DVB Logo
Home
Lead Story
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီလထဲမှာ တိကျတဲ့စီမံချက် ပေါ်လာနိုင်တယ် - ဗိုလ်မှူးကြီးခွန်ဥက္ကာ
DVB
·
May 9, 2016
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီလထဲမှာ တိကျတဲ့စီမံချက် ပေါ်လာနိုင်တယ် - ဗိုလ်မှူးကြီးခွန်ဥက္ကာ
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ပါ ကတိက ၀တ်တွေအတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားပေး ပို့ခဲ့ကြပါတယ်။

အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကိုင်တွယ်မယ့်သူထံ သဘောထား ပေးပို့ခဲ့တာဖြစ်ပါတယ်။

အန်စီအေစာချုပ်ဟာ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာသက်တမ်းရှိ ပြည်တွင်းစစ်အတွင်း ပထမဆုံးရရှိခဲ့တဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ်ဖြစ်ပါတယ်။

ဒီစာချုပ်မှာ အရင်အစိုးရလက်ထက်က ကန့်သတ်ချက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တ၀က်နီးပါးလောက်သာ လက်မှတ်ထိုးခဲ့ကြပါတယ်။

နောက်ဆုံးဖြစ်ထွန်းမှုအခြေအနေကို အန်စီအေလက်မှတ်ထိုးသည့် အဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ဆက်သွယ်မေးမြန်းပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တလ၊ နှစ်လအတွင်း ၂၁ ရာစုပင်လုံညီလာခံခေါ်မယ်ဆိုတော့ အခုက ရက်က သိပ်မကျန်တော့ဘူး၊ ဘာတွေ ပြင်ဆင်ဆောင်ရွက်နေကြသလဲခင်ဗျ။

“ကျနော်တော့ အဲသလို မထင်ဘူး။ သူပြောတဲ့ပွဲမှာ တက်ရောက်ခဲ့တဲ့ JMC ဆိုတဲ့ အဖွဲ့ကလူတွေကိုမေးကြည့်တယ်၊ ကျနော်တော့မပါဘူး။ အဲဒီလူတွေပြောတာကတော့ တလ၊ နှစ်လအတွင်း ခေါ်မယ်လို့ ပြောတာမဟုတ်ဘူး။ တလ၊ နှစ်လအတွင်းမှာ စတင်ပြီးတော့ ပြင်ဆင်ဖို့လိုတယ်လို့ပြောတယ်လို့ကြားတယ်၊ စတင်ပြင်ဆင်ဖို့။ ခေါ်ဖို့မဟုတ်ဘူး။ စတင်ပြင်ဆင်ဖို့ ပြောတဲ့အခါကျတော့ တလ၊ နှစ်လအတွင်း စတင်ပြင်ဆင်မယ်ဆိုရင်တော့ မူလ ကျနော်တို့ အန်စီအေ လက်မှတ်ထိုးတုန်းကရှိနေတဲ့ လုပ်ငန်းစဉ်များအတိုင်းပေါ့လေ ကျနော်တို့က ဆက်သွားရမယ့်သဘောတော့ရှိတာပေါ့။ အဲဒီလုပ်ငန်းစဉ်လည်း ပျက်မယ်လို့တော့ ကျနော်မထင်ဘူး။ ဒီအတိုင်းသွားရမယ့်သဘောရှိတယ်။ ဒါကိုတော့ ကျနော်တို့ မညှိရသေးဘူးဗျ။ နောက်ပြီးတော့ JMC အစည်းအဝေးတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားချက်ရဲ့ ရှေ့အကောင်အထည်ဖော်တဲ့လုပ်ငန်း တိုင်ပင်ဆွေးနွေးမှုကို မလုပ်ရသေးဘူးဖြစ်နေတယ်ဗျ။ အဲဒါကြောင့်ပါ။”

ဗိုလ်မှူးကြီးတို့ အန်စီအေ အပစ်ရပ်အဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်ဆီ စာပေးပို့တယ်လို့ သိရပါတယ်၊ ပြောပြပါလား။

“ကျနော်တို့ အပစ်ရပ် ၈ ဖွဲ့ကတော့ အစိုးရသစ်ရဲ့ပေါ်လစီ ချပေးတဲ့အတိုင်း ဆက်လက် လုပ်သွားဖို့၊ အန်စီအေလက်မှတ်ထိုးထားတဲ့ကတိက၀တ်တွေအတိုင်း ဆက်လက်လုပ်သွားဖို့၊ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲအတွက် လိုအပ်တဲ့မူဘောင်၊ အဲဒီမူဘောင်ကို ပြင်ဆင်မယ်၊ ဖြည့်စွက်မယ်ဆိုရင်လည်းပဲ လုပ်သွားဖို့ပေါ့ဗျာ။ အစိုးရသစ် အခြေအနေပေးတာနဲ့ တပြိုက်နက်တည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ကတော့ ရှိနေတယ်ဆိုတဲ့ သဘောမျိုးပေါ့ဗျာ၊ အချက်အလက်တွေတော့ ကျနော် မပြောတော့ပါဘူး။ ကာကယံရှင်ဆီက၊ အကြံပြုခံရတဲ့ပုဂ္ဂိုလ်ဆီက ညွှန်ကြားချက်၊ မှတ်ချက် မရသေးဘဲနဲ့တော့ ကျန်အချက်အလက်တွေ ကျနော် မပြောတော့ဘူးဗျာ။ ဒါက သူ့ကိုပေးတယ်ဆိုတော့ စာကတော့ မှတ်ချက်တွေဘာတွေ လုပ်ပြီးမှ ကောင်းတာပေါ့။ ဒါကြောင့်ကျနော် စာပါအကြောင်းအရာတော့ ကျနော် မပြောတော့ ဘူး။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဲဒီနေ့က ပြောကြားချက်မှာ အန်စီအေလက်မှတ် မထိုးကြသေးတဲ့ အဖွဲ့တွေလည်း ပါဝင်လက်မှတ်ရေးထိုးလာအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ ဒီအဖွဲ့တွေနဲ့ ဗိုလ်မှူးကြီးတို့က နီးစပ်တော့ ဒီဖြစ်စဉ်တိုးတက်မှု အခြေအနေ သိရနိုင်မလား။

