DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြေပြိုမှု ထပ်မံဖြစ်ပွား၊ လူဒါဇင်နှင့်ချီ သေဆုံး
DVB
·
May 6, 2016
ဖားကန့်မြေပြိုမှု ထပ်မံဖြစ်ပွား၊ လူဒါဇင်နှင့်ချီ သေဆုံး
1 / 2
Donate to DVB

ကချင်ပြည်နယ် ဖားကန့်အနောက်ဘက် ၃ မိုင်အကွာရှိ  ဆိုင်းတောင်ကျေးရွာအုပ်စု ဘဇံခြောက်ရွာမှာ မေလ ၅ ရက်နေ့ ည ၉ နာရီခွဲလောက်က မြေပြိုမှုဖြစ်ပွားပြီး အနည်းဆုံးလူ ၁ ဒါဇင်လောက် သေဆုံးသွားပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီအချိန်လောက်ထိ မြေစာပုံပိပြီး သေဆုံးသွားသူတွေရဲ့  အလောင်း ၁၃ လောင်းရထားပြီလို့ ကူညီရှာဖွေပေးနေသူ ဖားကန့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်မင်း က ဒီဗွီဘီကို ပြောပါတယ်။

“မြေစာပုံပြိုတဲ့ နေရာက ဘဇံခြောက် တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်ထဲမှာ၊ ညကမိုးရွာတော့ အပေါ်ကမြေပြိုကျပြီး အပေါ်ကလူလည်း ပြုတ်ကျတယ်။ အောက်မှာ ကျောက်တူးနေတဲ့သူပေါ်ကို မြေတွေပိတယ်။ အကုန်လုံး ၂၀ ၀န်းကျင်လောက်ရှိမယ်။ နေ့ခင်းထိ အလောင်း ၁၃ လောင်း တူးလို့ရပြီ။ သေဆုံးသူတွေက မြေကြီးတွေနဲ့ ရုပ်ပျက်ဆင်းပျက် မျက်နှာတွေလည်း စုတ်ပြတ်နေတော့ ဘယ်သူမှန်းမသိဘူး။ ရင်ခွဲရုံရောက်မှ သိရမယ်။ အခုနေတအားပူလို့ ခဏနားထားတယ်။ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းကရော၊ လူမှုကူညီရေး အဖွဲ့တွေပါ အားလုံးဝိုင်းဖော်နေကြတယ်။”

သေဆုံးသူတွေဟာ ကုမ္ပဏီရဲ့ ကျင်းလုပ်သားတွေမဟုတ်ဘဲ စွန့်ပစ်မြေစာအောက်မှာ ရေမဆေး ကျောက်တွေ လိုက်လံရှာဖွေနေတဲ့  အရပ်သား လက်လုပ်လက်စားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလမောင်လဒေါင်ကလည်း သူတို့အဖွဲ့ အနေနဲ့ ဒဏ်ရာရသူ ၂ ဦးကို ပြင်ပဆေးခန်းတစ်ခုဖြစ်တဲ့ နတ်မောက်ဆေးခန်းကို ကနဦး ပို့ဆောင်ပေးခဲ့ကြောင်း၊  သေဆုံးသူတွေထဲမှာ ကချင်လူမျိုး ၈ ဦးပါဝင်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

မနေ့ညက ပြိုသွားတဲ့ မြေစာပုံမှာ အမြင့်ပေ ၂၀၀ ခန့်ရှိပြီး စည်းကမ်းမဲ့ မြေစာပုံစွန့်ပစ်မှုနဲ့ မိုးရွာသွန်းမှုကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။

မနေ့ညက မြေပြိုခဲ့တဲ့  တစ်သုံးလုံးကုမ္ပဏီ လုပ်ကွက်ထဲမှာ မနှစ် နှစ်ကုန်ပိုင်းကလည်း မြေစာပုံပြိုကျလို့ လူပေါင်း တစ်ရာကျော်သေဆုံးခဲ့တယ်လို့ ဦးလမောင်လဒေါင်က ပြောပါတယ်။
ဖားကန့်ဒေသက ဧကပေါင်း ၂ သောင်းဝန်းကျင်မှာ ကျောက်တူးဖော်ရေးလုပ်ငန်းပေါင်း ၆၀၀ လောက် လုပ်ကိုင်နေကြကာ မြေစာပုံပြိုကျမှုတွေလည်း မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဖားကန့်ဒေသမှာ မြေပြိုမှု ၆ ကြိမ်ထက်မနည်းဖြစ်ပွားပြီး  လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013