DVB Logo
Home
မေးမြန်းခန်း
ငွေလဲနှုန်း သတ်မှတ်ရေး – စီးပွားရေးမဂ္ဂဇင်း အယ်ဒီတာချုပ်ကို မေးမြန်းခြင်း
DVB
·
August 30, 2011
ငွေလဲနှုန်း သတ်မှတ်ရေး – စီးပွားရေးမဂ္ဂဇင်း အယ်ဒီတာချုပ်ကို မေးမြန်းခြင်း
Donate to DVB

ငွေလဲနှုန်းကို တဒေါ်လာ ကျပ် ၉၀၀ နဲ့ ၁,၀၀၀ ကြား သတ်မှတ်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အစိုးရက ဘယ်သူမှ မနစ်နာမယ့် နှုန်းထားတခု သတ်မှတ်နိုင်ဖို့  ကြိုး ပမ်းနေတယ်လို့လည်း သိရပါတယ်။

တဒေါ်လာကို ၇၃၀ ကျပ်ဝန်းကျင် ဈေးပေါက်နေချိန်မှာ ဒေါ်လာနဲ့ဆက်စပ်ပြီး စီးပွား ရေးအခြေအနေ၊ ဖြစ်နိုင်ခြေတွေကို မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်း အယ်ဒီတာချုပ် သီဟစော ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်လာဈေး ကျနေချိန်မှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ အပါအ၀င် လုပ်ငန်း အတော် များများရဲ့ အနေအထား ဘယ်လိုတွေ့ရပါသလဲ။

“ကိုယ့်တိုင်းပြည်ရဲ့ပိုက်ဆံ ကျပ်ဖြစ်ဖြစ်၊ ဘတ်ဖြစ်ဖြစ် တန်ဖိုးမြင့်လာတယ်ဆိုရင် Exporter (ပို့ကုန်သမားတွေ)က ထိတယ်။ ဥပမာ- တဒေါ်လာကို အစက (ကျပ်) ၁,၀၀၀ ပေါ့။ အခု ၇၀၀ ဆိုပါစို့၊ အကြမ်းဖျင်းပေါ့။ ပထမက ငါးရောင်းလို့ တသန်းဖိုး ရတယ်ဆိုရင် ပြန်လာတဲ့အခါ ဗမာကျပ် သန်း ၁,၀၀၀ ရတယ်။ အခုဆိုရင် ကျပ်သန်း ၇၀၀ ပဲရတာပေါ့။ အဲဒါဆိုရင် ရောင်းတာတော့ တသန်းဖိုးရောင်းတာပဲ။ ပြည်တွင်းမှာ ပြန်ရတဲ့အခါ သူ့ငွေက နည်းသွားတာပေါ့။ ကိုယ့်မိခင်နိုင်ငံငွေ ကျပ်တန်ဖိုး တက်တယ်ဆိုရင် Exporter တွေက အမြဲတမ်းရှုံးတာပဲ။ အခုလည်း အဲဒီပြသနာမျိုးတွေ တွေ့ရတာပေါ့။”

ပြည်ထောင်စုဝန်ကြီးတဦးက အမေရိကန်ဒေါ်လာနှုန်းထားကို ၉၀၀ နဲ့ ၁,၀၀၀ ကြား သတ် မှတ်မှပဲ အားလုံး လုပ်နိုင်ကိုင်နိုင် ရှိလိမ့်မယ်လို့ ပြောလိုက်တဲ့အတွက် ၉၀၀ နဲ့ ၁,၀၀၀ ကြားဆိုတာ လုပ်ငန်းရှင်တွေ တကယ်အလုပ်ဖြစ်နိုင်တဲ့ အနေအထား တွေ့ရလား။

