DVB Logo
Home
Lead Story
၂၁ ရာစု ပင်လုံညီလာခံသို့
DVB
·
May 5, 2016
၂၁ ရာစု ပင်လုံညီလာခံသို့
Donate to DVB

ပင်လုံလို့ဆိုယုံနဲ့ရင်ခုန်တယ်ဆိုရင် စာဖတ်သူတွေက အကဲဆတ်လွန်းရန်ကောလို့ပြောရင်လည်း ကျေကျေ နပ်နပ်အပြောခံပါတယ်။ တကယ်တော့ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်တနှစ်အလို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ မှာကျင်းပခဲ့တဲ့ ပင်လုံညီလာခံဆိုတာ နှစ်ပေါင်းထောင်ချီအောင် တမြေထဲနေတရေထဲသောက်ခဲ့ ကြတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေရဲ့ အသွေးအသားထဲက စီးမျောလာတဲ့ အဖိနှိပ်မခံလိုတဲ့စိတ်ဓာတ် တပါးကျွန် မခံလိုတဲ့စိတ်ဓာတ်၊ သွေးချင်းသားရင်း စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို တညီတညွတ်ထဲ တပြိုင်နက် ထုတ်ဖော်ပြသခဲ့တဲ့ ပြယုဂ်ဖြစ်သလို လွတ်လပ်ရေးမကိုဋ်ပန်းကိုဆွတ်ခူးနိုင်စေတဲ့ မဟာပေါင်းစုအားကြီးတရပ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် အစီအစဉ်တွေကို တစ်လ နှစ်လ အတွင်းပြီးမြောက်အောင် ဆောင်ရွက်စေချင်ကြောင်း ပြောကြားခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရလို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် တစ်ရက်ဆို တာဟာ အလွန်အရေးကြီးကြောင်းနဲ့ အဲဒီပြည်သူတွေအပေါ် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးပမ်းပေးကြ ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီတော့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ ထင်ရှားခဲ့တဲ့ ပင်လုံညီလာခံကြီး ဘာကြောင့် ပေါ်ပေါက်လာရတာလဲဆိုတာ နိုင်ငံသားတိုင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းရှင်းလင်းလင်းသိဖို့ လိုပါ တယ်။ ရှည်လျှားတဲ့ မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းတလျှောက်ကို ပြန်လည်စောင်းငဲ့ကြည်လိုက်ရင် ရှမ်း၊ ချင်း၊ ကရင်၊ မွန်၊ ကချင်၊ ဗမာ၊ ရခိုင်၊ ကယား စတဲ့တိုင်းရင်းသား လူမျိုးစုများစွာဟာ ရာစုနှစ် အစောပိုင်းကာလတွေကထဲက  ပဒေသရာဇ်မင်းတွေ တန်ခိုးအာဏာ ပြိုင်ဆိုင်ချဲ့ထွင်ကြတဲ့ စစ်မက်မြို့ပြနိုင်ငံငယ်လေးတွေအဖြစ် ကိုယ်ပိုင်ဒေသကိုယ်စီကိုယ်ငှ ထူထောင်လို့စုဖွဲ့ နေခဲ့ကြ တာပါ။

အေဒီ ၉ ရာစုလောက်ကနေ ၁၃ ရာစုနှစ်နှောင်းပိုင်းထိအောင် နှစ်ပေါင်း ၂၅၀ တိုင်အောင် သျှမ်းသျှမ်းတောက် ထွန်းကားသာယာဝပြောခဲ့ပြီး ပထမမြန်မာနိုင်ငံတော်လို့သတ်မှတ်ခံရတဲ့ အနော်ရထာဘုရင်ရဲ့ ပုဂံအင်ပါယာ ဟာ ၁၂၈၇ ခုနှစ်မှာ မွန်ဂိုတွေရဲ့ အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်မှု အောက်မှာပြိုကျပျက်သုဉ်းခဲ့ရပါတယ်။

