DVB Logo
Home
Lead Story
တပ်နဲ့ လွှတ်တော်ကြား ပွတ်တိုက်မှုတွေ ရှိနိုင်တယ် - ဦးဖေသန်း
DVB
·
May 1, 2016
တပ်နဲ့ လွှတ်တော်ကြား ပွတ်တိုက်မှုတွေ ရှိနိုင်တယ် - ဦးဖေသန်း
Donate to DVB

မေ ၂ ရက်မှာ ပြန်စတင်ကျင်းပတော့မယ့် ပြည်သူနဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးမှာ ဥပဒေတွေ ပြင်ဆင်ဖျက်သိမ်းတာ အဆိုတွေတင်၊ မေးခွန်းတွေ မေးတာတွေနဲ့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေ အမြောက်အမြားထွက်ပေါ်လာဖို့ ရှိတယ်လို့ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

သူတို့ ရခိုင်ပါတီကိုယ်စားလှယ်တွေအနေနဲ့လည်း ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဖို့ အရေးကြီးအဆို တင်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ ဦးဖေသန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီတကြိမ်ပြန်စမယ့် လွှတ်တော်မှာ ဘာတွေ ထူးခြားနိုင်မလဲ။

“ကုန်ခဲ့တဲ့ လွှတ်တော်ကတော့ အစိုးရဖွဲ့တာတွေ၊ ကော်မတီကော်မရှင်ဖွဲ့တာတွေနဲ့ အချိန်ကုန်ခဲ့တာပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေ အဆိုတွေက ဘာမှ စတင်လုပ်ဆောင်ခဲ့တာ မရှိဘူး။ ကော်မတီတွေကလည်း သက်ဆိုင်ရာ ဆွေးနွေးစရာတွေ ရှိလာမယ်၊ ဥပမာ တောင်သူလယ်သမားကော်မတီဆိုရင် မြေသိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ အစီအစဉ် ရှိပါတယ်။ ဒီတပတ်လွှတ်တော်မှာ ဥပဒေတွေ အတည်ပြုတာ ပြင်ဆင်တာ ပယ်ဖျက်တာတို့လည်း ရှိလာနိုင်ပါတယ်။ တနေ့ကပဲ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်တာ တွေ့တယ်၊ ပြီးတော့ ခုနကပြောသလို အဆိုတွေ မေးခွန်းတွေလည်း စတင်ပြီး ဆွေးနွေးကြတော့မယ် ထင်ပါတယ်။ ကော်မတီရဲ့ လုပ်ငန်းတွေလည်း ချမှတ်မယ်ဆိုတော့ ဒါ လုပ်ဆောင်ချက်တွေ အများကြီး ပေါ်လာမှာပါဗျ။”

ဒုတိယအကြိမ်လွှတ်တော်စတော့ အန်အယ်လ်ဒီက တင်တဲ့ ဥပဒေတွေ အဆိုတွေနဲ့ ပတ်သက်လို့ တပ်ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်တာတွေဘာတွေ လုပ်ခဲ့ကြတယ်။ ဒီတကြိမ်ပြန်စမယ့် လွှတ်တော်မှာရော အဲ့ဒီလိုမျိုး မြင်ရတွေ့ရနိုင်သေးလား။

“မြင်ရနိုင်ပါတယ်။ ဘာလို့ဆိုတော့ တပ်မတော်ကလည်း သူတို့ အကျိုးနဲ့ ပတ်သက်လာရင် မကြိုက်တာတွေဘာတွေရှိရင် ချက်ချင်းပဲ ထ ကန့်ကွက်တာတွေဘာတွေ ရှိတယ်။ တပ်နဲ့ လွှတ်တော်ကြား ပွတ်တိုက်မှုတွေ ရှိနိုင်ပါတယ်။ ဆိုလိုတာကတော့ လွှတ်တော်ထဲမှာတော့ အတိုက်အခံအင်အားရယ်လို့ တပ်မတော်ပဲ တောင့်တောင့်တင်းတင်း ရှိတယ်။ ဒါပေမယ့် နိုင်ခြေရှိတဲ့ လုပ်ရပ်မျိုးတော့ သူတို့ မလုပ်နိုင်ပါဘူး၊ အမျိုးသားရင်ကြားစေ့ရေးကို မရောက်နိုင်ဘူးဆိုရင် အဲ့ဒါလေးတွေက အမြဲမပြတ် ဒီလိုပဲ လွှတ်တော်ထဲမှာ ထိပ်တိုက်တွေ့နေမှာပဲလို့ ထင်တယ်။”

