DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးခွင့်ပေးရန် တောင်းဆိုသည့်လှုပ်ရှားမှု စတင် (ရုပ်သံ)
DVB
·
May 10, 2016
ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးခွင့်ပေးရန် တောင်းဆိုသည့်လှုပ်ရှားမှု စတင် (ရုပ်သံ)
Donate to DVB



ရန်ကုန်မြို့တွင်းမှာ ဆိုင်ကယ်စီးခွင့်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုအဖြစ် ဆိုင်ကယ်ဝါသနာရှင်တွေ စုပေါင်းပြီး စူပါ ဆန်းဒေး (Super Sunday) ဆိုင်ကယ်စီးပွဲတော်ကို မေလ ၈ ရက်နေ့မှာ စတင်လိုက်ပါတယ်။

သက်တမ်း ၁၂ နှစ်ရှိနေပြီဖြစ်တဲ့ တာချီလိတ်အခြေစိုက် အိစတန်း အီးဂဲလ် အမ်စီအဖွဲ့၊ ၂၀၁၃ ကစပြီး စင်ကာပူအခြေစိုက် မြန်မာလူငယ်တွေ စုစည်းထားတဲ့ ဘားမိစ်ဖိုက်သွန်အမ်စီအဖွဲ့၊ ရန်ကုန်အခြေစိုက် အမ်စီတွေဖြစ်တဲ့ ကင်းရိုက်ဒါ၊ အင်ဒီးယန်းစကူအဖွဲ့နဲ့ ပဲခူး၊ မော်လမြိုင်နဲ့ မုဒုံမြို့တွေက ဆိုင်ကယ်သမားတွေ စုစုပေါင်းအဖွဲ့ ၈ ဖွဲ့က စုပေါင်းပြီး ပြုလုပ်ခဲ့ကြတာပါ။

၂၀၁၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ အိစတန်း အီးဂဲလ်အဖွဲ့ခေါင်းဆောင် ကိုသက်က “ဒီနေ့ ဆန်းဒေးလည်းဖြစ်တဲ့အတွက် စူပါဆန်းဒေးပေါ့။ ကျနော်တို့ လွတ်လွတ်လပ်လပ် အလုပ်ရှိတဲ့သူပဲဖြစ်ဖြစ်၊ အလုပ်မရှိတဲ့သူပဲဖြစ်ဖြစ် ဒီနေ့ဟာ ကျနော်တို့အတွက် လွတ်လပ်တဲ့နေ့တရက်အဖြစ် ဆိုင်ကယ်သမားတွေအတွက် သတ်မှတ်ထားတယ်။ ကျနော်တို့ ဆိုင်ကယ်စီးတယ်" လို့ ပြောပါတယ်။

ဒီဆိုင်ကယ်စီးပွဲတော်ကို မင်္ဂလာဒုံ စစ်သင်္ချိုင်းကနေ ကျိုက်ထို စိမ်းလဲ့တင်ပန်းခြံအထိ ဆိုင်ကယ်အဖွဲ့တွေ၊ အပျော်စီးသမားတွေ အစီး ၅၀ ကနေ ၁၀၀ ကျော် စုပေါင်း စီးခဲ့ကြပါတယ်။

မြို့ထဲမှာပေးစီးရင် စည်းစနစ်နဲ့ စီးချင်ပြီး ပေးစီးပါလို့လည်း တောင်းဆိုတယ်လို့ ကိုသက်က ဆက်ပြောပါတယ်။

ရိုးလင်းစတုန်း အမ်စီအဖွဲ့ခေါင်းဆောင် ကိုချမ်းမြေ့ကျော်ကလည်း “အခုချိန်ထိ ပြောင်းလဲချိန်တန်ပြီဆိုပြီး မပြောင်းလဲသေးဘူး။ အခု နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးက လွတ်သွားပြီ။ တကယ်တမ်း မပြောင်းလဲသေးတာ ကျနော်တို့ ဆိုင်ကယ်သမားတွေ မပြောင်းလဲသေးတာ။ ကျနော်တို့ အခုချိန်ထိ လက်ခုပ်မတီးရသေးဘူး၊ လွတ်လွတ်လပ်လပ် မဖြစ်သေးဘူး။ ပြောင်းလဲချိန်တန်တာ ကျနော်တို့ ဆိုင်ကယ်သမားပဲ ကျန်တော့တယ်။ ရန်ကုန်က ဆိုင်ကယ်သမားတွေက အခုထက်ထိ မပြောင်းလဲသေးတဲ့အတွက် တော်တော်လေးကို စိတ်ညစ်ရပါတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်သမားတွေထဲမှာ အပျော်စီးသမားနဲ့ ဆိုင်ကယ် အမ်စီအဖွဲ့တွေဆိုပြီး ခွဲခြားထားပါတယ်။

မြန်မာတနိုင်ငံလုံး ဆိုင်ကယ်အဖွဲ့ မျိုးဆက်အသစ်၊ အဟောင်းအဖွဲ့ ၃၀ ကျော်ရှိပါတယ်။

သူတို့အဖွဲ့တွေကတော့ အသင်းဖန်တွေနဲ့ ဆိုရှယ်နက်ဝပ်တွေမှာ တွေ့ဆုံကြပြီး ချိတ်ဆက်ကြတာပါ။

သူတို့အဖွဲ့တွေထဲမှာ စည်းမျဉ်းစည်းကမ်းတွေအရ လိုင်စင်မဲ့ဆိုင်ကယ်မစီးရ အပါအ၀င် အကျင့်စာရိတ္တ ကောင်းမွန်ဖို့၊ အများပြည်သူကို နှောင့်ယှက်ရမ်းကားတာ မပြုလုပ်ရတာတွေ၊ ပရဟိတသာ ပြုလုပ်ခွင့်ရှိပြီး နိုင်ငံရေးပါတီဝင်မဖြစ်ရ ဆိုတာတွေ ပါဝင်ပါတယ်။

ရန်ကုန်မှာတော့ ဆိုင်ကယ်မျိုးဆက်အသစ်၊ အဟောင်း အဖွဲ့ ၅ ဖွဲ့ကတော့ အခုလို စည်းကမ်းတွေနဲ့ ရပ်တည်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013