အဲ့ဒီနောက်တော့ (၁၂၉၇ ~ ၁၃၁၃) ခုနှစ်လောက်မှာ ရှမ်းညီနှောင်သုံးဦးတည်ထောင်တဲ့ မြင်စိုင်းမင်းဆက်၊ (၁၃၁၃ ~ ၁၃၆၄ ) ပင်းယမင်းဆက်၊ (၁၃၁၅ ~ ၁၃၆၄) စစ်ကိုင်းမင်းဆက်၊ (၁၃၆၄ ~ ၁၅၅၅) အင်းဝမင်းဆက် စတဲ့ဆိုတဲ့ ပဒေသရာဇ်မြို့ပြနိုင်ငံငယ်တွေပေါ်ထွန်းခဲ့ပါတယ်။

အင်းဝဘုရင် မင်ကြီးစွာစော်ကဲလက်ထက် (၁၃၈၅) ခုနှစ်လောက်မှာ စတင်ပြီး နှစ်ပေါင်း (၄၀) ကြာမြင့်အောင် ရှည်လျှားစွာဖြစ်ခဲ့တဲ့ ပဲခူး-အင်းဝမြို့ပြနှစ်နိုင်ငံစစ်ပွဲ (သို့) မွန်ဗမာစစ်ပွဲဟာ အင်းဝဘုရင် သီဟသူလက်ထက်မှာ ဟံသာဝတီပဲခူးကိုတိုက်ခိုက်အပြီး (၁၄၂၄) ခုနှစ်မှာပြီးဆုံး သွားခဲ့တယ်။ အဲ့ဒီမွန်ဗမာစစ်ပွဲနဲ့ခေတ်ပြိုင်သမိုင်း ပိတ်ကားပေါ်မှာ အင်းဝမှာနန်းတည်ထားတဲ့ မြန်မာဘုရင်တွေဟာ ဟန်တရုပ်တွေကိုနောက်ခံပြုထားတဲ့ သိန္နီ စော်ဘွားနဲ့စစ်ခင်းနေသလို ရခိုင်မင်းနဲ့လည်း စစ်ဆိုင်နေခဲ့တာပါ။

အဲ့ဒီနောက်တော့ စစ်ပမ်းနေတဲ့အင်းဝဟာ တောင်ငူမင်းဆက်က ဘုရင့်နှောင်လက်ထက် (၁၅၅၅) မှာအသိမ်းခံ ရပြီးပျက်သွားခဲ့ပြန်တယ်။ မြန်မာ့နိုင်ငံရဲ့သမိုင်းမှာ ဒုတိယမြန်မာနိုင်ငံတော်လို့ အသတ်အမှတ်ခံရတဲ့ တောင်ငူမင်းဆက်ဟာ ၁၆ ရာစုကနေ ၁၈ ရာစုကြား ( ၁၅၁၀ ~ ၁၇၅၂) နှစ်ပေါင်း ၂၆၆ ကျော်အုပ်စိုးခဲ့တယ်။  ဘုရင့်နှောင်လက်ထက်မှာ ပုဂံမင်းဆက်လက်ထက် ပိုင်ဆိုင်သမျှ နယ်မြေတွေသာမက အိန္ဒိယပိုင်မဏိပူရ၊ ချင်းမိုင်၊ အယုဒ္ဓယအပါအ၀င် ယိုးဒယား ပိုင်နယ်မြေများ၊ လာအိုပိုင်လင်းဇင်းအထိ သိမ်းပိုက်နိုင်ခဲ့တာမို့ အရှေ့တောင် အာရှရဲ့အကြီးဆုံး အင်ပါယာတခုဖြစ်ခဲ့တယ်။ ဒါပေမယ့် ဘုရင့်နှောင်နတ်ရွာစံပြီး ၁၈ နှစ်အကြာ အဲ့ဒီအင်ပါယာကြီး ပြိုကွဲသွားခဲ့ပြန်တယ်။

