DVB Logo
Home
Lead Story
၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူမည့်အပေါ် အမြင်သဘောထားများ
DVB
·
May 4, 2016
၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူမည့်အပေါ် အမြင်သဘောထားများ
Donate to DVB

လွန်ခဲ့တဲ့သီတင်းပတ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို တလနှစ်လအတွင်း ခေါ်ယူကျင်းပသွားမယ့် အစီအစဉ်ကို ပြောဆိုခဲ့ပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ အလွှာအသီးသီးက ပုဂ္ဂိုလ်တွေကို သဘောထား မေးမြန်းခဲ့ပါတယ်။

ဦးမြအေး (ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

“ကျနော်မြင်တာကတော့ ၂၁ ရာစု ပင်လုံဆိုတာ တင်စားခေါ်ဝေါ်ခြင်းတခုလို့ ကျနော် နားလည်ပါတယ်။ ကျနော်မြင်တာကတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတခုလို့ ယူဆပါတယ်။ ပင်လုံအနှစ်သာရကတော့ ပြည်ထောင်စုမပြိုကွဲရေး အခြေခံမူအပေါ်မှာ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပီပီပြင်ပြင် ဖော်ဆောင်ပေးတဲ့ စာချုပ်တခုလို့ ကျနော်မြင်တယ်။ အဲဒါကြောင့်မို့လို့ ဒီဆွေးနွေးပွဲဟာ ပင်လုံကဲ့သို့ အနှစ်သာရရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတခုကို လုပ်သွားရမယ်လို့ ရည်ညွှန်းတယ်လို့ ကျနော်တို့ ယူဆပါတယ်ဗျ။ တခုတော့ရှိတာပေါ့ဗျာ၊ ဒီ ၂ လအတွင်းမှာ လုပ်မယ်ဆိုတဲ့ ကိစ္စမှာတော့ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အခြေအနေဆိုရင် အန်စီအေလက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေကို လက်မှတ်ထိုးလာအောင် အရင်ဦးဆုံး ဆွေးနွေးစကားပြောရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအဆင့်ကို ကျော်ပြီးမှပဲ ကျန်တဲ့ဟာကို လုပ်လို့ရမယ်လို့ ထင်ပါတယ်။ အဲဒီအဆင့်ကို လုပ်နိုင်ဖို့အတွက်ကလည်း တဘက်က စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်အောင် ထားတတ်ဖို့လည်း လိုမယ်လို့ ကျနော်မြင်တယ်လေ။ အဲဒီတော့ ခက်တော့ ခက်ပါလိမ့်မယ်ဗျ။”

“တိုင်းရင်းသားလက်နက်ကိုင်ဘက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ဘက်နဲ့ အရင်ညှိနှိုင်းဖို့ လိုတယ်လို့ ပြောဆိုချက်-ဒီဖြစ်စဉ်မှာ တပ်မတော် အရေးပါမှုနဲ့ပတ်သက်လို့ - တပ်မတော်က အရေးကြီးတာပေါ့ဗျာ။ ကျနော်တို့က တပ်မတော် အရေးကြီးတယ်ဆိုတာက မြေပြင်မှာ တိုက်ပွဲတွေဖြစ်နေမယ်ဆိုလို့ရှိရင် အပေါ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘယ်လိုလုပ် လုပ်လို့ရမှာလဲ။ အဲဒီတော့ နှစ်ဘက်စစ်တပ်တွေ ဆိုင်ထားတဲ့ အခြေအနေနဲ့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပေါ်မှု အခြေအနေတွေကို လျော့သွားအောင် ဘယ်လိုလုပ်မလဲဆိုတာ အရင်စဉ်းစားရမှာလေ။ အဲဒီကာလမှာ ဒါကတော့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအခင်းအကျင်းအရရော၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဖယ်ထားလို့မှ မရတာ။ ဒါကြောင့် စောစောက ကျနော်ပြောတဲ့ထဲမှာလည်း ပါပါတယ်၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်ဖို့ လိုတယ်ဆိုတာ ဒါကို ရည်ညွန်းတာပါပဲ။ အဲဒီတော့ စစ်တပ်ရဲ့သဘောထား မပါဘဲနဲ့တော့ အောက်ခြေက တိုက်ပွဲတွေ ဖြစ်ချင်တိုင်းဖြစ်၊ အပေါ်က နိုင်ငံရေးဆွေးနွေးပွဲဆိုတာ အဲဒါကတော့ လုပ်လို့မရဘူးထင်တယ်။”

“နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အန်စီအေလက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ထိုးလာအောင် ကိစ္စ ပြိုင်တူညှိနှိုင်းကြမယ့်အပေါ် - ဒါကတော့ ပြီးခဲ့တဲ့ အစိုးရမှာတုန်းက အန်စီအေစာချုပ်ကို အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးတဲ့ အဖွဲ့တွေက အားလုံးပါဝင်ရေး၊ မပါဝင်ရေးဆိုတဲ့ အခြေခံမူပေါ်မှာ ကွဲပြားပြီး လက်မှတ်မထိုးကြတာလေ။ အဲဒီတော့ အဲဒီအခြေအနေက ဒါ ဖြစ်ခဲ့ပြီးသွားပြီဗျာ။ အခုနေအချိန်ခါမှာ လက်မှတ်ထိုးတဲ့ အဖွဲ့တွေရော၊ မထိုးတဲ့အဖွဲ့တွေရောကို အားလုံးပါဝင်လာအောင် စည်းရုံးသိမ်းသွင်းနိုင်မယ့် အခြေအနေတွေ အန်တီစုဆီမှာ ရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေကို ပစ်ပယ်ပြီးတော့မှ လုပ်စရာရှိတာလုပ်၊ ထိုးစရာရှိတာထိုး၊ ဖြစ်ချင်တာဖြစ်ဆိုတဲ့ ပုံစံမျိုးကတော့ ကျနော် ပွင့်ပွင့်လင်းလင်းပဲပြောမယ် လက်တွေ့လုံးဝမကျဘူး၊ မဖြစ်နိုင်ဘူးဗျ၊ အဲဒါကတော့ မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ တွေ့ဆုံ ဆွေးနွေးရုံ သက်သက်နဲ့ ကျနော်တို့ ပြီးသွားမှာ မဟုတ်ဘူး။ ရလဒ်ကောင်းတွေ ထွက်ဖို့လည်း လိုသေးတယ်။ ရလဒ်ကောင်းတွေဆိုတာ တိုင်းရင်းသားတွေ တကယ်လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ တွေ့ဆုံဆွေးနွေးပွဲဗျ။ တနည်းအားဖြင့် ပြောမယ်ဆို မြန်မာပြည်နိုင်ငံရေးရဲ့ အနှစ်ချုပ်လို့ ကျနော်က အဲဒီအတိုင်းမြင်တယ်၊ အရေးအကြီးဆုံး အပိုင်းလည်းဖြစ်တယ်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီဟာကတော့ လွယ်လွယ်ကူကူတော့ မရလောက်ဘူးလို့ ထင်တယ်ဗျ။”

ဦးခင်မောင်ဆွေ (အန်ဒီအက်ဖ်ဥက္ကဋ္ဌ)

