DVB Logo
Home
မြန်မာသတင်း
ဖူးခက်တွင် မြန်မာရေလုပ်သားတဦး အသတ်ခံရ
DVB
·
May 3, 2016
ဖူးခက်တွင် မြန်မာရေလုပ်သားတဦး အသတ်ခံရ
Donate to DVB

ထိုင်းတောင်ပိုင်း ဖူးကစ်ခရိုင် ဖူးကစ်မြို့မှာ ငါးဖမ်းလှေပေါ်က မြန်မာအလုပ်သမားတဦး အသတ်ခံခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မေလ ၃ ရက် မနက် ၇ နာရီခွဲ အချိန်က ဖူးကစ်မြို့ ရတ်ဆဒါးရပ်ကွက် နယ်မြေ ၇ က တော စပ်နားမှာ  အပုပ်နံ့နံနေတဲ့ အိပ်ယာလိပ်တခု တွေ့ရှိတဲ့အတွက် ဒေသခံတွေက  အကြောင်းကြား လို့ တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးရာက မြန်မာအလုပ်သမားတဦးရဲ့ အလောင်းကို တွေ့ခဲ့တာလို့  ဖူးခက်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး နိုင်းဆာကွန်း ကရိုင်းနရာက သတင်းထောက်တွေကို ပြောပါတယ်။

အလောင်းမှာ မီးခိုးရောင်အိပ်ယာခင်းနဲ့ လိပ်ပြီး ကြိုး ၃ ချောင်းနဲ့ ချည်ထားကြောင်း၊ တာဝန်ရှိ သူတွေက အိပ်ယာလိပ်ကို ဖြည်ကြည့်ရာမှာ မျက်နှာမှာ ဓားဒဏ်ရာရှိ မီးခိုးရောင် အင်္ကျီ လက်ရှည်နဲ့ အားကစားဘောင်းဘီရော ဂျင်းဘောင်းဘီ ၂ ထပ်ဝတ်ဆင်ထားတဲ့ အသက် ၅၀ ခန့် အမျိုးသားတဦး သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အလောင်းမှာ လောက်ကောင်တွေထွက်ပြီး ပုပ်ပွနေတဲ့အတွက် တခြားကိုယ်ခန္ဓာအစိပ်အပိုင်းက ဒဏ်ရာတွေတော့ စစ်ဆေးလို့မရတော့ဘဲ သေဆုံးသွားတာ တပတ်လောက်ရှိပြီလို့  ရဲတပ်ဖွဲ့နဲ့ အတူလိုက်လာတဲ့ ၀ချီရဆေးရုံဆရာဝန်မှ ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၅၁ နှစ်ရှိ ဦးပိုင်တိုးကျော် ဆိုသူ မြန်မာ အလုပ်သမားဖြစ်ကြောင်း၊ ၄င်းနဲ့ တဆောင်တည်း ငှားနေသူ မြန်မာအမျိုးသမီး ဒေါ်မလိ ပြောပြချက်အရ သေဆုံးသူဟာ ငါးဖမ်းလှေအလုပ်သမားဖြစ်ပြီး ပြီးခဲ့တဲ့အပတ် ၂၇ ရက်နေ့က  အလုပ်ပွဲစားဆိုသူဟာ သူ့အခန်းကို ရောက်လာပြီး လုပ်အားခငွေ ရှင်းပေးခဲ့ကြောင်း၊ ပွဲစားက လုပ်အားခဖြတ်တောက်ထားတဲ့အပေါ်မှာ မကျေနပ်လို့ စကားများရန်ဖြစ်ပြီး ပွဲစားက သူ့ခေါင်းကို တုတ်နဲ့ ရိုက်ပြီးထွက်သွားတယ်လို့ ထွက်ဆိုပါတယ်။

ဦးပိုင်တိုးကျော်ဟာ သူ့ဒဏ်ရာကို ဆေးရုံသွားပြမယ်လို့ပြောပြီး အပြင်ထွက်သွားတာ ပြန်လာတာမတွေ့ကြောင်း၊ ဒီကနေ့မနက် ရဲတွေက ခေါ်ပြမှ အလောင်းအဖြစ်တွေ့ရတာလို့ ဒေါ်မလိက ပြောသွားပါတယ်။

ရဲတပ်ဖွဲ့ကတော့ လူသတ်တရားခံဖမ်းဆီးအရေးယူဖို့ ဆက်လက်စစ်ဆေးရှာဖွေနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013