၁၆၂၂ ခုနှစ် ၀န်းကျင်လောက်မှာ တောင်ငူမင်းဆက်က ညောင်ရမ်းမင်းဦးဆောင်ပြီး မြို့တော်ကို အင်းဝဆီ ပြောင်းရွေ့ ခဲ့သလို အုပ်ချုပ်ရေးနဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး တွေလုပ်ခဲ့ရာက နောက်ထပ် နှစ်ပေါင်း ၈၀ ကျော် စီးပွားရေးဖွံ့ဖြိုးလို့စည်ပင်ဝပြောခဲ့တယ်။ အဲ့ဒီနောက် ၁၇၂၂ ခုနှစ်ကနေ စကျဆင်းလာခဲ့ရာက အင်းဝမြို့တော်ဟာ မွန်လူမျိုးစုတွေ ပြန်လည်တည်ထောင်တဲ့ ဒုတိယ ဟံသာဝတီမင်းဆက်စေလွှတ်တဲ့ မွန်စစ်သူကြီး ဒလပန်းရဲ့တပ်တွေ သိမ်းပိုက်တာခံရပြီး ပျက်ခဲ့လို့ ဒုတိယမြန်မာနိုင်ငံ နိတ္ထိတံခဲ့ရတယ်။

တချိန်ထဲမှာဘဲ မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းမင်းတရား (ခေါ်) အလောင်းဘုရား ဘွဲ့ခံပြီး ကုန်းဘောင်မင်းဆက် (၁၇၅၂~၁၈၈၅)ကို တည်ထောင်ခဲ့တယ်။ အလောင်းမင်းတရား လက်ထက်မှာ ရွှေဘိုမြို့က အစပြုပြီး မြန်မာတစ်နိုင်ငံလုံး သိမ်းပိုက်နိုင်ခဲ့လို့နိုင်ငံသမိုင်းမှာ တတိယမြန်မာနိုင်ငံတော် လို့ထင်ရှားတယ်။ကုန်းဘောင်မင်းဆက်လက်ထက်မှာ အာသံ၊ မဏိပူရ၊ ရခိုင် နဲ့ ယိုးဒယား အယုဒ္ဓယအထိ နယ်မြေချဲ့ထွင်နိုင်ခဲ့လို မြန်မာ့သမိုင်းမှာဒုတိယအကြီးဆုံး အင်ပါယာကို တည်ထောင်ခဲ့တယ်လို့မှတ်တမ်း ၀င်တယ်။

၁၈၂၄ ခုနှစ်မှာတော့ ကိုလိုနီနယ်ချဲ့ ဗြိတိသျှအစိုးရက အင်္ဂလိပ်-မြန်မာပထမစစ်ပွဲနဲ့အတူ ရခိုင်၊ တနင်္သာရီ ဒေသတွေကို မြန်မာမင်းတွေထံကသိမ်းယူခဲ့တယ်။ နောက် (၁၈၅၂) ခုနှစ်မှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲနဲ့ အောက်ဗမာပြည်ကို သိမ်းယူ၊ ပြီးတော့ (၁၈၈၅) ခုနှစ်မှာ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲနဲ့ အင်္ဂလိပ်အစိုးရ လက်အောက်မြန်မာ့ဦးစွန်းပျောက်လို့တနိုင်ငံလုံး သူ့ ကျွန်ဘ၀ရောက်ခဲ့ရတယ်မဟုတ်လား။

ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဟာ မြေပြန့်ဒေသနဲ့တောင်ပေါ်ဒေသဆိုပြီး နှစ်ပိုင်းခွဲသီးခြား အုပ်ချုပ်ခဲ့ တယ်။ ခရစ်ယာန်ဘုန်းတော်ကြီး မစ်ရှင်တွေကို တောင်တန်းဒေသဆီစေလွှတ် ခရစ်ယာန် သာသနာပြု စေခဲ့တယ်။ နယ်ချဲ့ကျူးကျော်သူတိုင်း၊ အနိုင်ကျင့်ဖိနှိပ်သူတိုင်း အဖိနှပ်ခံရသူတွေအပေါ် အမြဲတစေကျင့်သုံးလေ့ရှိတဲ့ အုပ်ချုပ်ပုံစနစ်ကတော့ သွေးခွဲအုပ်ချုပ်ရေးဘဲဆိုတာ ဘယ်သမိုင်းမှာ ကြည့်ကြည့်မြင်သာပါတယ်။ တိုင်းတပါး ကျွန်သဘောက်ဘ၀နဲ့မြန်မာနိင်ငံဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ကိုယ့်မြေကိုယ့်ရေမှာ လွတ်လွတ်လပ်လပ် နေခြင်တဲ့စိတ်တွေနဲ့ မြန်မာတိုင်းရင်းသား ပေါင်းစုံဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့နယ်ချဲ့ရန်ကို ခေါင်းငုံ့ မခံ ဖိနှိပ်မှုတွေကို ဆန့်ကျင်ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ၁၉၄၅ ခုနှစ် ပြီးဆုံးလို့ စစ်ပမ်းနေချိန်လည်းဖြစ်၊ နယ်ချဲ့ကိုလိုနီစနစ် ကျဆုံးချိန်ရောက်လာတဲ့အပြင် မြန်မာနိုင်ငံသားအားလုံးရဲ့ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တွေ အရှိန်ဟုန်ကြီးစွာ ဖြစ်တည်လာတာမို့ ၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံကို လွတ်လပ်ရေးမပေးမဖြစ် ပေးရတော့မယ့် အခြေအနေကို ရောက်လာတဲ့အခါ ဗြိတိသျှအစိုးရရဲ့ သဘောထားက မြေပြန့် ဒေသကိုသာ လွတ်လပ်ရေးပေးပြီး ရှမ်းပြည်နဲ့တောင်တန်းဒေသတွေကို ချန်ထားလိုခဲ့တယ်။ ဒါကြောင့် ဆင်းမလားစီမံကိန်း၊ စက္ကူဖြူစာတမ်းကို အကြံကြီးစွာအဆိုပြုခဲ့တာပါ။

တရုပ်ပြည်ကိုလွတ်လပ်ရေးပေးတော့ ဟောင်ကောင်၊ မက္ကာအိုကျွန်းတွေကိုချန်ထားသလိုပေါ့ ရသလောက် ကုတ်ထား မလွှတ်တမ်းဆုပ်ထားခြင်သေးတဲ့သဘောပါဘဲ။ ကျွန်ဘ၀မရောက်ခင်က အတိုင်း မြန်မာတနိုင်ငံလုံး တပေါင်းတစည်းတည်း လွတ်လပ်ရေးရချင်ရင် တောင်တန်းသားတွေ သဘောတူမှသာ၊ ပေါင်းစည်းခြင်မှသာ ပေးနိုင်မယ်လို့ အကျပ်ကိုင်ခဲ့တယ်။

အဲ့ဒီအကျပ်ကိုင်မှုကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ တောင်တန်းဒေသနဲ့ ဗမာပြည်ကို ပေါင်းစည်းပြီး လွတ်လပ်ရေးအတူတူ ရဖို့အတွက် လှုပ်ရှားကြိုးပမ်းခဲ့ကြရတယ်။ ဒီလိုကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထား က ဗမာအပါအ၀င်တိုင်းရင်းသားတိုင်းက အကွဲကွဲ အပြားပြား ကြိုးပမ်းဆောင်ရွက်နေမယ့်အစား စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ အတူတကွ အားထုတ်ကြမယ်ဆိုရင် မြန်မြန်ဆန်ဆန် လွတ်လပ်ရေးရနိုင်သလို၊ ရပြီးရင်လည်း တိုင်းပြည်ဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပြီး၊ ရလာတဲ့ အကျိုးကျေးဇူးတွေကိုလည်း အားလုံးမျှမျှတတ ခံစားကြရမှာ ဖြစ်တယ် လို့ ယုံကြည်ခဲ့ကြပါတယ်။

ထို့အတူဘဲ တိုင်းရင်းသားခေါင်းဆောင်တွေကလည်း တကယ်လို့ဗမာပြည်ကိုသာ ကွက် လွတ်လပ်ရေး ပေးခဲ့ပြီး တောင်တန်းဒေသတွေကို ချန်ထားခဲ့မယ်ဆိုရင် တောင်တန်းသားများ အနေနဲ့ ကိုလိုနီလက်အောက်က လွတ်မြောက်နိုင်ဖို့ ပိုအလှမ်းဝေးသွားလိမ့်မယ်လို့ ယုံကြည်ခဲ့ကြ ပါတယ်။ ဒါကြောင့် မြေပြန့် နဲ့ပေါင်းဖို့ ဆုံးဖြတ်ခဲ့ ကြတာဖြစ်ပါတယ်။

