတွက် အခုလို ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမယ့် ပြည်သူတွေအနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာ ကြောက်စိတ်တွေ ရှိနေသလို မလိုမုန်းထားတဲ့ သူတွေလည်း ရှိနေသေးတဲ့အတွက် ဒီအမြင်တွေ ပြောင်းလဲလာအောင် ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်လာဖို့ အခုထက်ပိုကြိုးစားဖို့ လိုတဲ့အပြင် မှုခင်းဖြစ်ပွားမှု လျှော့ချဖို့ ညသန်းခေါင်ယံအချိန် ကင်းလှည့်မှုတွေ ပိုလုပ်ဆောင်ဖို့ လိုတယ်လို့ ပြည်သူတချို့က သုံးသပ်ကြပါတယ်။

“ဒီအချိန်ကစောတယ်။ ၁ နာရီ၊ ၂ နာရီ၊ ၁၂ နာရီနောက်ပိုင်းမှာ လှည့်ကင်းလှည့်ရင် ပိုပြီး အကျိုးရှိမယ်လို့ ထင်တယ်။ ဒါကတော့ သူတို့ လိုက်ပြီး အကျိုးအကြောင်းမေးတဲ့ပုံစံပဲ ရှိသေးတယ်။ ၁၂ နာရီနောက်ပိုင်း လှည့်ကင်းလှည့်ပြီးတော့ ရပ်ကွက်ထဲမှာ လှုပ်ရှားမှုတွေကို စူးစမ်းလေ့လာမယ်ဆိုရင် ပိုအကျိုးရှိမယ်လို့ထင်တယ်” လို့ ဟုန်းလမ်းဘူတာရပ်ကွက်နေ ဦးစိန်ထွန်းအောင်က သုံးသပ်ပြောဆိုပါတယ်။

စမ်းချောင်းမြို့နယ်အတွင်း ခိုးမှုအဖြစ်များတဲ့အတွက် ညဘက် ကင်းလှည့်မှုတွေကို ရဲတပ်ဖွဲ့ဝင်တွေ နေ့တိုင်း ဆောင်ရွက်နေပြီး ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု၊ ရဲလုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်းပြောဆိုမှုတွေကိုတော့ တပတ်မှာ ၃ ကြိမ်လောက် လုပ်ဖြစ်တယ်လို့ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ ဒု-မြို့နယ်မှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013