DVB Logo
Home
မြန်မာသတင်း
ဇနီးဖြစ်သူက ခင်ပွန်းကိုသတ်ပြီး အလောင်းဖျောက်ဖျက်
DVB
·
May 11, 2016
ဇနီးဖြစ်သူက ခင်ပွန်းကိုသတ်ပြီး အလောင်းဖျောက်ဖျက်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုတိုက်နယ် မယ်ကုကျေးရွာအပြင်ဘက် တောင်ယာခင်းမှာ မြန်မာအလုပ်သမား ဇနီးဖြစ်သူက ခင်ပွန်းကိုသတ်ကာ အလောင်းဖျောက်ပြီး ထွက်ပြေးတိမ်းရှောင်သွားပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ညက မြန်မာရွှေ့ပြောင်းအလုပ်သမား ဒေါ်ပိန် အသက် ၅၆ နှစ်နဲ့ ခင်ပွန်းဖြစ်သူ ကိုမင်းထက်စိုး အသက် ၃၂ တို့ တောင်ယာတဲမှာ အရက်အတူတူ သောက်နေကြရင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့တာပါ။

ဇနီးဖြစ်သူက တောင်ယာခုတ်ဓားနဲ့ ခုတ်လို့ ခင်ပွန်းဖြစ်သူဟာ ဦးခေါင်း၊ ၀ဲဘက်ဦးခေါင်း နောက်စေ့နဲ့ မေးရိုးနောက်ဘက်နေရာတွေမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ အနီးနားက တခြားတောင်ယာတာမှာ နေထိုင်တဲ့ မနီလာက ပြောပါတယ်။

ဒီနောက်မှာတော့ ဇနီးဖြစ်သူဟာ သေဆုံးသွားတဲ့ ခင်ပွန်းအလောင်းကို မွေ့ယာ အဟောင်းနဲ့ ၂ ရက်ကြာဖုံးထားခဲ့ပြီး တောင်ယာတဲအရှေ့ဘက် ချိုင့်ဝှမ်းထဲ သွားပစ်ချပြီး အမှိုက်တွေနဲ့ ဖုံးအုပ်ပြီး အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကို ဒေါ်ပိန်က လူသတ်အလောင်းဖျောက်ဖျက်မှု ကျူးလွန်ခဲ့ကြောင်း ပြောပြချက် အရ သိရှိခဲ့ရတာလို့ မနီလာက ပြောပါတယ်။

ဒီနောက်မှာတော့ မနီလာသိန်းရဲ့ သတင်းပေးချက်အရ မှုခင်းစစ်ရဲတွေ၊ ဒေသဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းတို့က ဒီနေ့မနက်ပိုင်းမှာ အလောင်းကို ပြန်လည်ဖော်ယူခဲ့ ကြပါတယ်။

လူသတ်အလောင်းဖျောက်ဖျက်သူ ဒေါ်ပိန်ကတော့ ထွက်ပြေး တိမ်းရှောင်နေပြီး အခုအချိန်ထိ မဖမ်းမိသေးဘူးလို့ သိရှိရပါတယ်။

သေဆုံးသူနှင့် ပြစ်မှုကျူးလွန်သူ ဒေါ်ပိန်တို့ဟာ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာက ဖြစ်တယ်လို့ သိရပါတယ်။

(သတင်းဓာတ်ပုံ - ဉာဏ်စိုး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013