နောက်တခုက ဒီရက်ပိုင်း သတင်းစာတွေထဲမှာ နိုင်ငံတော်အား နှောင့်ယှက်လိုသူများဥပဒေကို ဖျက်သိမ်းမယ်ဆိုပြီး ထည့်လာတယ်၊ ဒီလွှတ်တော်မှာလည်း ခေတ်နဲ့မညီတဲ့ ဥပဒေတွေဖျက်သိမ်းဖို့ ရှိတယ်လို့လည်း သိရတယ်။ အဲ့ဒီကိစ္စတွေ လုပ်ဆောင်တဲ့အခါမှာရော တပ်ဘက်က ကန့်ကွက်လာနိုင်စရာ ရှိမလား။

“အရင် န၀တ နအဖ ခေတ်ကတည်းက လုပ်ခဲ့တာပေါ့နော်၊ နိုင်ငံရေးသမားတွေကို ရေရှည်ထိန်းသိမ်းထားချင်တဲ့ ဆန္ဒနဲ့ တခါ တခါဆို ထောင်ချတာထက်ကို ထိန်းသိမ်းတဲ့ရက်က ပိုကြာသွားတာပေါ့။ တမင် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့ကြတာလေ။ ဒါပေမယ့် ဒီကနေ့အချိန်မှာတော့ အန်အယ်လ်ဒီ အစိုးရလက်ထဲမှာ ရှိနေတာဆိုတော့ သူတို့ မကျေနပ်ပေမယ့် သူတို့ ၀င်စွက်လို့ရမှာ မဟုတ်ဘူး။ နောက်ပြီး ခေတ်ကလည်း မတူတော့ဘူးလေ၊ သူတို့ အရင်အမြင်နဲ့ ဒီနေ့အမြင်က နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်ချက်အပေါ် တပ်မတော်အနေနဲ့အမြင်လည်း အနည်းနဲ့အများ ပြောင်းလာမယ်ထင်တယ်။ နိုင်ငံရေးသမားတွေကို အရင်ကလို သဲကြီးမဲကြီး တိုက်ခိုက်တာတွေတော့ သူတို့ လုပ်မှာ မဟုတ်ဘူးလို့ ထင်တယ်။ အဲ့ဒါကြောင့် ဒီ ဥပဒေတွေ ဖျက်သိမ်းတာနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ကတော့ နည်းနည်း သူတို့ အစာမကြေရုံကလွဲလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှာ မဟုတ်ဘူးလို့ ထင်တယ်။”

နောက်တခုက  ဒီနေ့ပဲ ရခိုင်က မြို့တွေမှာ ပြည်နယ်တွင်းတိုက်ပွဲတွေ ရပ်ပေးဖို့ လူထုက ဆန္ဒပြတယ်။ ရခိုင်ကိစ္စ လွှတ်တော်မှာ ဘာလုပ်ဖို့ ရှိလဲ။

“ဟုတ်ကဲ့၊ ကျနော်တို့ ပါတီကလည်း ဒီကိစ္စကို အရေးကြီးအဆိုတင်ဖို့ ပြင်နေကြပါတယ်၊ လွှတ်တော်ထဲ ရောက်ရောက်ချင်း နှစ်ရက်သုံးရက်အတွင်းမှာ ဖြစ်လာနိုင်တယ်၊ ပြည်သူတွေကလည်း ဆန္ဒရှိတယ်ဆိုတော့ ဒီကိစ္စကို တနိုင်ငံလုံးရဲ့ သဘောထားသိအောင် ကြိုးစားလုပ်ဆောင်ရမယ့် ကဏ္ဍ ဖြစ်ပါတယ်။ တိုက်ပွဲများရပ်တန့်ဖို့ တောင်းဆိုခြင်းဟာ နိုင်ငံတော်သွားမယ့်လမ်းကို အထောက်အကူ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013