“ကျနော်တို့ သေသေချာချာ ဂဃနဏတော့ မသိဘူးပေါ့ဗျာ။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ဖွဲ့ထားတဲ့ အမ်ပီစီပေါ့။ အမ်ပီစီက အခုဟာ ဖျက်မယ့်သဘောရှိပါတယ်။ အဲဒီတော့ အသစ်အစားထိုးပြီးတော့ သွားမယ်ဆိုတာ၊ ဒီအစားထိုးပြီး သွားမယ်၊ ကျနော်တို့နိုင်ငံ  ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့သစ်ကနေပြီးတော့ ဒီ လက်မှတ်မထိုးရသေးတဲ့ ရှစ်ဖွဲ့ကို တွေ့ဆုံမှုလည်း ကျနော်တို့ မတွေ့ရသေးဘူးပေါ့ဗျာ။ မတွေ့ရသေးတော့ ဒီ တလ၊ နှစ်လအတွင်းမှာ ငြိမ်းချမ်းရေးညီလာခံကြီး ဖြစ်ဖို့ဆိုတာကတော့ အရင်အတွေ့အကြုံတွေအရ ကြည့်မယ်ဆိုရင်တော့ နည်းနည်းတော့၊ အရင်အတွေ့အကြုံအရ ဒီရှစ်ဖွဲ့ရဲ့ ပြုမူပုံ၊ စဉ်းစားပုံ စဉ်းစားနည်းနဲ့ ဆက်သွယ်ပုံ ဆက်သွယ်နည်းတွေကတော့ဖြင့် ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ဖို့ဆိုတာကတော့ တော်တော်ကြီး နည်းနည်းခက်ခဲလိမ့်မယ်လို့ ထင်တယ်လေ။ ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့အပိုင်းပေါ့ဗျာ။ ဒီဘက်ပိုင်းမှာ တပ်မတော်ဘက်က အပိုင်းကျတော့လည်း တပ်မတော်နဲ့လည်း ဒီစကားတွေ ပြောပြီးဆိုပြီးဖြစ်ဖို့ လိုတာပေါ့ဗျာ။ တပ်မတော်ဘက်ကလည်း ဒီ အပစ်အခတ်ရပ်စဲရေးကိစ္စကို ဘယ်လောက်ထိ လိုက်လျောညီထွေ လုပ်မလဲဆိုတာလည်း ကျနော်တို့ မသိရသေးဘူး။ ယခင်အတွေ့အကြုံအရတော့ ရှစ်ဖွဲ့အပြင် အေအေရယ်၊ ကိုးကန့်ရယ်၊ တအာင်းပလောင်ရယ် ဒီအဖွဲ့တွေပါမှပဲ ရှစ်ဖွဲ့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့၊ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့ကို သဘောတူမယ်ဆိုတဲ့ အပိုင်းက ရှိနေတော့ ဒီအခက်အခဲတွေကို ကျော်လွှားရဦးမှာ ဖြစ်တယ်ဗျ။ အဲဒါကို ဘယ်လိုကျော်လွှားကြမလဲတော့ ကျနော်တို့ မသိပါဘူး။ ကျနော်တို့နဲ့လည်း အဆက်အစပ် မရှိပါဘူးဗျာ။ မရှိတော့ ပြောရမှာ တော်တော်ခက်ပါတယ်။

"အဲဒီတော့ အကြံပြုချင်တာကတော့ တစ်ကတော့ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေး ကိစ္စကို သူတို့ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲ ဆိုတာကို အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုပါတယ်။ ဒုတိယအချက်ကတော့ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၊ လက်မှတ်မထိုးသေးတဲ့ ၈ ဖွဲ့နဲ့ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ ဆက်သွား၊ ဘယ်လိုသွားကြမလဲဆိုတာ ကျနော်တို့ လိုင်းချဖို့ လိုမယ်ထင်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ပိုင်း၊ အစိုးရပိုင်းကတော့ အန်အယ်လ်ဒီအစိုးရ လက်ထဲမှာပဲရှိတော့ ဒါက သိပ်ပြဿနာမရှိတော့ဘူးပေါ့လေ။ အဲဒီတော့ အဲဒီအဆင့်တွေ ပြီးမှသာလျှင်ပဲ ကျနော်တို့ တလအတွင်း၊ နှစ်လအတွင်းမှာ ဖြစ်မယ်ဆိုတာကိုတော့ စောင့်ကြည့်လေ့လာရမှာ ဖြစ်ပါတယ်။ ချက်ချင်းဖြစ်လိမ့်မယ်လို့တော့ ကျနော်ကတော့ အရင်အတွေ့အကြုံအရ ဆိုရင်တော့ နည်းနည်းလေး ကြန့်ကြာမှုတွေ ရှိနိုင်တဲ့အပိုင်း ရှိပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်းပဲ ငြိမ်းချမ်းရေး၊ ဒီအပစ်အခတ်ရပ်စဲရေး သွားတဲ့အပေါ်မှာ ဆုံ့ဆိုင်းမှုတွေ ရှိနေဟန်တူတယ်ဗျ။ တခြားအချက်တွေပေါ့။ ကျနော်တို့ သယံဇာတကိစ္စတွေ၊ နောက်တခါ နယ်စပ်ကိစ္စတွေ၊ နောက်တခါ ရှုပ်ထွေးနေတဲ့ ပထ၀ီနိုင်ငံရေး ပြဿနာတွေကို သူတို့ ဘယ်လိုမျိုး ကျော်လွှားနိုင်မလဲတော့ ကျနော်တို့ မသိဘူးလေ။ မသိတော့ သတင်းတွေ ၀င်လာအရတော့ ၀နဲ့သွားတွေ့တဲ့ အန်အယ်လ်ဒီ ညှိနှိုင်းရေးအဖွဲ့ကတော့ သိပ်ပြီးတော့ အဆင်ပြေလာတယ်လို့တော့ မကြားရတဲ့ အခါကျတော့ကာ နည်းနည်းလေး  စောင့်ကြည့်ပြီးမှ စကားကိုပြောနိုင်မယ် ထင်ပါတယ်။ အဲလောက်ပဲ ကျနော်ပြောနိုင်ပါတယ်။”

