DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးနှိမ်နင်းရေး အားနည်းချက်များရှိနေဟု ပြည်ထဲရေးဒုဝန်ကြီးဝန်ခံ
DVB
·
May 10, 2016
မူးယစ်ဆေးဝါးနှိမ်နင်းရေး အားနည်းချက်များရှိနေဟု ပြည်ထဲရေးဒုဝန်ကြီးဝန်ခံ
Donate to DVB

မြန်မာပြည်တွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ဆောင်ရာမှာ လက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့ အကာအကွယ်ရယူ သတင်းအမှောင်ချလုပ်ဆောင်တာတွေကြောင့် အားနည်းချက်တွေ ရှိနေတယ်လို့ ပြည်ထဲရေးဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၀န်ခံပြောကြားလိုက်ပါတယ်။

မေ၉ ရက် ပြည်သူ့လွှတ်တော်မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) အမတ်ဒေါက်တာခင်မောင်မောင်က မူးယစ်ဆေးဝါး ထုတ်လုပ်ရာစက်ရုံ၊ အလုပ်ရုံများကို အဘယ်ကြောင့်ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိပါသနည်း၊ ၎င်းစက်ရုံများသည် လက်နက်ကိုင်အဖွဲ့များ စိုးမိုးထားသော နယ်မြေများ၌ ရှိနေပါက အမြစ်ပြတ်ချေမှုန်းနိုင်ရန် စီစဉ်ထားခြင်းရှိ/မရှိ မေးမြန်းချက်နဲ့ ပတ်သက်ပြီး ဖြေကြားရာ မှာ ထည့်သွင်းပြောသွားတာပါ။

ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ် ဆေးပြားများ ထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လုံခြုံရေးအုပ်ချုပ်ရေးနဲ့ တရား ဥပဒေစိုးမိုးမှု အရမ်းအားနည်းတဲ့ နယ်စပ်ဒေသတွေကို အခြေပြုလုပ်ဆောင်ကြပြီး ထုတ်လုပ်မှု လုပ်ငန်းတွေအတွက် အခိုင်အမာ အဆောက်အဦဆောက်လုပ်ရန် မလိုအပ်ဘဲ ယာယီတဲတွေ၊ လူနေအဆောက်အအုံတွေမှာပင် အသေးစား၊ အပေါ့စားစက်ကိရိယာတွေနဲ့ အလွယ်တကူ ရွှေ့ပြောင်း လုပ်ဆောင်နိုင်တာ၊ နေရာအတည်တကျမရှိဘဲ မကြာခဏလျှို့ဝှက်ရွှေ့ပြောင်း လုပ်ဆောင်တာ၊ အချို့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကာအကွယ်များရယူပြီး ဒေသ အတွင်း သတင်းအမှောင်ချလုပ်ဆောင်တာတွေကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းတဲ့တပ်ဖွဲ့ တွေအတွက် သတင်းလက်ဦးမှုရယူဖော်ထုတ်ချေမှုန်းနိုင်မှု အားနည်းချက်တွေ ဖြစ်နေတာ”လို့ ပြောပါတယ်။

ဒါပေမယ့် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေက ဘယ်လိုအကာကွယ်ယူပြီး မူးယစ်ဆေးဝါး တွေ ဘယ်လို ထုတ်လုပ်လုပ်ဆောင်နေတယ်ဆိုတာကိုတော့ တိတိကျကျပြောမသွားပါဘူး။

နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတဲ့ သွားလာရန်ခက်ခဲတဲ့ နယ်စပ်ဒေသတချို့မှာ တရားမဝင် နယ်စပ်ဝင်ထွက်ပေါက်ကတဆင့် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အဓိကလိုအပ်တဲ့ ပရီကာဆာနဲ့ ဓာတုပစ္စည်းတွေ အလွယ်တကူဝင်ရောက်နေပြီး ၀င်လာတဲ့လမ်းကြောင်းတွေအတိုင်း မူးယစ် ဆေးဝါးတွေဟာ အများစုပြန်လည်သယ်ဆောင်နေတာကြောင့် တားဆီးနှိမ်နင်းရေးအဖွဲ့တွေ အနေနဲ့ ထိရောက်စွာ တားဆီးထိန်းချုပ်ဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ပြီးနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လာနိုင်တာနဲ့ အမျှ မူးယစ်ဆေးဝါး အန္တရာယ်အမြစ်ပြတ်ချေမှုန်းနိုင်ရေးကို အမျိုးသားရေးအသွင်ဖြင့် ဖော်ဆောင်လာနိုင်မယ်လို့လည်း ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန် နိုင်ငံပြီးရင် ဒုတိယ အများဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ်သတ်မှတ်ခံထားရဆဲဖြစ်ပြီး ဒေသတွင်းမှာ စိတ်ကြွမူးယစ်ဆေးဝါးတွေ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံအဖြစ်လည်း နာမည်ဆိုးထွက်နေတာဖြစ်ပါတယ်။

ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ဇူလိုင်လက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အတွင်းမှာ မြန်မာနိုင်ငံမှာ အများဆုံးပမာဏဖြစ်တဲ့ WY စိတ်ကြွဆေးပြား ၂၆ သန်းကျော်မိခဲ့ပြီး အမှုမှာ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီး တရားစွဲဆိုဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013