DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခလစာနှုန်းထား အသစ်တင်ရေး ပြင်ဆင်
DVB
·
April 30, 2016
အနိမ့်ဆုံးလုပ်ခလစာနှုန်းထား အသစ်တင်ရေး ပြင်ဆင်
Donate to DVB

အစိုးရသစ်လက်ထက်မှာ လက်ရှိကုန်ဈေးနှုန်းအခြေအနေနဲ့ သင့်တော်တဲ့ အနိမ့်ဆုံးလုပ်ခလစာ နှုန်းထား အသစ်တင်နိုင်ဖို့အတွက် အလုပ်သမား အရေးဆောင်ရွက်နေသူ တွေ ပြင်ဆင်နေပါတယ်။

အရင် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အနိမ့်ဆုံး တရက်လုပ်ခနှုန်းထားကို ကျပ် ၃၆၀၀ သတ်မှတ်ခဲ့ပြီးနောက် အခုလက်ရှိ အစိုးရသစ်လက်ထက်မှာတော့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ နှုန်းထားအသစ်တခုကို ပြောင်းလဲသတ်မှတ်နိုင်ဖို့ ပြင်ဆင်နေကြတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က “လာမယ့် ၂၀၁၆ မှာ ပြုပြင်ပြောင်းလဲရေးက ဘယ်လိုရှိနေလဲ။ အနိမ့်ဆုံးလစာ ၃၆၀၀ သတ်မှတ်တုန်းက ဆန်ဈေးဘယ်လောက်ရှိနေလဲ၊ ဆီဈေးဘယ်လောက်ရှိနေလဲ၊ ဆားဈေးဘယ် လောက်ရှိနေလဲ၊ ဓာတ်ဆီဈေးဘယ်လောက်ရှိနေလဲ၊ အခုချိန်မှာတော့ ဘယ်လောက်ရှိသွားပြီလဲ။ ဒါကြောင့်မို့လို့ ချိန်ညှိမှုလေးတော့ လုပ်ပေးပါဆိုတဲ့ဟာမျိုးတော့ ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ လုပ်နေပါတယ်။ ကျနော်တို့ သတင်းအချက်အလက်တွေ ရယူနေပါတယ်။ ပြီးရင်ကျနော်တို့ ၀န်ကြီးဌာနကို တင် ပြမှာပါ။ ကျနော်ခုနပြောသလို ဘယ်အစိုးရပဲဖြစ်ဖြစ် လုပ်ခလစာနဲ့ပတ်သက်လို့ ၂ နှစ်တခါ ပြောင်းလဲ ရမယ်ဆိုတာက အရမ်းလည်းပေါ်သွားပါပြီ” လို့ ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခလစာနှုန်းထား သတ်မှတ်တဲ့အခါမှာ အလုပ်သမားနဲ့ အလုပ်ရှင်ပဲ အဓိက တာဝန်ရှိနေပြီး အစိုးရက ကြားဝင်ညှိပေးတဲ့ အခြေအနေပဲ ရှိနေတာဟာ မဖြစ်သင့်ဘဲ အစိုးရက လုပ်ဆောင်ပေးရမယ့်အပိုင်းတွေ ရှိတယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“လုပ်ခလစာမှာ ကျနော်တို့တွေ့ရတဲ့အခါမှာ အလုပ်ရှင်အလုပ်သမား ဆွေးနွေးနေကြတာပေါ့နော်။ အဲထဲမှာ တိမ်မြုပ်ပျောက်ကွယ်နေတာတော့ အစိုးရရဲ့ကဏ္ဍပေါ့။ အစိုးရကျတော့ ညှိတာပဲတာ ၀န်ယူတယ်ဆိုတာ မှားနေတယ်လို့ မြင်တာပေါ့နော်။ ဆိုပါစို့ အလုပ်သမားတွေရဲ့ လုပ်ခလစာနည်းတဲ့ အခါမှာ သူတို့တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်နိုင်ရေးပေါ့နော်။ ဒီနေရာမှာ အစိုးရရဲ့ ပံ့ပိုးမှုမရှိ တော့တဲ့အတွက် ပြဿနာတွေ ကြုံတွေ့ရတာပေါ့” လို့ ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခလစာ တွက်ချက်ဖို့ဆိုရင် နိုင်ငံမှာရှိနေတဲ့ အခြေအနေ သုံးခုကိုကြည့်ပြီး ဆုံးဖြတ်ရမယ်လို့ စီးပွားရေးပညာရှင် ဦးလှမောင်က ထောက်ပြပါတယ်။

“အခုနောက်ထပ်ပြောင်းတဲ့အချိန်မှာ အရေးအကြီးဆုံးက လူနေမှုအသုံးစရိတ်က ဘယ်လောက် တက်လာမလဲ၊ ကျသွားမလဲ၊ အဲဒါအရေးကြီးတယ်။ နောက်ပြီးတော့မှ အဲဒီဟာက ဘယ်ပေါ်မူတည်နေလဲဆို ကုန်ဈေးနှုန်းပေါ်မူတည်တယ်။ ကုန်ဈေးနှုန်းတက်မလား၊ ကျမလား။ ဥပမာပေါ့ အခုဆို ဒေါ်လာ ဈေးတွေကျနေပြီလေ။ နောက်ပြီးတော့ ငွေကြေးဖောင်းပွလား မဖောင်းပွဘူးလား။ အဲဒါတွေမှာကြည့်ပြီးတော့ ပြောင်းလဲရမှာ။”

ပြည်ထောင်စုလွှတ်တော်မှာလည်း အနည်းဆုံးအခကြေးငွေ ဥပဒေကိုပြန်လည်ပြင်ဆင်သွားဖို့ရှိပြီး တရက်လုပ်ခ ကျပ် ၃၆၀၀ ထက်တော့ ပိုများလာနိုင်တယ်လို့ အမျိုးသားလွှတ်တော်ရဲ့ ပြည်တွင်း ပြည်ပအလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌက ပြောထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အနိမ့်ဆုံး တရက်လုပ်ခ လစာ ကျပ် ၃၆၀၀ ကို ၂၀၁၅  စက်တင်ဘာ ၁ ရက်နေ့က စတင်ခဲ့ပြီး  ၂ နှစ်တကြိမ် ပြန်လည်အသစ်ပြင်ဆင်သွားဖို့ အစိုးရ၊ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအဖွဲ့တွေက သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013