DVB Logo
Home
မြန်မာသတင်း
တအာင်းတပ်နှင့် ရှမ်းတပ် တိုက်ပွဲကြောင့် ကျောက်မဲရွာသားများ ထွက်ပြေး
DVB
·
May 5, 2016
တအာင်းတပ်နှင့် ရှမ်းတပ် တိုက်ပွဲကြောင့် ကျောက်မဲရွာသားများ ထွက်ပြေး
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ တီအန်အယ်လ်အေ တအာင်းတပ်နဲ့ အာရ်စီအက်စ်အက်စ် ရှမ်းတပ်တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ကျောက်မဲမြို့  အနောက်မြောက်ဘက်က ဟူးဆွန်ကျေးရွာအုပ်စုဘက်မှာ တိုက်ပွဲဖြစ်တာ ကြောင့် ဟူးဆွန်၊ ဟူးကွက်၊ ကိန်းလော၊ တွန့်ဟိုတ် စတဲ့ရွာက ရွာသားပေါင်း ၇၀ ကျော် ဒီကနေ့ မွန်းလွဲပိုင်းက ကျောက်မဲမြို့  တောင်နောဝ့် ကျောင်းတိုက်ကို ရောက်ရှိလာကြတယ်လို့ ကျောက်မဲ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ရွာဘက်မှာ တိုက်ပွဲဖြစ်လို့ မနေရဲတော့ဘူးဆိုပြီး ဖုန်းဆက်လာလို့  မြို့ထဲက ကား ပိုင်ရှင်တချို့တွေ အကူအညီတောင်းပြီး သွားကြိုလာခဲ့တယ်။ နေ့လယ် ၁၂ ခွဲ ၁ နာရီလောက်မှာ ကျောက်မဲဘိုးဘွားရိပ်သာနားက တောင်နောဝ့်ဘုန်းကြီးကျောင်းမှာ နေရာချထားပေးတယ်။  အကုန်လုံး လူ ၇၀ လောက်၊  ကလေးတွေရော၊ အဘိုးကြီးအဘွားကြီးတွေရော၊ အရွယ်စုံပေါ့။ ရှမ်းလူမျိုးလည်း ပါတယ်။ ပလောင်လူမျိုးလည်း ပါတယ်။ သူတို့ စားရေးသောက်ရေး အတွက်လည်း ကျောက်မဲမြို့ပေါ်က အလှူရှင်တွေကို ပြောထားပါတယ်။”

ဒါ့အပြင် ကျောက်မဲရဲ့ မြောက်ဘက် မိုင်းငေါ့မြို့နယ်ခွဲ ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပုန်းလုန်ကျေးရွာအုပ်စု မန့်ပေါက်ရွာသားပေါင်း ၇၀ - ၈၀ လောက်လည်း ထပ်မံရောက်လာဖို့ ရှိကြောင်း၊ လောလောဆယ် သူတို့ကို ကျောက်မဲကျားငါးကောင် ဆေးတိုက်ပိုင် ကားတွေနဲ့ သွားကြိုနေတယ်လို့  သူက ဆက်ပြောပါတယ်။

ငဲမ်းဆိုင်းကျေးရွာဘက်မှာတော့ ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က စစ်ဘေးရှောင် မိန်းကလေး တဦး သေနတ်မှန်ပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေက ပြောကြောင်း၊  အတည်ပြုနိုင်ဖို့အတွက် ထပ်ပြီး စုံစမ်းမေးမြန်းနေဆဲပဲလို့ ဦးစိုင်းထွန်းအောင်က ပြောသွားပါတယ်။

အရင် ဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးအပစ်ခတ်ရပ် လက်မှတ်ထိုးထားတဲ့ အာရ်စီ အက်စ်အက်စ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အပစ်ခတ်ရပ်ရေး မဆွေးနွေးရသေးတဲ့ တီအန်အယ်လ်အေ တအာင်းတပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစပြီး တိုက်ပွဲ တွေ ဖြစ်ပွားခဲ့ပါတယ်။

မနှစ် - နှစ်ကုန်ပိုင်းက တိုက်ပွဲကြောင့် ဒေသခံရွာသားပေါင်း တစ်သောင်းကျော် ကျောက်မဲမြို့ပေါ် နဲ့ အခြားဒေသကို ထွက်ပြေးခဲ့ရပြီး အခြေအနေအေးပြီအထင်နဲ့ ရွာဘက်ပြန်သွားကြပါတယ်။
သင်္ကြန်ကာလ တိုက်ပွဲတွေ ငြိမ်သက်နေရာက ဒီမေလဆန်းပိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်ဖြစ်နေတာပါ။

တိုက်ပွဲဖြစ်ရတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော်က  တီအန်အယ်လ်က သူတို့ကို စတိုက်လို့   သူတို့က ပြန်ပစ်တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို တီအန်အယ်လ်အေဘက်က လည်း   ရှမ်းပြည်တပ်မတော်ဟာ သူတို့ထိန်းချုပ်မြေထဲ ကျူးကျော်ဝင်ရောက်လာလို့ ပစ်ခတ်ရ တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013