DVB Logo
Home
Lead Story
ဝေဒနာများနေပါစေ စေတနာ မရှားစေနဲ့
DVB
·
May 9, 2016
ဝေဒနာများနေပါစေ စေတနာ မရှားစေနဲ့
Donate to DVB

ကြက်ခြေနီဆိုတာ ပြောဖို့တောင် မလိုအောင် မွန်မြတ်၊ လိုအပ်တဲ့ လုပ်ငန်းပါ။ တွေ့ဖူးသမျှ ဘေးအန္တရာယ်ကျ၊ ဒုက္ခရောက်ရတာတွေမှာသာ Red Cross, Rescue Team တွေက ကူညီကြရတယ်။ သူတို့ကို တတ်ကျွမ်းအောင်လည်း သင်ပေးထားသလို အသုံးအဆောင် မှန်သမျှကိုလည်း ခေတ်နဲ့အညီ၊ နည်းပညာနဲ့အမီ တပ်ဆင်ပေးထားကြတယ်။ မြန်မာပြည်မှာလို တခြားနေရာ၊ တခြားအလုပ်တွေမှာ ဝင်ရှုပ်ခိုင်းတာ မတွေ့ဖူးသေးဘူး။

ဟင်နရီ-ဒူးနန့်ရဲ့ မွေးနေ့ဖြစ်တဲ့ မေလ ၈ ရက်ကို နှစ်စဉ်နှစ်တိုင်း World Red Cross and Red Crescent Day ကမ္ဘာ့ကြက်ခြေနီနေ့လို့ သတ်မှတ်ထားတယ်။

ဆွစ်ဇာလန်နိုင်ငံကို ချီးကျူးဖို့ ကောင်းတာတွေထဲမှာ ကမ္ဘာစစ်ကြီးတွေတိုင်းမှာ ကြားနေခဲ့နိုင်တာ၊ အကောင်းဆုံး ဘဏ်တွေရှိတာ၊ အကောင်းဆုံးနာရီနဲ့ မောင်းချဓားကအစ အလွန်တိကျပြီး အသေးစိပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်တာအပြင် သူ့နိုင်ငံသား (ဟင်နရီ-ဒူးနန့်) က မျိုးစေ့ချတဲ့ ကြက်ခြေနီလည်းပါတယ်။

ဟင်နရီ-ဒူးနန့်ဟာ စီးပွားရေးသမားပါ။ သွားရင်းလာရင်း လူလေးသောင်း သေကျေခဲ့ရတဲ့ သြစထရို-ဆာဒီးနီးယားစစ်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်ရာကနေ ကြက်ခြေနီဇာတ်လမ်း စခဲ့တာပါ။ တတိယ နပိုလီယန် ခေတ်ပေါ့။ အသောကဘုရင်ရဲ့ ကာလိင်္ဂစစ်ပွဲကြီးအပြီး ဗုဒ္ဓဘာသာ ထွန်းကား စည်ပင်စေနိုင်ခဲ့သလိုမျိုး၊ စစ်ပွဲကနေ ကောင်းတဲ့သင်ခန်းစာ ယူနိုင်ခဲ့တဲ့ နောက်ဥပမာတခုလည်း ဖြစ်ပါတယ်။ အဆိုးထဲက အကောင်းရှာတတ်တာ ပညာရှိပါပဲ။