ဦးအောင်ဆန်းမြင့် (ကေအဲန်ပီပီ)

“ကျနော်တို့ကတော့ ၂၁ ရာစုခေါ်မယ်၊ ဒုတိယပင်လုံခေါ်မယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း တကယ့်လက်တွေ့ကျမှု၊ မကျမှုကတော့ လုပ်ဆောင်မှုအပေါ်မှာ မူတည်မှာပေါ့နော်။ ဘာလို့လဲဆိုလို့ရှိရင် အခုဟာ ပင်လုံသာ ခေါ်မယ်ပြောတယ်၊ တချို့ဒေသတွေမှာ တိုက်ပွဲတွေကလည်း ဖြစ်နေတယ်။ တချို့အဖွဲ့အစည်းတွေကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (အန်စီအေ) မထိုးထားသေးဘူး။ အဲဒါကို တခါတည်း နိုင်ငံရေးဆွေးနွေးပွဲကို ခေါ်မယ်ဆိုလို့ရှိရင် အဲဒါကြီးက တကယ်ရော လက်တွေ့ကျပါ့မလားဆိုတဲ့ စဉ်းစားချက်တော့ ကျနော်တို့မှာ ရှိတာပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့ကတော့ ကေအဲန်ပီပီ အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျနော်တို့ကတော့ ကြိုဆိုပါတယ်။”

“၂၁ ရာစု ပင်လုံညီလာခံ ခေါ်နေစဉ်မှာ အန်စီအေလက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သွားမယ်ဆိုတာနဲ့ ပတ်သက်လို့ - ကျနော်တို့က ဆိုလိုတာက ဒီလိုပါ။ အဖြစ်သဘောကို ကျနော်တို့ကတော့ သိပ်ပြီးမှ သဘောမကျဘူးဗျ။ ဘာလို့တုန်းဆိုရင် ဒီစစ်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားအရေးရဲ့ ဖြစ်နေတဲ့ပြဿနာ  အရင်းအမြစ်ကို ကျနော်တို့က သေသေချာချာ ရှင်းလင်းဖို့တော့ လိုအပ်မယ်လို့ ထင်တယ်လေ။ ဒီလိုမျိုး လက်မှတ်ထိုးရင် ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ ဆိုရင်တော့ တချို့က ပြီးခဲ့တဲ့ကာလမှာလည်း ဒီလိုပဲ ရှိတာပဲနော်။ အန်စီအေမှာ ကျနော်တို့က ညှိနှိုင်းတယ်၊ တချို့က တခါတည်း အပြတ်အသတ် ကျနော်တို့သဘောထား Compromise (အပေးအယူ) မရဘဲနဲ့ ကျော်သွားတဲ့ အချက်တွေရှိတယ်။ ဒါကြောင့် ကျနော်တို့က ကနေ့ချိန်ထိ တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာ အန်စီအေကို မကျေလည်တာတွေ၊ frame work (မူဘောင်) ကို မကျေလည်တာတွေ အဲဒါတွေက ဖြစ်နေတာပေါ့။ ဒါတွေက အဖြစ်သဘော လုပ်သွားတဲ့သဘောလေ။ ကျနော်တို့အထဲအထိ နက်နက်ရှိုင်းရှိုင်း အဲဒါတွေကို သုံးသပ်ဖို့လိုတယ်လို့ ကျနော်တို့ အဲလို သုံးသပ်ထားပါတယ်ဗျ။”

ကိုရဲရင့်ကျော် (ဗကသ ပြန်ကြားရေးတာဝန်ခံ)

“ကျနော့်သဘောထားကို ဖြေရရင်တော့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ စစ်တပ်ကြီးစိုးမှုကို လုပ်ထားတဲ့အတွက် စစ်တပ်ကြီးစိုးနေပြီးတော့ အပစ်အခတ်ရပ်စဲရေးတွေ အတုအယောင်တွေ ရှိနေသရွေ့ကတော့ ငြိမ်းချမ်းရေးက ဖန်တီးဖို့ မလွယ်ပါဘူး။ အဲဒီအတွက် ဒီ ၂၁ ရာစု ပင်လုံညီလာခံဟာ ကျနော်တို့အမြင်အရ အများကြီး အခက်အခဲရှိပြီးတော့ မဖြစ်နိုင်သေးတဲ့ အနေအထားပေါ့။ ဒီလောက်အချိန်တိုအတွင်းမှာလည်း ဖြစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ နောက် ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်လည်း ဒီနေရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမှ လျစ်လျူရှုထားလို့ မရတဲ့အတွက် အဆင်ပြေမှုဆိုတာ အနေအထားက၊ ကျနော်တို့ မူရင်းပင်လုံတုန်းက တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ အခု ၂၁ ရာစုမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ၂၀၀၈ ဖွဲ့စည်းပုံအောက်က အနေအထားအရ မဖြစ်နိုင်သေးပါဘူး။

“အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ကောင်းမွန်မှုဆိုင်ရာနဲ့ ပတ်သက်လို့ - ကာချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ညှိနှိုင်းဆောင်ရွက်မှုက အလွန်ပြေလည်လို့ ဒီ process ဖြစ်စဉ်ကို သွားမယ်ဆိုရင်တောင်မှ ဒီကာလတခုနဲ့ မရနိုင်တာကို ပြောချင်တာပါ။ ကျနော် ခုနပြောသွားတာကလည်း ဒီ ၁ လ ၂ လအတွင်းဆိုတော့ ကာချုပ်၊ ဒီ စစ်တပ်ကို ၁ လ၊ ၂ လနဲ့ စည်းရုံးနိုင်ဖို့ဆိုတာ တော်တော့်ကို ခက်ခဲတဲ့ပြဿ နာကြီးဆိုတာ လူတိုင်းသိတယ်လေ။ အားလုံးကလည်း တိုင်းရင်းသားလက်နက်ကိုင် ဘယ်သူ့ကို မေးကြည့်မေးကြည့် အခုလက်ရှိ ကျနော်တို့ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဆိုပြီးတော့ တလျှောက်လုံး ကြိုးစားလာတာ စစ်တပ်က ကပ်ဖဲ့ယပ်ဖဲ့ လုပ်နေလို့သာ ကျနော်တို့က လက်မှတ်က အကောင်အထည် မပေါ်လာတာ ဖြစ်နေတာကိုး၊ တိုင်းရင်းသားတွေ ပါမလာတာ ဖြစ်နေတာကိုး။ အဓိကကတော့ ၂၁ ရာစု ပင်လုံညီလာခံရဲ့အသက်က ၂၀၀၈ ဖွဲ့စည်းပုံအောက်က စာချုပ်လက်ထဲမှာပဲ ရှိတုန်းပါပဲ။

“ထောက်ပြချင်တာက - ပြည်သူ့အစိုးရလို့သာ ကျနော်တို့က ဖြစ်လာတဲ့ ဒီဘက်ခေတ်လေးကို ရောက်လာပေမယ့် ကျနော်တို့က ၂၀၀၈ ကြီးကို ဘယ်လိုမှ လွန်ဆန်လို့မရတော့ ဒီ ၂၀၀၈ ပြင်ဆင်ရေးကပဲ အဓိကကျနေတာ ဖြစ်တဲ့အတွက် ၂၀၀၈ ပြင်ဆင်ရေး ကောင်းကောင်းလုပ်နိုင်ပြီ၊ သို့မဟုတ် ဖျက်သိမ်းရေးပဲဖြစ်စေ၊ ပြင်ဆင်ရေးပဲဖြစ်စေ စစ်တပ်ရဲ့အခန်းကဏ္ဍတွေ လျှော့ချနိုင်ပြီ ဆိုတော့ကျမှသာ ကျနော်တို့ ဒီ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံသားတိုင်း စိတ်ကူးတွေ၊ အိပ်မက်တွေက အကောင်အထည်ဖော်ဖို့က လွယ်မယ်လို့ပဲ ထင်တယ်လေ။ ဒီ ၂၀၀၈ အောက်မှာတော့ စစ်တပ်က သူ့ရဲ့အခန်းကဏ္ဍ၊ သူ့ရဲ့ အကျိုးစီးပွားကို ရေးထားတာဖြစ်တဲ့အတွက် သူကျေနပ်မှ ကျနော်တို့ လုပ်ရမယ့် အလုပ်တွေက အများကြီး ဖြစ်နေတဲ့အခါမှာ အဓိက ၂၀၀၈ ဖျက်သိမ်းရေး၊ သို့မဟုတ် လတ်တလော အခြေအနေမှာ မဖြစ်မနေ ဖြတ်သန်းနေရဦးမယ်ဆိုလို့ရှိရင် စစ်တပ်နဲ့ အခန်းကဏ္ဍချောမွေ့ဖို့ ဒါကိုပဲ ဦးတည်ပြီးတော့၊ အဲဒီအောက်ကနေမှ ကျနော်တို့က အဲဒီရလဒ်ပေါ်ကနေမှ အစိုးရအပါအ၀င်၊ လွှတ်တော်အပါအ၀င် ဒီမှာ နိုင်ငံအတွက် အလုပ်လုပ်ရမယ့်ဟာတွေက အဲဒီအရိပ်အကဲကို ကြည့်ပြီးတော့ ဆောင်ရွက်နေရတဲ့ အပိုင်းလေးတွေ ဖြစ်နေတာကိုး။ အဲဒီအတွက် ကျနော်တို့က လွှတ်တော်မှာပဲဖြစ်စေ၊ ဖွဲ့စည်းပုံမှာပဲဖြစ်စေ နိုင်ငံတော်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေမှာ စစ်တပ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍနဲ့ ရှေ့က စစ်တပ်ရဲ့ အငွေ့အသက်တွေကို အရင် လျှော့ချနိုင်ဖို့ ကြိုးစားပြီးမှသာ ကျနော်တို့ စိတ်ကူးယဉ်မယ်၊ အိပ်မက်မက်တယ်ဆိုတဲ့ဟာက အကောင်အထည်ဖော်လို့ ရပါလိမ့်မယ်။”

