
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှာ မေလ ၇ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။
တအိမ်လုံးလောင်ကျွမ်းသွားတဲ့ အိမ်တွေရော၊ တပိုင်းလောင်တဲ့ အိမ်နဲ့ မီးကူးမှာကြောက်လို့ ဖျက်လိုက်ရတဲ့အိမ်တွေပါ စုစုပေါင်း ၁၃ လုံးရှိပြီး လူပေါင်း ၅၈ ယောက်အတွက် အ၀တ်အ စားတွေရော နေအိမ်ပြန်ဆောက်ဖို့ အကူအညီလိုနေတယ်လို့ ရပ်ကွက် ၁၅ မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး နော်လွဲစေးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က ကျမတို့ကို ယူအန်အိတ်စီအာရ်ကရော၊ အန်ဂျီအိုတွေရော၊ ထိုင်းပြည်သူ့ စစ်တွေရော လာကူကြပါတယ်။ ဆန် ၂ အိတ်နဲ့ ၃၅ ကီလို ပေးသွားတယ်။ ဒယ်အိုးကတစ်အိမ် ၂ လုံးရတယ်။ စောင်တွေလည်း ပါပါတယ်၊ လောလောဆယ် စားဖို့ မပူရဘူး။ နေဖို့လည်း တခြား အိမ်တွေမှာ သွားတည်းကြတယ်။ ဒါပေမယ့် အ၀တ်အစားတွေအကုန်မီးထဲပါသွားတော့ အ၀တ် အထည်လိုတယ်။ အထူးသဖြင့်ကလေးတွေပေါ့၊ နေအိမ်ပြန်ဆောက်ဖို့လည်း သစ်တွေ ၀ါးတွေ အကူအညီလိုချင်တယ်။”
ကူညီလိုသူတွေအနေနဲ့ အုန်းဖျန်ဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဖုန်းနံပတ် ၀၈၄ ၄၉၀ ၉၀၈၂ နဲ့ ၀၈၂ ၁၇၄၁၉၈၅ ကိုဆက်သွယ်ကူညီနိုင်တယ်လို့ နော်လွဲစေးက ပြောသွားပါတယ်။
အဲဒီနေ့က မီးဟာ ရပ်ကွက် ၁၅ ဇုန်- စီရှိ နေအိမ် ၂ လုံးကြားထဲကနေ စတင်လောင်တာဖြစ်ပြီး ဘယ်အိမ်ကစလောင်မှန်း မသိသေးပေမယ့် ပေါ့ဆမီးလို့ယူဆရတယ်လို့ ဆိုပါတယ်။
အုန်းဖျန်က္ခသည်စခန်းမှာ လူပေါင်းတစ်သောင်းကျော် ခိုလှုံနေကြရှိပြီး တိုင်းပြည်နိုင်ငံရေး ပြောင်းလဲလာပြီဖြစ်တဲ့အတွက် ပြည်တွင်းမှာ ပြန်လည်အခြေချဖို့ ကြိုတင်ပြင်ဆင်ထားဖို့ ယူအန် အိတ်ခ်ျစီအာရ် (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး)က ၀န်ထမ်းတွေ လာရောက် အကြောင်းကြားထားကြောင်း၊ ဘယ်နေ့ ပြန်ပြီး ဘယ်နေရာသွားနေရမယ်တိုတာတော့ မသိ ရကြောင်း နော်လွဲစေးက ပြောသွားပါတယ်။











