DVB Logo
Home
မြန်မာသတင်း
အယ်လ်နီညိုကို တုံ့ပြန်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ မှာကြား
DVB
·
May 5, 2016
အယ်လ်နီညိုကို တုံ့ပြန်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ မှာကြား
1 / 9
Donate to DVB

ဒီနေ့ မေလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၇၀ ကြိမ်မြောက် မီးသတ်တပ်ဖွဲ့နေ့မှာ အယ်လ်နီညိုကို တုံ့ပြန်ဖို့ မီးသတ်တပ်ဖွဲ့ဝင်တွေကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက မှာကြားခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အယ်လ်နီညို အစွန်းရောက်ရာသီဥတုကို တုံ့ပြန်နိုင်ဖို့ မီးသတ်တပ်ဖွဲ့ဝင် တွေအနေနဲ့လည်း လုပ်ငန်းစီမံချက်တွေကို အရှိန်အဟုန်မြှင့် ဆောက်ရွက်ဖို့ကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ဒီနေ့ မေ ၅ ရက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားမှာ မှာကြားခဲ့တာပါ။

“ဒီနေရာမှာ အလေးအနက်မှာကြားလိုတာကတော့ ၂၀၁၆ ခုနှစ်ရဲ့ အားကောင်းတဲ့ အယ်လ်နီညို နှစ် အစွန်းရောက်ရာသီဥတု သက်ရောက်မှုကြောင့် မီးဘေးအန္တရယ် ပြန်လည်တုံ့ပြန်နိုင်ငံရေး၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အလိုက် ပထဝီအနေအထားအရ လုပ်ငန်းစီမံချက်များရေးဆွဲ အကောင်အထည်ဖော်ကြရန် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ညွန်ကြားချက်များထုတ်ပြန်ခဲ့တယ်။ ဒါတွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်ဖို့ တိုက်တွန်းလိုတယ်လို့” ဒေါက်တာမျိုးအောင်က မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗုသီရိမြို့နယ်၊ သုခသိဒ္ဓိ ရပ်ကွက်၊ အ.ထ.က (၁၀) ကျောင်းရဲ့ ဘောလုံးကွင်းမှာ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မီးလောင်မှု တွေမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ မီးငြှိမ်းသတ်မှုတွေကို သရုပ်ပြသမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

မြန်မာနိုင်ငံအတွင်း ၂၀၁၅ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်များကြောင့် အိမ်ခြေ ၄၃၆၈၀ ပျက်စီးဆုံးရှုံးကာ လူဦးရေ ၅၃၄ ဦးသေဆုံးပြီး ၁၇၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တနိုင်ငံလုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ မီးလောင်မှုတွေ ထဲမှာဆိုရင်တော့ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်လအထိ မီးလောင်မှုအကြိမ်ရေ ၁၈၃ မှု ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေအဆောက်အဦ ၃၅ လုံး၊ ဂိုဒေါင် ၄ လုံး၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၂၃ သန်းခန့် ဖြစ်ပေါ်ခဲ့တယ်လို့ ယနေ့ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကနေပဲ သိရှိရတာပါ။

၂၀၁၅ ခုနှစ်မှာဆိုရင် မြန်မာတနိုင်ငံလုံးအနေနဲ့ မီးလောင်မှု အကြိမ်ရေ ၁၇၀၈ ဖြစ်ပွားခဲ့ပြီး အိမ်ခြေအဆောက်အဦ ၂၉၂၃ လုံးကျော်ပျက်စီးခဲ့ကာ လူဦးရေ ၉၃၇၀ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၂၃၀၃.၅၁ ခန့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ နေပြည်တော်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မီးသတ်တပ်ဖွဲ့ အခမ်းအနားက သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၅ နှစ်အတွင်း မီးလောင်မှု ၇၁၅၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး တန်ဖိုးငွေ ကျပ်သန်း ၂၃၄၃၀ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မီးလောင်မှုတွေကတော့ ၂၀၁၁ ခုနှစ်မှာ ၉၂၃ ကြိမ်၊ ၂၀၁၂ ခုနှစ်မှာ ၁၂၁၉ ကြိမ်၊ ၂၀၁၃ ခုနှစ်မှာ ၁၆၇၃ ကြိမ်၊ ၂၀၁၄ ခုနှစ်မှာ ၁၆၂၉ ကြိမ်နဲ့ ၂၀၁၄ ခုနှစ်မှာတော့ ၁၇၀၈ ကြိမ်တို့ ဖြစ်ပေါ်ခဲ့တာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013