ဒါကြောင့် ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း လဲခြားနယ်က ပင်လုံမြို့လေးမှာ  ရှမ်းစော်ဘွားများ၊ ချင်း၊ ကချင်ခေါင်းဆောင်များ၊ တောင်တန်းသားများ ညီညွတ်ရေးအဖွဲ့ချုပ် (The Supreme Council of the United Hill Peoples: SCOUHP) ကိုယ်စားလှယ်များ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ ခေါင်းဆောင်တွေပါဝင်ပြီး ပင်လုံစာချုပ်ကို ကိုယ်စားလှယ် (၂၃) ဦးက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အပုဒ် (၉) ပုဒ် ပါတဲ့ ပင်လုံစာချုပ်မှာ အပုဒ် (၇) မှာကတော့ ‘ နယ်စပ်ဒေသရှိ နိုင်ငံသားများသည် ဒီမိုကရေစီနိုင်ငံများတွင် ရရှိသောအခြေခံအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိရမည် ဆိုပြီးဖော်ပြထား ပါတယ်။

ပင်လုံစာချုပ်ပါ ပင်လုံသဘောတူညီချက် အနှစ်ချုပ်ကိုပြောရရင် …

(၁) တန်းတူရည်တူ ပြည်ထောင်စုမူနှင့် ပေါင်းစည်းရေး

(၂) တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရှိရေး၊

(၃) လူမျိုးစုငယ်များအတွက် လုံလောက်သောကာကွယ်ချက်များပြဌာန်းထားရှိရေး  … တို့ ပါဘဲ။

ဒါဟာ ပြည်ထောင်စုစိတ်ဓာတ် ပင်လုံစိတ်ဓာတ်ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ပင်လုံစိတ်ဓာတ် ဆိုတာဟာ လွတ်လပ်ရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မိသားစု စိတ်ဓာတ်ပါဘဲ။ ဒီစိတ်ဓာတ်နဲ့ဘဲ ၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့မှာ နယ်ချဲ့ကိုလိုနီ ကျွန်သဘောက်ဘ၀က တမျိုးသားလုံး တတိုင်းပြည်လုံး လွတ်မြောက်လို့ လွတ်လပ်ရေးမကိုဋ်ပန်း ဆွတ်ခူးနိုင်ခဲ့ကြတာပါ။

ဒါပေမဲ့ကံအကြောင်းမလှစွာနဲ့ဘဲ မြန်မာနိုင်ငံဟာ နိုင်ငံရေးကိစ္စတွေကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ လက်နက်ကိုင်အကြမ်းဖက်ဖြေရှင်းကြရာက ၁၉၆၂ ခုနှစ်မှာ အင်အားကြီးသူကဗိုလ်ကျစီးပိုး အနိုင်ကျင့်တတ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်တွယ်သွားခဲ့တယ်မဟုတ်လား။ အဲ့ဒီအချိန်ကစပြီး စစ်အာဏာရှင်အဆက်ဆက်ဟာ ပင်လုံသဘောတူညီချက်ကိုမျက်ကွယ်ပြု ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျောက်ဖျက်ပြီး မြန်မာနိုင်ငံကို တပြည်ထောင်စနစ် (သို့) စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း (၅၀) ကျော် မဟုတ်လား။

ဦးသိန်းစိန်တို့ စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဟာ နိုင်ငံကို အမည်ခံအနေနဲ့ပြည်ထောင်စုလို့ ခေါ်ဝေါ်ပြီး ပြည်နယ်တွေ အထူးအုပ်ချုပ်ခွင့်ရ တိုင်းဒေသတွေလို့ ဖော်ပြထားပေမယ့် အနှစ်သာရကတော့ အားလုံးကို တပ်မတော်ကသာ ရာသက်ပန်ကြိုးကိုင်ချယ်လှယ်အုပ်ချုပ်ဖို့ ရည်ရွယ်ဖန်တီးရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်တယ်ဆိုတာ ဖတ်ဖူးသူ၊ ဆင်ခြင်ဥာဏ်ရှိသူတိုင်း သိနိုင်ပါတယ်။