ဆရာသန်းစိုးနိုင် (နိုင်ငံရေးသုံးသပ်သူ)

“၂၁ ရာစုပင်လုံက ဒါက လုပ်သင့်တဲ့ကိစ္စပါ။ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည်လည်း တလျှောက်လုံး ပြောလာတဲ့ကိစ္စပဲ။ ဒါပေမယ့် ကျနော်တို့ စောတယ်၊ မြန်တယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် တခုတော့ရှိတာပေါ့ဗျာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီရက်ပိုင်းခြားလောက်အတွင်း အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်ဖို့ပဲ ရှိတာပါ။ တကယ်ကတော့ အခု ရက် ၁၀၀ အတွင်းကို ဗမာပြည်ကို အပြင်းအထန် အလှည့်အပြောင်းဖြစ်ချင်တဲ့ ပရိသတ်ရဲ့၊ လူထုရဲ့ ဆန္ဒကလည်း ရှိသေးတာကိုး။ အဲဒီတော့ ငြိမ်းချမ်းရေးကိစ္စကလည်း အရေးကြီးတယ်။ ဒီနေ့ထိ စစ်ရှောင်ဒုက္ခသည် ပြဿနာတွေက အများကြီးပဲလေ။ အဲဒီတော့ ဒီကိစ္စက လုပ်ကိုလုပ်မှ ဖြစ်မှာ။ ဒီနေရာမှာ မြန်တယ်၊ နှေးတယ် မရှိပါဘူး။ အားလုံးပါဝင်နိုင်ရေးအတွက် ကြိုးပမ်းရေးသာ အဓိကဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။“

“ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော် အခရာကျနေသလား - မဟုတ်ဘူးဗျ။ ဒီဖြစ်စဉ်က တကယ်ကတော့ ဦးသိန်းစိန်တို့လုပ်ခဲ့တဲ့ အန်စီအေမှာ အားလုံးပါဝင်ကြမယ်။ အဲဒီမှာ political dialogue နိုင်ငံရေးဆွေးနွေးကြမယ်ဆို ပြဿနာမရှိဘူး။ ဒါပေမယ့် အဲဒီမှာတုန်းက အပစ်အခတ်ရပ်စဲရေး အန်စီအေမှာ ယူအန်အက်ဖ်စီက အများစုနဲ့ ၀ တို့ဘာတို့ မပါဝင်ဘဲနဲ့ အန်စီအေ လုပ်လိုက်တယ်။ ပြီးတော့ သူတို့က ကျနော်တို့ နိုင်ငံရေးမူဘောင်တွေ ချမှတ်ရေး ဆွေးနွေးမယ်ဆိုတော့  အဲဒီဖြစ်စဉ်ကြီးကတော့ အတော် ဟန်မကျဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးမှ မပါဝင်ဘဲ။ နောက်ပြီးတော့ ဗမာပြည်မှာ သေနတ်သံတွေလည်း မတိတ်သေးဘူးလေဗျာ။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က သူ့ရဲ့ ၂၁ ရာစု အားလုံးပါဝင်ရေးဆိုတဲ့ ညီလာခံတခုကို အစပျိုးလိုက်တာပဲ။ တကယ်ကတော့ သူလည်း သွားမှာ political dialogue နိုင်ငံရေးဆွေးနွေးပွဲ သွားမှာပါပဲ၊ အဲဒီတော့ အန်စီအေကို ဆက်လုပ်လို့ရှိရင် တပ်မတော်က သဘောမတူလို့ရှိရင် ဒါက အားလုံးပါဝင်ရေးက မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ သူ့အနေနဲ့ သူ့အစီအစဉ်တရပ်နဲ့သူ ဆက်ပြီးတော့ စပြီးတော့ သူလုပ်ဖို့အတွက် ကျနော်ကတော့ ပြင်ဆင်တာဖြစ်တယ်။ ဒါလုပ်သင့်တယ် ယူဆတယ်။”

