DVB Logo
Home
Lead Story
၂၁ ရာစု ပင်လုံညီလာခံနှင့် ခွဲထွက်ခွင့်
DVB
·
May 11, 2016
၂၁ ရာစု ပင်လုံညီလာခံနှင့် ခွဲထွက်ခွင့်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံညီလာခံကို လပိုင်းအတွင်းကျင်းပ လိုကြောင်း ပြောလိုက်ပြီးသည့် နောက် ထိုသို့သုံးနှုံးပါက ခွဲထွက်ခွင့်ပေးရမည်ဆိုပြီး ဒေါက်တာအေးမောင်က ရန်ကုန်တိုင်းမ်စ်သို့ ပြောကြားဆိုသည့်သတင်းတခု ဖတ်လိုက်ရပါသည်။ ဒေါက်တာအေးမောင် အနေဖြင့် မည်သည်ကိုရည်ရွယ်ပြောဆိုခဲ့သည် ကိုအသေအချာ မသိရသော်လည်း ပင်လုံစာချုပ်တွင် ခွဲထွက်ခွင့်ပါရှိသည်ဆိုသည်ကို ရည်ရွယ်ပုံရပါသည်။

ထို့ပြင် ၎င်းက ဆက်လက်ပြောဆိုထားသေးသည်မှာ “ပင်လုံကတိကဝတ်တွေက အရမ်းများတယ်။ အဲဒါကို မြန်မာခေါင်းဆောင်အဆက်ဆက်က ပင်လုံကတိကဝတ်တွေကို ချနင်းခဲ့တာချည်းဘဲ၊ တိုင်းရင်းသားတွေက ပင်လုံကိုမယုံတော့ဘူး။ အဲဒီမှာ ၂၁ ရာစုပင်လုံလို့သုံးပြီး ဘာထပ်လိမ်ဦးမလဲ တွေးပြီး ကြောက်ကြမှာပေါ့” ဟု ပြောဆိုထားပြန်လေသည်။

သို့ဖြစ်၍ ပင်လုံစာချုပ်ဆိုသည်ကို တိတိပပသိရှိနိုင်ကြရန်နှင့် ပင်လုံစာချုပ်ကပေးထားခဲ့သော ကတိကဝတ်များတွင် ခွဲထွက်ခွင့်ဆိုသည့်ကိစ္စပါ-မပါ လေ့လာကြည့်ဘို့လိုပါသည်။ သို့ဖြစ်၍ ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင်ဟောင်း ဦးအုန်းဖေ ရေးသားသော ပင်လုံစစ်တမ်း စာမျက်နှာ ၄၂၇ ပါ ပင်လုံစာချုပ်ဆိုသည့်အခန်းမှ အဓိကအကြောင်းအရာကို စာဖတ်ပရိသတ်သိရှိနိုင်ကြရန် ကိုးကားလိုပါသည်။

ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များ တို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင်...

ကြားဖြတ်အစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်၊ ချင်းတို့သည် လွတ်လပ်ရေးကို ပို၍လျှင်မြန် စွာရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့် အတိုင်း အစည်းအဝေးတက် ရောက်သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများ၏ စည်းလုံးညီညွတ်ရေးအဖွဲ့ကြီး (တ-စ-ည-ဖ) ၏ ကြိုးကိုင်ကိုယ်စားလှယ် များက ထောက်ခံချက်အရ၊ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသကိစ္စများနှင့် ပတ်သက်၍ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တဦးအဖြစ် ခန့်ထားပြီး ကာကွယ်ရေးနှင့်ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက် အောက်သို့ရောက်ရှိစေရမည်။ ဤနည်းလမ်းအတိုင်း နယ်စပ်ဒေသ ဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့် အာဏာကိုပေးအပ်ရမည်။
၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်များကိုဆောင်ရွက်ရန် ဖြစ်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဘက်တာဝန်ယူရသည့်မူအတိုင်း ဆောင်ရွက်စေရမည်။
၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ်ပါဝင်ရမည်ဖြစ်သော်လည်း၊ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များ သည် နယ်စပ်ဒေသများနှင့်သက်ဆိုင်သော ကိစ္စရပ်များကိုဆွေးနွေးကြသည့်အခါ အမှုဆောင် ကောင်စီတွင်တက်ရောက်နိုင်ခွင့် ရှိစေရမည်။
၅။ အထက်တွင်သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ်ဒေသများ၏နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင် အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစ်စုံတစ်ရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်း မရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
၆။ ပူးပေါင်းထားပြီးသည့်မြန်မာပြည်အတွင်း သီးသန့်ကချင်ပြည်နယ်တစ်ခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင် ရန်ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခုထား ရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း-၂ ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင် တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြု ထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
ဂ။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်တို့မှာ ပဒေဿရာဇ်ရှမ်းပြည်နယ်မြေစုတွင် ယခု အပ်နှင်း ထားပြီးဖြစ်သော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်တို့မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သောဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေဿရာဇ်ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်း တောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသော ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