သူကနေ A Memory of Solferino စာအုပ်ကို ၁၈၆၂ မှာ ရေးထုတ်ခဲ့တယ်။ နောက်နှစ်မှာ ငါးဦးကော်မတီကို ဖွဲ့ခဲ့တယ်။ ငါးဦးကော်မတီရဲ့ စိတ်ဝင်စားဖို့ ကောင်းလှတဲ့ အချက်ကတော့ သူက စီးပွားရေးသမား၊ ကျန်းမာရေးပညာရှင်နှစ်ဦး၊ ဥပဒေပညာရှင်တဦးနဲ့ စစ်ဗိုလ်ချုပ်တဦးတို့ ပါခဲ့ကြတာဖြစ်တယ်။ (ပရော်ဖက်ရှင်နယ်) ခြားနားကြပေမယ့် စေတနာ အားကောင်းကြရာမှာ သွားတူနေကြတယ်။ အတူတွဲလုပ်ကြလျှင် အောင်မြင်သည်ဆိုတာကို ပြတာပါပဲ။ ကြီးကျယ်တဲ့အရာကို ငါတို့ချည်းသာ လုပ်လို့မရပါလားလို့လည်း သင်ခန်းစာပေးလိုက်တယ်။

ကြက်ခြေနီ အမှတ်အသားကို ၁၈၆၄ ပထမအကြိမ် (ဂျနီဗာ-ကွန်ဗင်းရှင်း) ပြီးတဲ့နောက် ဆွစ်ဇာလန်နိုင်ငံ အလံအရောင်ကို ပြောင်းပြန်ပြုထားတဲ့ အဖြူခံပေါ် အနီရောင် ကြက်ခြေကို သတ်မှတ်ခဲ့ကြတယ်။ နောက်မှာ ကြက်ခြေနီလိုပဲ Red Crescent လခြမ်းနီ အမှတ်အသားကို စသုံးခဲ့ကြတာကတော့ (အော်တိုမန်-အင်ပါယာ) နဲ့ ရုရှားစစ် (၁၈၇၇-၁၈၇၈) က ဖြစ်တယ်။ အခု အဲလိုနိုင်ငံပေါင်း ၃၃ ခုရှိနေပြီ။ ၂ဝဝ၅ ခုနှစ်မှာ Red Crystal ကိုပါ တချို့တိုင်းပြည်တွေမှာ သုံးနိုင်လာကြတယ်။ Red Star of David ဆိုတဲ့ အစ္စရေးတို့ လုပ်ချင်တာကတော့ တရားဝင် မဖြစ်သေးပါဘူး။

အမှတ်တံဆိပ်တွေ အမျိုးမျိုးရှိပါစေ၊ နိုင်ငံတွေကွဲပြားပါစေ၊ ပြောင်းလို့မရ၊ ပြောင်းဖို့မသင့်တဲ့ ကြက်ခြေနီရဲ့ အနှစ်ကတော့ Mercy and Absolute Nuetrality သနားညှာတာစိတ်နဲ့ အကြွင်းမဲ့ ဘက်မလိုက်မှု ဖြစ်ပါတယ်။

ဘက်မလိုက်ဆိုတာ Non-Aligned ကို ပြောတာမဟုတ်ပါ။ NAM ဘက်မလိုက်လှုပ်ရှားမှုဆိုတာ စစ်အေးခေတ်မှာ ဘယ်ဘက်မှ မလိုက်ခဲ့တဲ့ အုပ်စုဖြစ်ပြီး စစ်အေးခေတ် နောက်မှာတော့ အစိုးရတွေနဲ့ချည်း ဖွဲ့ထားတဲ့အဖွဲ့ဖြစ်လို့ ကုလသမဂ္ဂလိုပဲ ရေများ-ရေနိုင်၊ မီးများ-မီးနိုင်။ အစိုးရတွေ မကြိုက်တာမှန်သမျှ ဘာမှမလုပ်ကြပါ။ မြန်မာ့ ဒီမိုကရေစီရေးမှာ စစ်အစိုးရဘက်သာ လိုက်ခဲ့ပါတယ်။

ကြက်ခြေနီရဲ့ Neutrality ဘက်မလိုက်မှုဆိုတာ စစ်ဖြစ်နေတဲ့ အုပ်စုနှစ်ခုရှိရင် ဟိုနိုင်ငံ၊ ဒီနိုင်ငံ၊ ဘက်မလိုက်ရဘူး။ အစိုးရဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ် ဘက်မလိုက်ရဘူး။ မတူတဲ့၊ အယူအဆကွဲတဲ့၊ ဘက်နှစ်ဘက်မှာလည်း အစိုးရအကြိုက်၊ အတိုက်အခံအကြိုက် ဘယ်ဘက်ကိုမှ မလိုက်ရတာ ဖြစ်ပါတယ်။

