DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါ မြန်မာနိုင်ငံကို ယနေ့လာရောက်မည်
DVB
·
May 2, 2016
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါ မြန်မာနိုင်ငံကို ယနေ့လာရောက်မည်
Donate to DVB

မဲခေါင်ဒေသတွင်းနိုင်ငံတွေကို ခရီးလှည့်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါဟာ ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံ နေပြည်တော်ကို ဒီကနေ့ ရောက်လာဖို့ ရှိနေပါတယ်။

မြန်မာပြည်ခရီးစဉ်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အပြင်၊ လွှတ်တော် အကြီးအကဲတွေနဲ့ပါတွေ့ဆုံဖို့ရှိနေပြီး ဒီခရီးစဉ်နဲ့ ပတ်သက်လို့ မစ္စတာ ကီရှီဒါက ဂျပန်အနေနဲ မြန်မာနိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် မိတ်ဆွေနိုင်ငံအဖြစ် ပူးပေါင်းကူညီပေးသွားမယ်လို့ နိုင်ငံပိုင် မြန်မာ့ အလင်းသတင်းစာနဲ့ တွေ့ဆုံ မေးမြန်းရာမှာ ပြောပါတယ်။

“ဒီတစ်ခေါက်အလည်အပတ်ခရီးစဉ်မှာ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံအဖြစ် အစိုးရပုဂ္ဂလိကပူးပေါင်းပြီး ကူညီထောက်ပံ့ သွားမယ့်အကြောင်းကို မြန်မာပြည်သူပြည်သားတွေအား စကား လက်ဆောင်ပါးချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီထက်ပိုပြီး ဒီမို ကရေစီအသွင်ကူးပြောင်းရေးနဲ့ ကြွယ်ဝချမ်းသာရေး အကောင် အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကောင်းမွန်တဲ့ နှစ်နိုင်ငံအကြားဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယတိပြတ် ယုံကြည်ထားပါတယ်။”

ဂျပန်နိုင်ငံအနေနဲ့ မြန်မာကို ၂ဝ၁၃ ခုနှစ်မှာ ချေးငွေ ဂျပန်ယန်း ၃ဝဝ ဘီလီယံခန့် လျှော်ပေးခဲ့ပြီး နိုင်ငံသားတွေရဲ့ လူနေမှုဘဝတိုးတက်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ပြုစုပျိုးထောင်ရေး၊ နည်းစနစ်ပိုင်းဆိုင်ရာမြှင့်တင်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့အတွက် ယန်းငွေ ၃၇၇ ဘီလီယံနဲ့ မနှစ်က ရေကြီးရေလျှံမှုတွေအတွက် အကူအညီ ဂျပန်ယန်း ၅ ဘီလီယံခန့် ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ပေးနေတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် မြန်မာအစိုးရသစ်က အထူးအလေးထားဆောင်ရွက်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ ငွေကြေးနဲ့ ဘဏ္ဍာရေးစတဲ့ ကဏ္ဍတွေမှာ ဘက်ပေါင်းစုံကနေ အစွမ်းကုန် ထောက်ပံ့ကူညီ ပေးသွားမယ်လို့ မစ္စတာ ကီရှီဒါ ကပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီ ၂၉ ရက်ကတည်းက မဲခေါင်ဒေသနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံကို စတင်သွားရောက်နေတာဖြစ်ပြီး ဒီနောက် ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။ မနက်ဖြန် မေလ ၃ ရက်နေ့ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဆက်လက် သွားရောက်မယ်လို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါဟာဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ၃ ကြိမ်မြောက် မြန်မာပြည်ခရီးစဉ်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အစိုးရ သစ်လက်ထက် ပထမဆုံးလာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013