“အရင်က ၁,၀၀၀ - ၁,၂၀၀ ရောက်ခဲ့ဖူးတာကိုး။ အဲဒီလောက် ပြန်သွားရင်တော့ အရင်လိုပဲ အလုပ်ဖြစ်မယ်လို့ တွက်တာပေါ့။ ဒါပေမယ့် အဲဒီလောက်ရောက်ဖို့ဆိုတာ လွယ်မလွယ် မပြောနိုင်ဘူး။ နှစ်ပိုင်းရှိတယ်။ နိုင်ငံတကာမှာလည်း ဒေါ်လာတန်ဖိုးက ဆက်တိုက်ကျနေတာ။ နောက်တပိုင်းက ပြည်တွင်းမှာလည်း အဲဒီ ၇၀၀ လောက် ရောက်နေတဲ့ ပိုက်ဆံကို ၉၀၀ လောက်ထိအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားစရာ ရှိတာပေါ့။

“အစိုးရအနေနဲ့က Money Supply လို့ခေါ်တဲ့ လှည့်ပတ်စီးဆင်းတဲ့ မြန်မာကျပ်ငွေ ပမာဏကို အရမ်းတိုးပစ်လိုက်ရလိမ့်မယ်။ တကယ်တမ်းပြောရင်တော့ ၉၀၀ လောက်ကို ရောက်အောင် တိုးရင်တိုလို့ရတယ်။ ဒါပေမယ့် အဲဒီလိုလုပ်တယ်ဆိုရင် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတက်မှုတွေ ဖြစ်လာမှာတခု ရှိမယ်။ အဲဒီဘက်က အကျိုးဆက်တွေကို ရင် ဆိုင်ရဦးမယ်။ အဲဒီလို ချက်ချင်းကြီး ဆွဲတင်လို့ ရမယ်မထင်ဘူး။”

စီးပွားရေးပညာရှင်က နေပြည်တော်မှာ ပြောခဲ့တာက ဒီကိစ္စကို အစိုးရအနေနဲ့ အလျင်အ မြန် ကုစားဖို့လိုတယ်။ ဥပမာ၊ အစိုးရအနေနဲ့ ၀င်ဝယ်လိုက်ဖို့လည်း တိုက်တွန်းသွားတာမျိုး ရှိတယ်။ အဲဒါမျိုးကရော တကယ်ဖြစ်နိုင်မလား။

“ပရော်ဖက်ဆာဦးမြင့် တင်တဲ့စာတမ်းထဲမှာ ကျနော်တို့လည်း တွေ့လိုက်ပါတယ်။ ဒါက နိုင်ငံတကာမှာလည်း လုပ်လေ့ရှိပါတယ်။ ကိုယ့်ငွေတန်ဖိုးကို မြှင့်ချင်နှိမ့်ချင်တဲ့အခါ မှာ ဗဟိုဘဏ်တွေက ၀ယ်ပြီးလုပ်ဆောင်လေ့ရှိတာပေါ့။ ဒါက နိုင်ငံတိုင်းမှာ လုပ်လေ့ရှိ တယ်။ အဲဒီအခါမျိုးမှာ ဒေါ်လာဝယ်သင့်ရင် ၀ယ်တယ်၊ ကျပ်ဝယ်သင့်ရင် ၀ယ်တယ်၊ စသ ဖြင့်ပေါ့။ Government Intervention (အစိုးရက ကြားဝင်ဆောင်ရွက်ခြင်း) လို့ ခေါ်တယ်။ ဗဟိုဘဏ်က ဈေးကွက်ထဲမှာ ၀င်ကစားပေးတာပေါ့။ အဲဒီလိုလုပ်လို့လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလိုမယ်ဆိုရင်လည်း ၉၀၀ - ၁,၀၀၀ ထိ ရောက်အောင်တော့ လုပ် လို့ရမယ် မထင်ဘူး။ တန်ဖိုးတခုတော့ လုပ်လို့ရမယ်။ အများကြီးတော့မထင်ဘူး။ ကျန်တဲ့ ရင်ဆိုင်ရမယ့်အကျိုးဆက်တွေကို  ထည့်ပြီးစဉ်းစားရမှာပဲ။”