ဒါကြောင်မို့လည်း စစ်ကျွန်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မိဘပြည်သူတွေ၊ နိုင်ငံရေးပါတီတွေရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကပါ လုံးဝလက်မခံနိုင်ကြ ပါဘူး။ ပြီးခဲ့တဲ့လတုန်းကမှ အာဏာလက်လွှတ်ခဲ့ရတဲ့ ဦးသိန်းစိန်အစိုးရနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အစီအမံဖြစ်တဲ့ တဖက်သတ် လက်နက်ဖြုတ်သိမ်းရေးကို လက်မခံကြတဲ့အတွက်ကြောင့် တပြည်လုံးအပစ်ရပ်စာချုပ်(NCA)ကိုတောင် အားလုံးလက်မှတ်မထိုးတဲ့သမိုင်းက လတ်လတ်ဆတ်ဆတ် ရှိနေပါသေးတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ၂၀ ရာစု ပင်လုံညီလာခံဆိုတာ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီနှောင်အားလုံးရဲ့ သွေးချင်းသားရင်းစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ကျုးကမ္ဗည်းထိုး နိုင်ခဲ့လို့ လူလူခြင်းကျွန်ပြုဖိနှိပ်ခဲ့တဲ့ ကိုလိုနီနယ်ချဲ့ဘီလူးလက်အောက်က လွတ်မြောက်စေခဲ့တဲ့ ညီညွတ်ရေးကျောက်စာတိုင်ကြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးတောက်ကြီးကို အပြီးတိုင်မငြိမ်းသတ် နိုင်သေးတဲ့ အခြေခံ အကြောင်းတရားကတော့ ပင်လုံသဘောတူညီချက်တွေကို မျက်ကွယ်ပြုပြီး၊ အင်အားကြီးသူတွေက လူမျိုးကြီးဝါဒအလံထူလို့ တိုင်းရင်းသားလူမျိုးငယ်စုတွေအပေါ် နှစ်ပေါင်း (၅၀) ကျော် အနိုင်ကျင့်ဗိုလ်ကျ နှိပ်စက်ခဲ့တာကြောင့်ဆိုတာပါဘဲ။

အခုချိန်ခါမှာ ပြည်သူလူထုရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်လမ်းပြခေါ်ဆောင်မှုအောက်မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူရေးဆွဲ လက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ်နဲ့ ဖယ်ဒရယ်ပြည်ထောင်စုအိမ်မက်ဆိုတဲ့ မပြီးသေးတဲ့ပန်းချီကားကို ဆက်ရေးဆွဲဖို့ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံသဘောတူညီချက်တွေကို အခြေခံပြီး ပြည်တွင်းစစ် မီးတောက်မီးလျှံကြီးကို အပြီးတိုင် ငြိမ်းသတ်နိုင်ဖို့အားလုံးနဲ့ လက်တွဲဆောင်ရွက်နိုင်ဖို့ စိုင်းပြင်းနေကြပါပြီ။

မြန်မာနိုင်ငံသားတိုင်း လူလူခြင်းအနိုင်ကျင့်ခြင်းက လွတ်မြောက်စေမယ့် ဒီမိုကရေစီကိုအခြေခံပြီး ပင်လုံစိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်တွေနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်နိုင်ဖို့ ၂၀ ရာစု ပင်လုံညီလာခံမှသည် ၂၁ ရာစု ပင်လုံညီလာခံသို့ချီနေတဲ့ သမိုင်းဝင်ခရီးမှာ အတူတကွလိုက်ပါလို့ပြည်တွင်းငြိမ်းချမ်းရေးကို ရယူနိုင်ကြပါစေ။

မင်းကောင်းချစ်

ဧပြီလ ၂၉ ရက်နေ့ ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013