DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့်ဘက်ပေါင်းစုံ ဆက်ဆံရေး တိုးမြှင့်သွားမည်ဟု ဆွီဒင်ပြော
DVB
·
April 30, 2016
မြန်မာနှင့်ဘက်ပေါင်းစုံ ဆက်ဆံရေး တိုးမြှင့်သွားမည်ဟု ဆွီဒင်ပြော
1 / 3
Donate to DVB

အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရသစ်နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံနဲ့ ဘက်ပေါင်းစုံ ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆွီဒင်နိုင်ငံဖွံ့ဖြိုးရေးဝန်ကြီးက ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ဆွီဒင်နိုင်ငံက ဖွံ့ဖြိုးရေးဝန်ကြီး Mrs.Isabella Lovin က မြန်မာပြည်ကို ၃ ရက် တာအလည်အပတ်ခရီး ရောက်ရှိနေပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်က လုပ်ငန်းစဉ်တွေကို သွားရောက်ကြည့်ရှုသလို ဒီနေ့မှာဆိုရင်လည်း ဒေါ်အောင်ဆန်း စုကြည်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုဝန်ကြီး အချို့ကို တွေ့ဆုံခဲ့ပါတယ်။

ဆွီဒင်နိုင်ငံကို ပြန်လည်မထွက်ခွာခင်မှာ ဒီဗွီဘီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာတော့ လက်ရှိ အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရမှာ ဆွီဒင်အစိုးရအနေနဲ့ ပိုမိုပြီးတော့ ထိရောက်စွာ အကူအညီပေးဖို့၊ ပိုမိုပြီးတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့၊ ငြိမ်းချမ်းရေးတွေမှာ ပိုမိုပါဝင်သွားမယ်ဆိုတာ ပြောကြားခဲ့ပါတယ်။

သူမရဲ့ ခရီးစဉ်အတွင်းမှာလည်း အမျိုးသမီးများ နိုင်ငံရေးမှာ ပိုမိုပါဝင်နိုင်ရေးကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Mrs.Isabella Lovin က “အခုအန်အယ်လ်ဒီဦးဆောင်တဲ့ အရပ်သားအစိုးရမှာ ပိုမိုပူးပေါင်း ဆောင်ရွက်ထားဖို့ အစီအစဉ်ရှိပါတယ်။ အရင်စစ်အစိုးရလက်ထက်တုန်းက မလုပ်နိုင်ခဲ့တဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေ၊ အဆောက်အအုံ တည်ဆောက်မှုတွေ၊ နောက်တခုကတော့ ဒီမိုကရေစီ ဖွံ့ဖြိုးရေးတွေကို ပိုမိုလုပ်ဆောင်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

ဆွီဒင်နိုင်ငံဟာ မြန်မာပြည်နဲ့ ၁၉၅၅ ခုနှစ်တည်းက သံတမန်အဆက်သွယ်ရှိခဲ့တာ ဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ ဆက်ဆံမှုတွေ နည်းနည်းကျဲသွားခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အန်အယ်လ်ဒီဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ပိုမိုတိုးမြှင့်ဖို့ ရှိပါတယ်။

ဆွီဒင်နိုင်ငံအနေနဲ့ အထူးသဖြင့် လွတ်လပ်သောမီဒီယာများ၊ လူမှုအဖွဲ့ အစည်းများနဲ့ အခြားလူသားချင်းစာနာမှု အကူအညီတွေကို အစဉ်တစိုက်ပေးနေတာက နေ ပိုမိုပေးပြီးတော့ မြန်မာပြည်မှာ ခိုင်မာတဲ့ အင်စတီကျူးရှင်းတွေ တည် ဆောက်ဖို့ကိုလည်း ဆက်လက်ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

Mrs.Lovin ကတော့ ငြိမ်းချမ်းရေးမရှိလို့ရှိရင် ဖွံ့ဖြိုးမှုတွေလည်း ဆက်လက်လုပ် ဆောင်နိုင်မှာ မဟုတ်တဲ့အတွက် မြန်မာပြည်မှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးတခု လိုအပ်တယ်လို့လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

“အစိုးရသစ်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ပြောလာတဲ့အတွက် ဒီလုပ်ငန်းစဉ်ထဲမှာ အမျိုးသမီးတွေ ပိုမိုပါဝင်နိုင်ရေးကလည်း အရေးပါတဲ့အချက်တခု အနေနဲ့ ကျမတို့အနေနဲ့မြင်ပါတယ်။”

ဆွီဒင်နိုင်ငံရဲ့ နှစ်ပေါင်း ၂၀၀ ကျော် သူတို့နိုင်ငံရဲ့ ဒီမိုကရေစီအလေ့အကျင့်တွေ ကိုလည်း မြန်မာပြည်အနေနဲ့ လေ့လာသင်ယူသွားမယ်၊ သူတို့အနေနဲ့လည်း ပိုပြီးတော့ ထောက်ပံ့သွားနိုင်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း ဖြည့်စွက်ပြောဆိုသွားပါတယ်။

ဆွီဒင်ဖွံ့ဖြိုးမှုဝန်ကြီးဟာ ဧပြီ ၂၉ ရက်နေ့က သူ့ရဲ့ခရီးစဉ်ပြီးဆုံးပြီး နေပြည်တော် လေဆိပ်ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

ဓာတ်ပုံ - MOI

13133322_879855208809013_5990102656240460802_n

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013