“ကျနော်တို့မှာတော့ သူတို့နဲ့ ပုဂ္ဂိုလ်အရဖြစ်စေ၊ အစုအဖွဲ့အရဖြစ်စေ ဆက်သွယ်ဖို့တော့ ဖွဲ့ထားတာရှိတယ်။ ကျနော်တို့ကတော့ တိုင်းရင်းသားညီညွတ်ရေးကိုယ်စားလှယ်အဖွဲ့ပေါ့ဗျာ။ သို့သော်လည်းပဲ လောလောဆယ်ဆယ် လတ်တလောအခြေအနေမှာတော့ တရားဝင်တွေ့ဖို့ ဖြစ်စေ၊ အလွတ်သဘောတွေ့ဖို့ဖြစ်စေ ချိန်းတာပြုတာတော့ ကျနော်မကြားသေးဘူးဗျ။ ကျနော်လည်း ဗမာပြည်ထဲမှာပဲ သင်တန်းမျိုးစုံလုပ်ရင်းနဲ့ရှိနေတော့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကလည်း ချင်းမိုင်ဘက်ကမ်းမှာပဲ ကျန်နေကြတော့ လောလောဆယ်တော့ အဲဒီကိစ္စ အခြေအနေ update တော့မသိဘူးပေါ့ အဲဒီကိစ္စ၊”

ပြီးခဲ့တဲ့အစိုးရသက်တမ်းအစိုးရက တချိန်က တိုက်ခိုက်ကြသူတွေ၊ အခုတက်လာတဲ့ အစိုးရက လူထုဆန္ဒအရတက်လာတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဦးဆောင်မယ်ဆိုတော့  ဘယ်လောက်မြန်နိုင်မလဲ။ ဘယ်လောက်မျှော်လင့်သလဲ။ ဘာတွေလိုအပ်မယ်ထင်လဲဆိုတာ တွေ ခြုံငုံပြောပြပါ။

“ကျနော့်အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ်တော့ အစိုးရအဟောင်းရဲ့လုပ်ငန်းကို အစိုးရသစ်က အမွေဆက်ခံရတာပဲ၊ နံပါတ် ၁ က အမွေဆက်ခံပြီးတော့ လုပ်ငန်းတွေကို hand over လုပ်လာတဲ့အခါကျတော့ ရရှိပြီးသား ကတိက၀တ်၊သဘောတူချက်တွေကိုတော့ ဆက်သွား မယ် ယုံကြည်တယ်။ ဒီလုပ်ပုံလုပ်နည်း၊ လုပ်နည်းလုပ်ငန်အပိုင်း၊ နည်းနာပိုင်းပြောင်းလဲ နိုင်တာပေါ့လေ အစိုးရသစ်အနေနဲ့ သူ သဘောကျတဲ့ပုံစံနဲ့။ အဲဒီလို ပြောင်းလဲနိုင်တဲ့ အပိုင်းလေးတွေ ရှိပေမယ့်လည်းပဲ Process ဖြစ်စဉ် တခုလုံးကတော့ အမြန်ဆုံး အောင်အောင်မြင်မြင်နဲ့စတင်နိုင်မယ်လို့ ကျနော်တို့ယူဆတယ်။ အခုဆိုရင် JMC အစုအဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လာတွေ့တယ်ဆိုကတည်းကိုက ဘာပဲဖြစ်ဖြစ် Process ကို ပြန်ပြီးအသက်သွင်းတယ်ဆိုတာ ကျနော်တို့က ပြောနိုင်တာပေါ့။ ဒါကြောင့် မကြာခင်ပဲ တဆင့်ပြီးတဆင့်၊ တဆင့်ပြီးတဆင့် လုပ်သွားမယ်လို့ ယူဆတယ်။ နောက်ပြီးတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျနော်တို့ တိုင်းရင်းသား အရေးမှာ ပတ်သက်ပြီးတော့ ဆက်သွယ်ရေး တာဝန်ပေးထားတာက ဒေါက်တာတင်မျိုးဝင်းကို။ ဒေါက်တာတင်မျိုးဝင်းကတော့ လွန်းပျံသဖွယ် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျနော်တို့ လက်မှတ်ထိုးပြီးတဲ့အဖွဲ့အစည်းတွေကြားမှာတော့ လွန်းပျံ သဖွယ် လုပ်နေတာတော့၊ ကြိုးပမ်းဆောင်ရွက်နေတာတော့ တွေ့ရတယ်။ တွေ့ရတော့ ဒီဟာကလည်းပဲ မကြာခင်မှာ မေလထဲမှာပဲ၊ မေလနောက်ပိုင်းလောက်မှာပဲ တကယ့်တိကျတဲ့ စီမံချက် စီစဉ်မှု ပေါ်လာမယ်လို့ ကျနော် ယူဆတယ်ဗျ။ ဒါကြောင့် အဲဒီပေါ်မှာတော့ ကျနော်တို့ မျှော်လင့်ချက် ထားတာရှိပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013