DVB Logo
Home
နိုင်ငံတကာ
အမေရိကန်၏လက်နက်ရောင်းချမှုက ဒေသတွင်းခြိမ်းခြောက်မှုများကို ဟန့်တားရန်ဖြစ်ဟု ထိုင်ဝမ် ပြော 
DVB
·
May 16, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေဟာ "ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ"အရ ပေးအပ်ထားတဲ့   လုံခြုံရေးဆိုင်ရာ ကတိကဝတ် တခုသာမက ဒေသတွင်း ခြိမ်းခြောက်မှုတွေကို စုပေါင်း ဟန့်တားတာလည်း ဖြစ်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၅ ရက်  ညနေပိုင်းမှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ 

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ “သမ္မတ ထရမ့်ပ်ရဲ့ မှတ်ချက်စကားတွေကို သတိပြုမိကြောင်းနဲ့ ထရမ့်ပ်အစိုးရ တာဝန်ယူကတည်းက သမ္မတ ထရမ့်ပ် ကိုယ်တိုင်အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုလို အမေရိကန် အဆင့်မြင့် အရာရှိကြီးတွေဟာ ထိုင်ဝမ်အပေါ် ထားရှိတဲ့ ရေရှည်မူဝါဒ ပြောင်းလဲခြင်းမရှိကြောင်းနဲ့ ထိုင်ဝမ် ရေလက်ကြား တည်ငြိမ်ရေးကို အလေးထား ကြောင်း အကြိမ်ကြိမ် အတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေသတွင်း မတည်ငြိမ်မှုရဲ့ တခုတည်းသော အရင်းအမြစ်မှာ တရုတ်နိုင်ငံရဲ့ စစ်ရေး ခြိမ်းခြောက်မှု သာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 

တရုတ်ရဲ့ စစ်အင်အား တိုးချဲ့မှု၊ ထိုင်ဝမ် ရေလက်ကြားတဝိုက် တရုတ်စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေရဲ့ နှောင့်ယှက်မှုတွေနဲ့ မီးခိုးရောင်ဇုန် စစ်ဆင်ရေးတွေကို ရင်ဆိုင်ရာမှာ ဒေသတွင်း အန္တရာယ်အကြီးဆုံးဖြစ်တဲ့ ပေကျင်းကို ပူးပေါင်း ဟန့်တားခြင်းနဲ့သာ ငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်တာကြောင့် ထိုင်ဝမ်ပြည်သူ ၂၃ သန်းရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းကို မြှင့်တင်သွားမယ်"လို့ ဖော်ပြထားပါတယ်။ 

ဒီတုံ့ပြန်မှုဟာ ထိုင်ဝမ်ကို လက်နက်ရောင်းချမဲ့ကိစ္စနဲ့ပတ်သက်ပြီး မကြာခင် ဆုံးဖြတ်ချက်ချတော့ မယ်ဆိုတဲ့ အမေရိကန်သမ္မတရဲ့ ပြောကြားချက်အပေါ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမေရိကန်ကို အပြန်ခရီးစဉ်မှာ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ စကားပြောဆိုရာမှာ သမ္မတထရမ့်ပ်က သူနဲ့ ရှီကျင့်ဖျင်တို့ဟာ "ထိုင်ဝမ်အရေးကို အများကြီး ပြောဆို ဆွေးနွေးခဲ့ကြ ကြောင်း"နဲ့ ဆိုင်းငံ့ထားတဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချရေးကိစ္စကိုလည်း မကြာခင်မှာ ဆုံးဖြတ် တော့မယ်လို့ ပြောကြားခဲ့တာပါ။ 

ဒါပေမဲ့ အဲဒီကိစ္စကြောင့် ပဋိပက္ခဖြစ်ပွားလိမ့်မယ်လို့ မယုံကြည်ကြောင်းနဲ့ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ သမ္မတရှီကျင့်ဖျင်ကို ဘာကတိကဝတ်မျှ ပေးအပ်ခဲ့ခြင်းမရှိကြောင်းလည်း ထရမ့်ပ်က ပြောပါတယ်။

လက်ရှိအချိန်ထိ ထရမ့်ပ်အစိုးရဟာ ထိုင်ဝမ်ကို လက်နက်ရောင်းချမှု ၂ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အဓိက ပဋိပက္ခဗဟိုချက်ဖြစ်တဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူတို့ပိုင်နက် နယ်မြေအဖြစ် အခိုင်အမာတောင်းဆိုထားပြီး၊ အမေရိကန် ရဲ့ လက်နက်ရောင်းချမှုတွေကို သူတို့ရဲ့ပြည်တွင်းရေးကို စွက်ဖက်ခြင်းအဖြစ် ရှုမြင်ကာ ကာလရှည် ကြာ ကန့်ကွက်နေတာဖြစ်ပြီး အဲဒီလက်နက်ရောင်းချမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။ 

အမေရိကန်ကတော့ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ ထိုင်ဝမ်ရဲ့ အရေးအကြီးဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ အကြီးဆုံး လက်နက်ပံ့ပိုးပေးသူ အဖြစ် ဆက်လက် တည်ရှိနေတာကြောင့် ဥပဒေအရ ထိုင်ဝမ်ကို ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်နိုင်မဲ့ နည်းလမ်းတွေကို ထောက်ပံ့ပေးဖို့ တာဝန်ရှိနေတာဖြစ်ပါတယ်။ 

Source:Reuters

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013