
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက စိုင်ပြင်မြို့ နယ်မြေရဲစခန်းကို အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက အခုလ ၁၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်တပ်ဘက်က ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ သူတို့စစ်စခန်းတွေမှာ လူသူ၊ လက်နက်နဲ့ ဒရုန်းအင်အားတွေ ဖြည့်တင်းပြီး ဒေသခံပြည်သူတွေကို အနိုင်ကျင့် နှိပ်စက်မှုတွေ လုပ်ဆောင်တော့မယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်း ရရှိတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ဆင်ရေးကို Operation OTT လို့ နာမည်ပေးထားပြီး အခုလ ၁၄ ရက်က အမှတ် ၁ ရွှေဘိုခရိုင် စစ်ဌာနအောက်က တော်လှန်ရေးတပ်ဖွဲ့ဝင် အယောက် ၆၀ နဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ရက်အကြာ ၁၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အိမ်ထောင်စု ၃,၀၀၀ နီးပါးနေထိုင်တဲ့ စိုင်ပြင်မြို့က စိုင်ပြင်နယ်မြေရဲစခန်းကို တိုက်ခိုက်ရာမှာ စခန်းမှူး ဒုရဲအုပ် ဝင်းဇာနည်အောင်ဟာ သူ့လက်အောက်က သေဆုံး၊ ဒဏ်ရာရသူတွေအပြင် ၅ နှစ်အရွယ် ကလေးငယ်တယောက်နဲ့ မိသားစုဝင်တွေကို ထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့ အမှတ်- ၁ ရွှေဘိုခရိုင် စစ်ဌာန တာဝန်ရှိသူက DVB ကို ပြောပါတယ်။
“ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရေအတွက် ပြောလို့မရပါဘူး။ သူတို့ကို လက်ရှိတော့ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ အရေးယူတာကတော့ စစ်စည်းကမ်းအတိုင်းပဲ ဖြစ်မယ်ပေါ့။ (ဒေသခံတွေ) ပြန်ဝင်ကြပါပြီ။ လေကြောင်းရန်နဲ့ မြေပြင်စ စ်ကြောင်းထိုးလာရင် စစ်ရေးအသိ သတိရှိဖို့လည်း နှိုးဆော်ထားပါတယ်။ အခု နမခ ဘက်ကနေ စစ်ကြောင်းထိုးလာတာ ရှိပါတယ်။ ကျနော်တို့တပ်တွေကတော့ မြို့ကနေ ဆုတ်ခွာခဲ့ပါပြီ။ ကျနော်တို့ ရှိနေရင် လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး ကျနော်တို့ကြောင့်လို့ အကြောင်းပြချက်တွေပေးမှာ စိုးလို့ပါ။”
အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန အနေနဲ့ စစ်အာဏာရှင်တပ်ရဲ့ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သလို တပ်စခန်း အဆောက်အအုံတွေကိုလည်း ရှင်းလင်းဖျက်ဆီးပြီး ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်တွေကို ပြန်ဝင်ရောက်နေထိုင်နိုင်ပြီလို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။
စစ်ရေးတင်းမာနေတာကြောင့် မုံရွာ-ဘုတလင်-စိုင်ပြင် ကားလမ်းမကို အသုံးမပြုဖို့ တော်လှန်ရေးတပ်တွေက ကြိုတင် သတိပေးထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်တပ်ကတော့ ပြီးခဲ့တဲ့ ၁၀ ရက်ဝန်းကျင်ကတည်းက ဘုတလင်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။