မြန်မာနိုင်ငံတော်အစိုးရကိုယ်စား - ဦးအောင်ဆန်း

ရှမ်းကော်မတီ -
(၁) စဝ်ခွန်ပန်းစိန် တောင်ပိုင်းစဝ်ဖလုံ၊
(၂) စဝ်ရွှေသိုက် ညောင်ရွှေစဝ်ဖလုံ၊
(၃) စဝ်ဟုံဖ မြောက်ပိုင်းသိန္နီစဝ်ဖလုံ၊
(၄) စဝ်နွဲ့ လဲချားစဝ်ဖလုံ၊
(၅) စဝ်စံထွန်း မိုင်းပွန်စဝ်ဖလုံ၊
(၆) စဝ်ထွန်းဧ သာမိုင်းခမ်းစဝ်ဖလုံ၊
(၇) ဦးဖြူ သထုံစဝ်ဖလုံ၏ ကိုယ်စားလှယ်၊
(၈) ခွန်ဖုန်းဒူဝါ မြောက်သိန္နီကချင်ကိုယ်စားလှယ်၊
(၉) ဦးတင်ဧ
(၁၀) ဦးထွန်းမြင့် (လင်းခေး)
(၁၁) ဦးကြာပု (သီပေါ)
(၁၂) ဦးခွန်ထီး
(၁၃) ဦးခွန်စော
(၁၄) စဝ်ယိပ်ဖ

ကချင်ကော်မတီ
(၁) ဆမားဒူးဝါးဆင်ဝါးနောင် (မြစ်ကြီးနား)
(၂) ဇော်ရစ် (မြစ်ကြီးနား)
(၃) ဒင်ရတန် (ဗန်းမော်)
(၄) ဇော်လ (ဗန်းမော်)
(၅) ဇော်လွန်း (ဗန်းမော်)
(၆) လဗန်းဂရောင်း (ဗန်းမော်)

ချင်းကော်မတီ
(၁) ဦးလွှာမုန်း ၊ အေတီအမ်၊ အိုင်တီအက်(စ်)အမ်၊
(၂) ဦးသောင်ဇာခုပ်၊ အေတီအမ်၊ တီဒင်၊
(၃) ဦးကွယ်မန်း၊ အေတီအမ်၊ ဟာကာ၊

ပင်လုံစာချုပ်ပါ စာသားများအရ နယ်စပ်ဒေသများ ခွဲထွက်လိုက ခွဲထွက်ခွင့်ပြုသည်ဟူသော စာသားများ မပါဝင်ချေ။ ပင်လုံစာချုပ်တွင်ပါဝင်သော အချက်အလက်များအများစုမှာ လွတ်လပ်ရေး မရမှီ ၁၉၄၇ ခုနှစ်ကာလတဝိုက်က မြန်မာ့နိုင်ငံရေးတည်ရှိနေသော အခင်းအကျင်းတွင် နယ်စပ် ဒေသများက ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ပါဝင်ဆောင်ရွက်နိုင်မည့် အစီအစဉ်နှင့် ထမ်းဆောင်ရမည့်တာဝန်များသာဖြစ်ပါသည်။