“၂၁ ရာစုပင်လုံညီလာခံ ချောမွေ့စေရေးအတွက် - အဲဒီကိစ္စမှာတော့ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားပါတီတွေဘက်က အခြေအနေကို နားလည်ဖို့ လိုတာပေါ့ဗျာ။ ကျနော်ပြောချင်တဲ့အဓိပ္ပာယ်က ဘာလဲဆိုတော့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အန်စီအေမှာဆိုရင် ဆက်ပြီး ရှေ့တိုးလို့မရဘူး။ ဘာဖြစ်လို့လဲဆိုရင် အများစုက အန်စီအေမှာ လက်မှတ်ထိုးခွင့်မရဘူး။ ထိုးလို့မရဘူး။ အဲဒီအခါ အန်စီအေအတိုင်း ဆက်သွားလို့မရဘူး။ အဲဒီတော့ အန်စီအေက ဘယ်ဆက်သွားနေလဲဆိုတော့ အခု သူတို့ လက်မှတ်ထိုးထားတဲ့ လူတစုနဲ့ နိုင်ငံရေးမူဘောင် ချမှတ်ရေးတို့ ဘာတို့ လုပ်နေတာပေါ့ဗျာ။ ဆိုလိုတာက ဦးသိန်းစိန်တို့လုပ်ခဲ့တဲ့ အန်စီအေ ဖရိမ်ထက် ပိုမိုကျယ်ပြန့်တဲ့ အခြေခံတခုကို ရဖို့အတွက် ကျနော်တို့ အမျိုးသားညီလာခံမှာ အန်စီအေမှာ ပါဝင်ခွင့်မရတဲ့သူတွေရော၊ တိုင်းရင်းသား နိုင်ငံရေးပါတီ အင်အားစုတွေရော ပါဝင်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ကြဖို့၊ အဲဒီမှာ နိုင်ငံရေးမူဘောင် ချမှတ်ရေးတွေ ဘာတွေလည်း အဲဒီမှာ ဆွေးနွေးရမှာပေါ့။ အရင်ပင်လုံလိုတော့ အဖြစ်မခံနိုင်ဘူးဆိုတော့ အရင်ပင်လုံမှာက ကျနော်တို့က အတော် ရပ်ခ်ျဖြစ်အောင် လုပ်ခဲ့ရတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က လွတ်လပ်ရေးအရယူဖို့အတွက် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ထားတဲ့အချိန် ဖြစ်နေတယ်။ အဲဒီအခါကျတော့ တောင်တန်းဒေသတွေကို ပေးမယ့်အစား တောင်တန်းဒေသတွေ ယုံယုံကြည်ကြည်နဲ့ ပါဝင်ခွင့်ရှိဖို့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တာ။ ဒါ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်မှုကြောင့်လည်း အဲဒီကိစ္စက အလျှင်အမြန် ဖြစ်သွားတာ။ ဒါပေမယ့် ပြဿ နာတွေက ဘာလဲဆိုတော့ တကယ်တမ်း ကိုယ့်တိုင်းပြည် ကိုယ်တိုင်အုပ်ချုပ်ရတဲ့ အခြေအနေ ရောက်တဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းလည်း မရှိတော့ ပြဿနာတွေ ရှုပ်ကုန်တာပေါ့ဗျာ။ ကျနော်ပြောချင်တာက ဗမာပြည်ရဲ့ ဖက်ဒရယ်ပြဿနာနဲ့ လက်နက်ကိုင် ပြည်တွင်းစစ်ပြဿ နာက နှစ်ငါးဆယ်ကျော်ပြီ။ အဲဒီတော့ ပင်လုံတုန်းကလို တရက်နှစ်ရက်နဲ့ ကိစ္စပြီးစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ကျနော်တို့က ဘာကိုစပြီးတော့ လုပ်ရမှာလဲဆိုတော့ အန်စီအေမှာ အားလုံးပါဝင်ခွင့်မရရင် အခုလုပ်မယ့် ဒုတိယပင်လုံညီလာခံမှာ ကျနော်တို့ အာလုံးပါဝင်အောင် ပထမ ကြိုးစားရမယ်။ ပြီးတဲ့အခါကျလို့ရှိရင် ဘယ်နိုင်ငံရေးမူဘောင်တွေ ဆွေးနွေးကြမလဲ။ ပြီးတဲ့အခါမှာ အဲဒီကိစ္စတွေ အားလုံးကို နိုင်ငံရေးမူဘောင် ချပြီးတဲ့အခါမှာ နိုင်ငံရေးမူဘောင်တွေနဲ့ ပတ်သက်ပြီးတော့ ရေရှည် အဲဒီကိစ္စတွေကို ညှိနှိုင်းဆွေးနွေးသွားရမှာ။ အဲဒီဆွေးနွေးပြီးတော့ ရတဲ့အဖြေနဲ့ ကျနော်တို့က အဲဒီဖြစ်စဉ်အတွင်းမှာ တပ်မတော်ကလည်း နားလည်သဘောပေါက်တယ်၊ နားလည်လက်ခံနိုင်တဲ့ အခြေအနေတခု ရောက်ပြီဆိုလို့ရှိရင် အန်စီအေမှာ အားလုံးပါဝင်ရေးဆိုတဲ့ အနေအထားတခုကနေပြီးတော့ ဦးသိန်းစိန်လုပ်ခဲ့တဲ့ လမ်းကြောင်းကို ကျနော်တို့က ပိုမိုကျယ်ပြန့်ပြီးတော့ ပိုမိုနက်ရှိုင်းအောင်လုပ်၊ အဲဒီကနေတဆင့် သွားရမှာ။ အဲဒီအတွက် ဘာရှိနေမလဲဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ရှိတယ်။ အဲဒါက အမ်ပီစီကို အစားထိုးထားတာ။ အဲဒီလုပ်ငန်းစဉ်နဲ့ ဆက်သွားကြတော့။ ဆိုလိုတာက သွားမယ့်လမ်းကြောင်းက အတူတူပဲ။ အခြေခံက ဘာလဲဆိုတော့ အားလုံးပါဝင်ခွင့်ရရေးနဲ့ မရရေးပဲ။ ဆိုလိုတာက အန်စီအေမှာ တပ်မတော် သဘောမတူလို့ရှိရင် အန်စီအေ အားလုံးမပါဝင်နိုင်ဘူး။ ဟုတ်ပြီ အဲဒါဆို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို ကျင်းပဖို့ အခု ၂၁ ရာစု ပင်လုံဆိုတဲ့ အစည်းအဝေးတရပ်ကို ကျင်းပတာ ဖြစ်ပါတယ်။ အဲလိုပဲ နားလည်တယ်။ အဲဒီတော့ ဒါကလည်း ပြီးခဲ့တဲ့ ပင်လုံလို ၂ ရက်လောက်နဲ့ စာချုပ်ချုပ်နိုင်မယ့် ကိစ္စမဟုတ်ဘူး။ ၂ နှစ်ကြာရင်ကြာမယ်၊ အနှစ် ၂၀ ကြာရင်ကြာမယ်။

“တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဦးရွက်လုပ်ရင် ထိုးကြမှာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်တခုတည်း ပြီးခဲ့တဲ့ အန်စီအေ အနေနဲ့က လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်က ဒီအဖွဲ့အစည်းအားလုံး ပါဝင်ရေးကို လက်မှမခံဘဲ။ ကိုးကန့်၊ အေအေ အဲဒါတွေကို လက်နက်ချမှရမယ်။ သူတို့ကို လက်မခံနိုင်ဘူး ပြောထားတာ။ အဲဒါကြောင့်မို့ ကျနော်တို့ ဒီ ၂၁ ရာစုပင်လုံနဲ့ အားလုံးပါဝင်ရေး နိုင်ငံရေးဆွေးနွေးပွဲကို စဖို့လိုတယ်လို့ ပြောတာပါ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013