DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် အကြောင်းမဲ့ဓားဖြင့် လိုက်ခုတ်နေသူများကို ဖမ်းမိပြီ
DVB
·
May 4, 2016
လားရှိုးတွင် အကြောင်းမဲ့ဓားဖြင့် လိုက်ခုတ်နေသူများကို ဖမ်းမိပြီ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ပြီးခဲ့တဲ့အပတ်က လမ်းသွားလမ်းလာတွေကို အကြောင်းမဲ့ ဓားနဲ့လိုက်ခုတ်နေတဲ့ လူတွေကို ဖမ်းဆီးရမိပြီလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ဧပြီ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ လူပေါင်း ၆ ဦး ထိခိုက်ဒဏ်ရာရသွားအောင် ဓားနဲ့အကြောင်းမဲ့လိုက်ခုတ်နေတဲ့ တရားခံ ၈ ဦးကို တပတ်အတွင်း ရှာဖွေဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှမ်းပြည်နယ် ဒုရဲတပ်ဖွဲ့မှ ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“ညအချိန်မတော်မှာ ရန်ငြိုးရန်စမရှိ၊ အကျိုးအကြောင်းမရှိဘဲ အသလွတ်ဓားနဲ့ လိုက်ခုတ် နေတဲ့ တရားခံတွေကို ကျနော်တို့က မော်တော်ယာဉ်လှည့်ကင်း၊ ဆိုင်ကယ်လှည်းကင်း၊ ခြေလျင်လှည့်ကင်း၊ စောင့်ကြည့်လှည့်ကင်းတွေနဲ့ ကျနော်တို့ ပိုက်စိပ်တိုက်ရှာတယ်။  ဧပြီလ နောက်ဆုံးပတ်နဲ့ မေလ ပထမပတ်ထဲမှာဘဲ ရပ်ကွက် ၇၊ ရပ်ကွက် ၁၂ နဲ့ ရပ်ကွက် ၅  ထဲကနေ လူ ၈ ယောက်ကို ဖမ်းထားတယ်။  ၆ ယောက်ကို တရားစွဲဖို့ လုပ်နေပြီး ၂ ယောက်ကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဆီးစစ်လိုက်တော့ အားလုံးက မူးယစ်ဆေးစွဲနေကြတာ၊ သူတို့ လုပ်တဲ့အကြောင်း ၀န်ခံပေမယ့် ဘယ်နေရာမှာ ဘယ်သူ့ကို ခုတ်ခဲ့တာတော့ မမှတ်မိဘူးတဲ့၊ ဆေးမူးတော့ မဲမဲမြင်ရာလိုက်ခုတ်ချင်ပြီး ခုတ်လိုက်ရမှ နေသာတဲ့ သဘောပေါ့။”

ဖမ်းဆီးရမိထားသူတွေဟာ လူငယ်တွေဖြစ်ပြီး တခြားတနေရာကနေ လားရှိုးမှာ အလုပ်လာလုပ်တဲ့ ကျပန်းအလုပ်သမားတွေရော၊ လားရှိုးဒေသခံနဲ့ မိကောင်းဖခင်သား သမီးတွေပါ ပါကြောင်း၊ သွားရောက်ဖမ်းဆီးစဉ် တချိုက  ၂ ကြိမ် ၃ ကြိမ် ပြန်ခုခံတာတွေရှိပေမယ့် တာဝန်ရှိသူတွေဘက်က အင်းအားသုံးတော့ အသာတကြည် အဖမ်းခံခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

လားရှိုးမှာ ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၃ ခုနှစ်လောက်ကလည်း အခုလိုအကြောင်းမဲ့ ဓားနဲ့လိုက်ခုတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ အတန်ကြာ ငြိမ်သက်နေရာက ခုလိုပြန်ပြီး ခေါင်းထောင်လာတာလို့ ဆိုပါတယ်။

အဓိကအကြောင်းရင်းမှာ မူးယစ်ဆေးဝါးပြဿ     နာဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆို ချက်တွေကနေတဆင့် လားရှိုးမြို့ အရှေ့ဘက် ၈ မိုင်ခွဲအကွာ ဟူးမွန်ကျေးရွာအုပ်စုရှိ  တောထဲက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲနေတဲ့ နေရာကို ဒီမနက်က သွားရောက် စီးနင်းဖမ်းဆီးခဲ့တယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

“ဟူးမွန်အုပ်စု ဟတ်ကာကုန်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေတဲ့ ဂိုဏ်းတဂိုဏ်းကို ကျနော်တို့ ဒီမနက်ဝင်စီးပါတယ်။ တောကနက်ပြီး တောင်ကုန်းပေါ်မှာရှိတော့ ကျနော်တို့ မနေ့ညဦးပိုင်းကတည်းက တပ်ဖွဲ့ဝင်တွေစုဖွဲ့တယ်။ ဒီမနက် ၁ နာရီကျော်မှာ တောင်ကုန်းကို ချဉ်းကပ်တယ်။ မနက် ၃ နာရီခွဲမှာ ၀င်စီးပါတယ်။ အဲဒီမှာ မူးယစ်ဆေးရောင်းတဲ့သူရော၊ ၀ယ်တဲ့လူရော၊ သုံးစွဲနေတဲ့သူတွေပါ စုစုပေါင်း ၄၆ ယောက် ဖမ်းမိတယ်။ ပြီးတော့ ဆိုင်ကယ် ၁၇ စီး၊ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက် ၃၆ ခွက်၊ စိတ်ကြွဆေးပြား ၂၈၂၀ လုံး၊ ဓားမျိုးစုံ ၃၂ ချောင်း ဖမ်းမိပါတယ်။”

ဖမ်းမိသူ ၄၆ ဦးကို ရောင်းသူ၊ ၀ယ်သူ၊ သုံးစွဲသူ စသဖြင့် ပြန်ခွဲပြီး အမျိုးအစားအလိုက် အရေးယူအပြစ်ပေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

သူတို့ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုရှေးရှုတဲ့ စနစ်နဲ့ ကိုင်တွယ် ဆောင်ရွက်နေတာကြောင့် ဥပဒေမဲ့လုပ်ငန်းတွေ လုပ်နေတာသိရင်/တွေ့ရင် လားရှိုးမြို့ နေရာအနှံ့မှာ လိုက်ကပ်ထားတဲ့ ပိုစတာပါ ဖုန်းနံပတ်တွေဆီ ဆက်သွယ်အကြောင်းကြားဖို့ ရဲမှူးကြီး အောင်မြတ်မိုးက တိုက်တွန်းသွားပါတယ်။

(ဓာတ်ပုံ - မေဘယ်လ်ဦး)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013