Absolute အကြွင်းမဲ့သဘောကို ပိုလို့တောင် သိဖို့၊ လိုက်နာဖို့ လိုပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ ခွဲခြားမှု လုံးဝကင်းရတယ်။ ဒုက္ခရောက်နေတာ၊ ကျိုးပဲ့နေတာ၊ သေလုမြောပါး ဖြစ်နေတာတွေကိုသာ စေတနာစိတ် ထားပါလေ။ စေတနာနဲ့ စာနာစိတ်ဟာ အမိန့်လာမှ ထွက်ရတာ မဟုတ်ပါ။

ကြက်ခြေနီဆိုတာ လူငယ်ဘဝက စကြတာများတယ်။ ပြောဖို့တောင် မလိုအောင် မွန်မြတ်လိုအပ်တဲ့ လုပ်ငန်းပါ။ ရေကြီး၊ မီးလောင်၊ မုန်တိုင်းမွှေ၊ မြေပြို၊ လေယာဉ်ပျက်၊ ငလျင်လှုပ်၊ ရထားမှောက်၊ ဒုက္ခရောက်တာမှန်သမျှ ကူညီကြတယ်။ သူတို့ကို တတ်ကျွမ်းအောင်လည်း သင်ပေးထားသလို အသုံးအဆောင် မှန်သမျှကိုလည်း ခေတ်နဲ့အညီ၊ နည်းပညာနဲ့အမီ တပ်ဆင်ပေးထားကြတယ်။ သူများဆီမှာတော့ ဘေးအန္တရာယ်ကျ၊ ဒုက္ခတွေ့ရတာတွေမှာသာ ကြက်ခြေနီအဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကြပြီး တခြားနေရာ၊ တခြားအလုပ်တွေမှာ ဒီလူတွေက ဝင်ရှုပ်တာ မတွေ့ဘူးပါ။

မြန်မာနိုင်ငံမှာက ဒီနေရာမှာလည်း ထူးခြားတယ်။ မဆလခေတ်က မြို့နယ်ဆရာဝန်လုပ်တုန်း ကြက်ခြေနီသင်တန်းတွေ ပေးခဲ့ဖူးတယ်။ သင်တန်းအပြီးမှာ စာမေးပွဲစစ်တော့ သူများတွေကတော့ သင်တန်းသားတွေထဲက ဆရာဝန့်သားပဲ ပထမရမှာလို့ တွက်ထားကြသတဲ့။ အဖြေထွက်တော့ ဘယ်ဟုတ်မလဲ။ ပါတီလူကြီးသားက ပထမတဲ့။ မေးခွန်းထဲမှာ ရှေးဦးသူနာပြု မေးခွန်းထက် ပိုများတဲ့ မဆလပါတီအကြောင်းနဲ့ စားသွားတာတဲ့။

စစ်အစိုးရလက်ထက်ရောက်တော့ ကြက်ခြေနီနဲ့ မီးသတ်တပ်ဖွဲ့ကို အလုပ်နဲ့ မဆိုင်တာတွေကို သင်ပေးတာ၊ ဆင်ပေးတာ၊ အသုံးချတာတွေ လုပ်လာပါတယ်။ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကို အင်အားညှိဖို့မှာ သုံးခဲ့တယ်။ စစ်တပ်ရဲ့ အရန်အင်အားတရပ်လို ဖြစ်စေခဲ့တယ်။ စွမ်းအားရှင်ဆိုတာနဲ့ မရှေးမနှောင်းမှာပါ။ အခုအခြေအနေကို မသိပါ။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013