DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံ၌ ပါဝင်ထိုက်သူများပါဝင်အောင် ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
DVB
·
May 9, 2016
၂၁ ရာစုပင်လုံညီလာခံ၌ ပါဝင်ထိုက်သူများပါဝင်အောင် ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
Donate to DVB

နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ  ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး  ပါဝင်နိုင်ရေး ဦးတည် ဆောင်ရွက်သွားဖို့  နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မေလ ၉ ရက် နေ့နံနက်ပိုင်းက  နိုင်ငံတော်သမ္မတအိမ်တော်မှာကျင်းပတဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့  ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေးဆိုင်ရာ  ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။

အစည်းအဝေးမှာ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးလုပ်ငန်းတွေနဲ့ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားရေးနဲ့ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေး ဦးတည် ဆောင်ရွက်သွားရေး တို့ကို သဘောတူညီခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဦးဆောင် ကျင်းပတဲ့ ဒီအစည်းအဝေးမှာ စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ အစိုးရကိုယ်စားလှယ်တွေဖြစ်တဲ့  နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာနက ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး ဒေါက်တာမင်းဇော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အမျိုးသားရင်ကြားစေ့ရေးနဲ့  ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကိုတော့ လာမည့် သီတင်းပတ်အတွင်း ဆက်လက်ကျင်းပသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံကို အချိန်မဆွဲဘဲ တစ်လနှစ်လ အတွင်းကျင်းပဖို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်ကပဲ တိုက်တွန်းပြောကြားထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013