ငွေလဲလှယ်နှုန်း သတ်မှတ်ဖို့က IMF (အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့) က ပညာ ရှင်တွေရဲ့ အကူအညီကို ရယူဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ပညာရှင်တွေက လာမယ့် အောက်တိုဘာလဆန်းလောက်မှ မြန်မာပြည်ကိုရောက်မယ်လို့လည်း သိရ ပါတယ်။ ဒီတော့ ဒီကြားထဲမှာ ဒီအတိုင်း ဒေါ်လာဈေးအကျဈေးနဲ့ပဲ ဆက်သွားနေမယ်၊ အစိုးရကလည်း တစုံတရာ ၀င်ပြီးတော့ဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဒီကြားကာလမှာ အများဆုံး နစ်နာသွားမှာက ဘယ်သူတွေ ဖြစ်မလဲ။

“IMF က လိုတော့လိုတယ်။ သူတို့ဘက်က ကျွမ်းကျင်မှုအကူအညီတွေ၊ ငွေကြေး အကူအညီတွေ၊ စသည်ဖြင့်ပေါ့။ ဒါပေမယ့် လက်ရှိလည်း ပြည်တွင်းမှာ ရှိသလောက်အား နဲ့ လုပ်မယ်ဆိုရင်လည်း ရတဲ့ဟာတွေ ရှိပါတယ်။ ခုနပြောသလို Intervention ပေါ့၊ ဆက်ပြီးမကျသွားအောင် ထိန်းပေးထားတာတို့၊ နည်းနည်းတက်အောင် လုပ်ပေးတာတို့။ အစိုးရကလည်း ဘာမှမလုပ်ဘဲတော့ မနေပါဘူး။ Export သမားတွေနဲ့ ပတ်သက်လို့ ကုန် Commercial Tex ကုန်သွယ်ခွန် လျှော့ပေးတာတို့၊ သက်သာအောင်ပေါ့၊ လုံးဝကြီး 100 percent (ရာနှုန်းပြည့်) ကုစားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သက်သာအောင် ကုစား ပေးတဲ့အပိုင်းတွေတော့ ရှိပါတယ်။ တကယ်လုပ်မယ်ဆိုရင် World Bank (ကမ္ဘာ့ဘဏ်) တို့ IMF တို့ အကူအညီကတော့ လိုအပ်တာ အမှန်ပဲ။”

အများ ပြောနေထင်နေကြတာက “ကိုယ့်လက်ထဲ ဒေါ်လာမရှိဘူး၊ ဒေါ်လ ငါတို့နဲ့ မဆိုင် ဘူး”ပေါ့။ အဲဒီလိုပြောလို့ရမလား။ ဒီကိစ္စက သာမန်ပြည်သူတွေကိုရော ဘယ်လို သွားထိ ခိုက်နိုင်သလဲ။

“အဲဒီလိုတော့ ပြောလို့မရဘူး။ ဥပမာ၊ ဒေါ်လာနဲ့ လစာရသူတွေဆိုရင် ထိခိုက်တာ ပေါ့။ ‘ကိုယ်က ကျပ်နဲ့ရတာပဲ၊ ငါ တလကို ၆၀,၀၀၀ ရတယ်၊ တသိန်းရတယ်ဆိုပြီး မထိ ခိုက်ဘူး’ပေါ့။ အဲဒီလိုဆိုပေမယ့် အများပြည်သူ ထိခိုက်မှုရှိတယ်၊ ဥပမာ၊ ငါးလုပ်ငန်း၊ ပဲလုပ်ငန်း၊ အဲဒီမှာ နိုင်ငံခြားကို ကုန်တင်ပို့တဲ့သူတွေက ထိခိုက်တယ်ဆိုရင် သူက၀ယ်တဲ့ အခါမှာ၊ ပြည်တွင်းမှာ ၀ယ်ရခြမ်းရတာတွေ ရှိတာပဲ … ပြည်တွင်းမှာ ငါးမွေးတဲ့သူတွေ၊ ငါးကန်သမားတွေ၊ ပဲသမားတွေ၊ အရင်ဆုံး အဲဒီအဆင့်လောက်ထိ ဂယက်က ထိခိုက်မှာပဲ လေ။ ဆိုတော့ အများကို မထိခိုက်ဘူးဆိုတာ မဟုတ်ပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013