DVB Logo
Home
မြန်မာသတင်း
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်ဖို့ ပင်လုံရပိုင်ခွင့်တွေလိုဟု ဦးခွန်ထွန်းဦး ပြော
DVB
·
May 3, 2016
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်ဖို့ ပင်လုံရပိုင်ခွင့်တွေလိုဟု ဦးခွန်ထွန်းဦး ပြော
Donate to DVB

လက်နက်ကိုင်တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ အစိုးရသစ်လက်ထက် လုပ်ဆောင်ရမယ့် အချက်တွေထဲမှာ ပင်လုံရပိုင်ခွင့်တွေက အရေးကြီးတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးက ပြောဆိုလိုက်ပါတယ်။

“ပြောတာဆိုတာကအစ ကတိတည်ရမယ်၊ နောက်ပြီးတော့ ဖြစ်တဲ့ပြဿနာ ကလည်း ကလေးတိုင်းသိနေပြီ။ ရချင်တာက ပင်လုံက ဆင်းသက်လာတဲ့ ရပိုင်ခွင့်တွေပဲ ပြန်ရချင်တာပဲ။ ဘာမှ အပိုမတောင်းဘူး။ ဖက်ဒရယ်ပြည်ထောင်စုပေးပါ၊ တန်းတူညီတူပေးပါ၊ ကိုယ့်စာပေ ကိုယ်သင်ချင်တယ်၊ ကိုယ့်ယဉ်ကျေးမှု ကိုယ်ထိန်းချင်တယ်။ ဒီဟာကိုမှ မပေးနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။”

ပင်လုံညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပင်လုံမြို့မှာ တွေ့ဆုံကာ မိမိတို့ရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို မိမိတို့ဆန္ဒအလျောက် အချင်းချင်း လွတ်လပ်စွာ ပူးပေါင်းပြီး နိုင်ငံတော်သစ်တခုကို ထူထောင်ဖို့ ဒါမှမဟုတ် လွတ်လပ်ရေးရယူဖို့ တွေ့ဆုံခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပင်လုံစာချုပ်ကို အခြေခံ ရေးဆွဲပြဋ္ဌာန်းခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက် ၄ နှစ်နီးပါး ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လာမယ့်တလနှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြဖို့နဲ့ အဲဒီညီလာခံမှာ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပါဝင်စေလိုကြောင်း ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ပြောကြားထားပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “တယောက်နဲ့တယောက် ဆွေးနွေးပြီးတော့မှ အဖြေရှာရမှာဖြစ်တယ်။ ကြိုပြီးတော့ ဒါကြီးကို ဒီပုံစံအတိုင်း သွားမယ်လို့ ချထားလို့ မရဘူးလို့ ကျနော်ထင်တယ်။ ကျနော်တို့တိုင်းပြည်နဲ့ ကိုက်ညီတဲ့ပုံစံက ဘာလဲ။ ကျနော်တို့မှာရှိတဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့ လိုလားချက်က ဘာလဲ။ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ အမြင်တွေက ဘာတွေလဲ။ အားလုံးညှိနှိုင်းပြီးတော့မှ ကျနော်တို့တိုင်းပြည်ကို ဘယ်လိုပုံစံ တည်ဆောက်သွားမယ်ဆိုတဲ့ ပုံသဏ္ဌာန် ပေါ်လိမ့်မယ်လို့ ကျနော်ယူဆတယ်" လို့ ပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံနဲ့ ဖက်ဒရယ်အရေးတို့အတွက် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၃၀ ရက်နေ့က စတင်ပြီး သီးသန့် တွေ့ဆုံ ဆွေးနွေးနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ (ယူအန်အက်ဖ်စီ) ကလည်း အစိုးရသစ်နဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိစ္စတွေပါ ဆွေးနွေးဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013