စာချုပ်ပါ အခြေခံစိတ်ဓါတ်မှာ အပိုဒ် ၇ ပါ “နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ်အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်” ဆိုသော အပိုဒ်ဖြစ်သည်။ အဆိုပါအပိုဒ်မှာ အခြားသော ရှမ်း၊ ကချင်နှင့် ချင်းကိုယ်စားလှယ်များ၏ ဆန္ဒအရထည့်သွင်း ခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒအရ ထည့်သွင်းခြင်းဖြစ်ကြောင်း ဦးဖေခင်က ၁၉၄၇ ခုနှစ် ပြည်ထောင်စုနေ့ “Guardian” ထုတ် အချပ်ပိုတွင် ဖော်ပြထားလေသည်။

အဆိုပါစာပိုဒ်ကို ယနေ့ခေတ်နိုင်ငံရေးစကားလုံးနှင့်ဆိုရလျှင် လူ့အခွင့်အရေး (Universal Human Rights) ကိုနယ်စပ်ဒေသတိုင်းရင်းသားပြည်သူများပါ ခံစားခွင့်ရှိရေးဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံတကာလူ့အခွင့်အရေး ကြေညာစာတန်းမှာ ပဲရစ်မြို့တွင်ကျင်းပသည့် အစည်းအဝေးတွင် ၁၉၄၈ ခုနှစ် ဒီဇင်္ဘာလ ၁၀ ရက်နေ့တွင်မှ ထုတ်ပြန်ကြေငြာခြင်းဖြစ်၍ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ထက်နောက်ကျသော်လည်း ယခုအခါ ဒီမိုကရေစီ နိုင်ငံများအားလုံးက စံသတ်မှတ်ချက်အဖြစ် လက်ခံထားကြသည့် အချက်များဖြစ်ပေသည်။

ပင်လုံစာချုပ်က နောက်ထပ်ပေးအပ်ထားသော အခြေခံမူတစ်ရပ်မှာ စာချုပ်အပိုဒ် (၅) တွင် ဖော်ပြ ထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်သည်။ ခွဲထွက်ခွင့်မဟုတ်ပေ။ ထိုအချိန်က ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးအောက်တွင် ရှိနေသေးသည့်အချိန်ဖြစ်သဖြင့် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ လက်အောက်တွင်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးကိုသာ အာမခံခြင်းဖြစ်လေသည်။

ထို့ပြင် စာချုပ် အပိုဒ် (၆)က ကချင်ပြည်နယ်ဖွဲ့စည်းရေးကို ထောက်ခံသဘောတူထားသော်လည်း စာချုပ်တွင် ကိုယ်စားလှယ်များအဖြစ် ပါဝင်လက်မှတ်ရေးထိုးထားသော ချင်းလူမျိုးများ၏ ပြည်နယ် ဖွဲ့စည်းရေးကို သဘောတူထောက်ခံထားချက် မပါဝင်သလို အခြားသောတိုင်းရင်းသားများ ဖြစ်ကြသည့် ကရင်၊ ကယား၊ မွန်၊ ရခိုင်လူမျိုးတို့၏ ပြည်နယ်ဖွဲ့စည်းရေး ထောက်ခံသဘောတူ ထားချက်များလည်း မပါဝင်ချေ။

သို့ဖြစ်၍ ကျနော်ထောက်ပြလိုသည်မှာ ပင်လုံစာချုပ်တွင်ပါရှိသော အခြေခံစိတ်ဓါတ်မှာ ခွဲထွက်ရေး မဟုတ်ဘဲ၊ နိုင်ငံသားအားလုံး ဒီမိုကရေစီအခွင့်အရေးများ တန်းတူရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး သာ ဒေါက်တာအေးမောင်ပြောသကဲ့သို့ ခွဲထွက်ရေးမဟုတ်သလို၊ တိုင်းရင်းသားများကို မပေးအပ် နိုင်လောက်အောင် များပြားသော ကတိကဝတ်များလည်း မပါဝင်ပါကြောင်း၊ စာဖတ်ပရိသတ်များ ဖတ်ရှုသုံးသပ် နိုင်ကြစေရန် တင်ပြလိုက်ပါသည်။
ရဲထွန်း (သီပေါ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013