
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သား ကလေးတယောက် အပါအဝင် ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးညှင်းမြို့ အမှတ် ၃၈၅ အမြောက်တပ်ရင်းကနေ ဧပြီ ၂၈ ရက် မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တောင်အင်းရွာနဲ့ ရွှေပြည်အေးရပ်ကွက်ထဲကို ကျည်ကျပြီး အရပ်သားတွေ ထိမှန်သေဆုံးတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရွှေပြည်အေးရပ်ကွက်က မြို့ထဲမှာရှိတာ။ သံတိုသံစရောင်းတဲ့ အိမ်အနီးကို လက်နက်ကြီးကျည် ၂ လုံးကျတာ အိမ်ရှင် ထိပြီး သေသွားတယ်။ တောင်အင်းရွာကို တလုံး ကျတယ်၊ ကလေးတဦး သေတယ်” လို့ ပြောပါတယ်။
တောင်အင်းရွာမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးပြီး ရွှေပြည်အေးရပ်ကွက်မှာတော့ ဦးကျော်လှ ထိမှန်သေဆုံးသလို ကလေးတယောက်လည်း ခြေထောက်ပြတ်ဒဏ်ရာ၊ အသက် ၆၀ အရွယ် အမျိုးသမီးတယောက် ဦးခေါင်းထိ ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဒဏ်ရာရကလေးက မိုးညှင်းဆေးရုံမှာ အရေးပေါ် ကုသနေရတယ်။ ကလေးရဲ့ အခြေအနေက သတိရတချက်၊ မရတချက်ပဲ။ တော်လှန်ရေးတပ်တွေ စစ်ကြောင်းထိုးလာတယ် ဆိုပြီး လက်နက်ကြီးနဲ့ပစ်တာလို့ သိရတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ နန်းမားမြို့တွင်းက အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံနဲ့ ရွှေပြည်အေးရပ်ကွက် ဘုန်းကြီးကျောင်းတွေမှာ မနေ့ကပဲ တပ်စွဲထားပြီလို့ သိရပါတယ်။










