DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအလယ်ပိုင်း လေပြင်းနှင့်လေဆင်နှာမောင်း တိုက်ခတ်နိုင်
DVB
·
May 8, 2016
မြန်မာနိုင်ငံအလယ်ပိုင်း လေပြင်းနှင့်လေဆင်နှာမောင်း တိုက်ခတ်နိုင်
Donate to DVB

ဒီနှစ်မေလအတွင်း မြန်မာနိုင်ငံအနေနဲ့ မုန်တိုင်းဖြစ်နိုင်ခြေနည်းပေမယ့် မြန်မာ နိုင်ငံအလယ်ပိုင်းဒေသတွေမှာ လေပြင်းတိုက်ခတ်တာ၊ လေဆင်နှာမောင်းတိုက်ခတ်တာတွေနဲ့ ကြုံရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သတိပေး ပြောဆိုလိုက်ပါတယ်။

ဒီနှစ်မေလဟာ အယ်လ်နီညိုရာသီဥတုနဲ့ကြုံရတာကြောင့် မြန်မာနိုင်ငံအနေနဲ့ မုန်တိုင်းဝင်ရောက်နိုင်ခြေနည်းတဲ့အကြောင်း မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က အခုလို ခန်းမှန်းပြောဆိုခဲ့ပါတယ်။

“မေလဟာ မြန်မာနိုင်ငံမှာ မုန်တိုင်းအများဆုံးဝင်တတ်တဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် မေလအတွင်းဖြစ်တဲ့ မုန်တိုင်းတွေ၊ အထူးသဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်လာရင် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မေလက အယ်လ်နီညို မေလ ဖြစ်နေတဲ့အတွက်ကြောင့် ယခင်အတွေ့အကြုံများအရ အယ်လ်နီညိုနှစ်တွေမှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်တတ်တဲ့ အကြိမ်အရေအတွက် များစွာ လျော့နည်းတတ်တဲ့အတွက်၊ ဒီနှစ်မှာတော့ မုန်တိုင်းအန္တရာယ် လျော့နည်းနိုင်တယ်လို့ ယေဘုယျအားဖြင့်တော့ ခန့်မှန်းရပါတယ်။ သို့သော်ငြားလည်း လာမယ့် မေလအတွင်း မုန်တိုင်း ဖြစ်မယ်ဆိုရင်တော့ မုန်တိုင်းသတင်းကိုတော့ စောင့်ကြည့်ဖို့တော့ လိုဦးမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရာသီဥတုဆိုတာ အပြောင်းအလဲရှိတတ်ပါတယ်။”

ဒီနှစ်အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံမှာ အပူချိန်စံချိန်သစ်တင်တဲ့ အကြိမ်အရေ အတွက်ဟာ ၃၀ ကျော်ပြီဖြစ်ပြီး၊ စံချိန်ချိုးခဲ့တဲ့ မြို့အရေအတွက်ဟာလည်း ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။

ဒီလို နေ့အပူချိန်မြင့်တက်မှုကြောင့် မိုးတိမ်တောင်တွေ ဖြစ်ပေါ် တတ်ပြီး တခါတရံမှာ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေကျတာ၊ မိုးကြိုးပစ်တာတွေနဲ့ ကြုံရတတ်ပါတယ်။

ဒီမိုးတိမ်တောင်တွေဟာလည်း မွန်းလွဲညနေပိုင်းမှာ ဖြစ်တတ်တာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ သတိထားကြဖို့ မိုးလေဝသ ပညာရှင်ဒေါက်တာဦးထွန်းလွင်က ပြောပါတယ်။

“အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတ၀ှမ်းမှာ မိုးတိမ်တောင်များ အများအပြား ဖြစ်နိုင်တဲ့အနေအထား ရှိနေပါတယ်။ နောက်ထပ် လေးငါးရက်ခန့် မိုးတိမ်တောင်တွေ ဟာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း မှာ အများဆုံးဖြစ်ပေါ်နိုင်ပြီးတော့ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း စတဲ့ဒေသတွေမှာလည်း မိုးတိမ်တောင်များ ဖြစ်နိုင်တဲ့အတွက် မိုးတိမ် တောင်ဖြစ်ပေါ်တိုင်း လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက် မိုးသည်းထန်ခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ဟာ အမြဲလိုလိုဖြစ်တတ်ပါတယ်။ တကယ်လို့ မိုးတိမ်တောင်ဟာ အတော်အသင့် အားကောင်းလာမယ်ဆိုရင်တော့ မိုးသီးကြွေခြင်း၊ မိုးကြိုး ပစ်ခြင်းတို့ကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ အဲ့ဒီထက်ပိုပြီး အားကောင်းမယ်ဆိုရင် တော့ လေဆင်နှာမောင်းတိုက်ခတ်ခြင်းတို့လည်း ဖြစ်ပေါ်တတ်တဲ့အတွက် မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေထိုင်ကြတဲ့သူများအနေနဲ့ မွန်းလွဲညနေပိုင်းတွေမှာ မိုးတိမ်တောင်အန္တရာယ်ကို သတိပြုဖို့ လိုမှာဖြစ်ပါတယ်။”

မုတ်သုန်ရာသီဥတုအနေနဲ့ကတော့ မြန်မာနိုင်ငံအနေနဲ့အယ်လ်နီညိုရာသီဥတုနဲ့ ကြုံခဲ့ရတာကြောင့် မုတ်သုန်လေဝင်ရောက်တာဟာ ပုံမှန်ထက်နောက်ကြဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းကို ပုံမှန်ထက် ၁၅ ရက်နောက်ကျမှာဖြစ်ပြီး၊ မေလ ၂၀ ရက်နေ့လောက်မှ ဝင်ရောက်မှာဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်ကိုတော့ ပုံမှန်ထက် ၁၀ ရက်နောက်ကျပြီး၊ မေလ ၂၅ ရက်နေ့မှာ ဝင်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းကိုတော့ ပုံမှန်ထက် ၁ ပတ် နောက်ကျပြီးတော့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အတူ ဇွန် ၁ ရက်နေ့လောက်မှာ ဝင်ရောက်နိုင်လိမ့်မယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013