DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီ (ရုပ်သံ)
DVB
·
May 7, 2016
လက်ပံတောင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီ (ရုပ်သံ)
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဆန္ဒပြ ဒေသခံတွေနဲ့ လုံခြုံရေးရဲတွေ
မေ ၆ ရက်နေ့က ထိပ်တိုက်တွေ့ဆုံနေပြီး ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြပါတယ်။

ဗွီဒီယိုဖိုင်ထဲမှာတော့ နှစ်ဖက်ထိပ်တိုက်တွေ့ရာမှာ ဒိုင်းတွေနဲ့ ကာထားတဲ့ လုံခြုံရေးတွေကို ဆန္ဒပြသူတွေက အတင်းဖယ်ရှားခိုင်းသလို ရဲတွေက ပြန်လည်တွန်းထုတ်ခဲ့ကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေက လုံခြုံရေး သံဆူးကြိုးတွေ ဖယ်ရှားနေတာတွေကိုလည်း ဖယ်ရှားနေတာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ မေလ ၆ ရက်နေ့က ၃ ရက်မြောက်နေ့အဖြစ် ဒေသခံတောင်သူတွေ ဆန္ဒပြနေကြတာပါ။

အင်အား ၂၀၀ နီးပါးလောက်ရှိတဲ့ ရွာသားတွေဟာ မေလ ၅ ရက်နေ့မှာ စီမံကိန်းပြန်စမယ်ဆိုတာကိုလက်မခံတဲ့အတွက် အခုလို ဆန္ဒပြကြတာဖြစ်ပါတယ်။

“မနေ့ညလည်း လုံးဝအဖြေမရခဲ့ဘူး။ ဒါနဲ့ဆို ၃ ရက်ရှိသွားပြီ။ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နေ့တွေ ဆက်တိုက်လာတယ်။ အဖြေမရတဲ့အတွက် အခုလို ဆက်တိုက်လာတာ။ ရဲတွေလည်း အင်အားနဲ့ သံဆူးကြိုးတွေနဲ့ ရှေ့မတိုးနိုင်အောင် တားထားပါတယ်။ ကျမတို့လည်း ၂၀၁၄၊ ၂၀၁၅ သီနှံလျော်ကြေးမရတာ စီပွားရေးလည်း အဆင်မပြေတဲ့အတွက် လာပြီးတောင်းဆိုတာပါ။ တာဝန်ရှိတာဝန်ခံပုဂ္ဂိုလ်တွေနဲ့ တွေ့ပေးပါတောင်းဆိုတာကို တွေ့ခွင့်မပေးဘဲ ရဲတွေက ဒေသခံတွေကို တွန်းလှဲပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတာပါ” ဆန္ဒပြသူ တဦးက ပြောပါတယ်။

ဆန္ဒပြ တောင်သူတွေဟာ တားမြစ်ထားတဲ့ စည်းကို ကျော်ဖြတ်ပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် ရဲအင်အားရာနဲ့ချီအသုံးပြုပြီး ဆန္ဒပြသမားတွေကို တားဆီးခဲ့ကြပါတယ်။

ဒါပေမယ့် ဒေသခံတွေက ပထမစည်းကိုဖောက်ထွက်နေကြပြီး နေ့လယ် ၃ နာရီလောက်မှာ ဆန္ဒပြပွဲစပေမယ့် ရဲတွေကတော့ ပုသိမ်မုံရွာလမ်းကို ၂ နာရီမထိုးခင်ကတည်းက ပိတ်ဆို့ထားခဲ့တဲ့အတွက် နှစ်ဖက် ပဋိပက္ခ အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက ကြေးနီစီမံကိန်း ပြန်လည်စတင် လုပ်ကိုင်တော့မယ်လို့ ကြေညာထားတဲ့အတွက် ဒေသခံတွေက ကြေးနီစီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ မေလ ၄ ရက်နေ့ကတည်းက ကုမ္ပဏီရှေ့မှာ သွားရောက်ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ လက်ပံတောင်းဒေသက  မိုးကြိုးပြင်၊ ဆည်တဲ၊ တုံ၊ ဇီးတော စတဲ့ ကျေးရွာ ၁၀ ရွာက  ဒေသခံတောင်သူတချို့ ပါဝင်နေတာပါ။
ဆန္ဒပြတောင်သူတွေကတော့ ဒီစီမံကိန်းမလုပ်ဖို့ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရေး တောင်းဆိုနေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013