DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားမူဝါဒများ ပြုပြင်ပြောင်းလဲရန် အစိုးရသစ်ကို အကြံပြု
DVB
·
April 30, 2016
ရွှေ့ပြောင်းအလုပ်သမားမူဝါဒများ ပြုပြင်ပြောင်းလဲရန် အစိုးရသစ်ကို အကြံပြု
Donate to DVB

ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွေရဲ့ အစည်းအဝေးနဲ့ အလုပ်သမားအဆင့် ၀န်ကြီးများ အစည်းအဝေးတွေကို  နေပြည်တော်မှာ လာမယ့် ဧပြီ ၃၀ ကနေ မေလ ၂ ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။

အဲဒီအစည်းအဝေးမှာ  ထိုင်းနိုင်ငံရောက် အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့  ထည့်သွင်းဆွေးနွေးစေလိုတဲ့ အချက်တွေ ကြိုတင်ပေးပို့ထားကြဖို့ မြန်မာနိုင်ငံအလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ညွှန်ကြားထားပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်အနေနဲ့တော့ ထိုင်းနိုင်ငံကို မြန်မာ အလုပ်သမားတွေ စေလွှတ်ရာမှာ မိမိနိုင်ငံသားအလုပ်သမားတွေကို မှန်ကန်ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ မူဝါဒတွေ ချမှတ်စေလိုကြောင်း အဖွဲ့ချုပ်ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

“ထိုင်းမှာ မြန်မာအလုပ်သမားတွေ ၃ သန်းကျော်ရှိတယ်၊ အရင်အစိုးရတွေ လက်ထက်က  သူတို့ လုပ်အားခပြဿ     နာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ အကာအကွယ် မပေးနိုင်ခဲ့ဘူး။ ၂၀၀၃ ခုနှစ်က နှစ်နိုင်ငံအစိုးရပေါင်းပြီး အမ်အိုယူစနစ်နဲ့ အလုပ်သမားတွေကို တင်ပို့တာ ၂ သိန်းကျော်ရှိတယ်။ အဲဒါ တရားဝင်လူကုန်ကူးတဲ့ ပုံစံပေါက် နေတယ်လို့ပဲ ပြောချင်တယ်။ အလုပ်သမားတွေ စေလွှတ်ပြီးရင် တကယ့်လုပ်ငန်း ခွင်ထဲမှာ သူတို့ ဘယ်လိုနေ၊ ဘယ်လိုထိုင်ပြီး ဘယ်လိုအခက်အခဲတွေ ရှိတယ်ဆိုတာ ၂ နိုင်ငံလုံး ကွင်းဆင်းစစ်ဆေး သင့်တယ်။ အစိုးရသစ်လက်ထက်မှာ ပိုပြီးကောင်းမွန်တဲ့ အလုပ်သမား ဆိုင်ရာမူဝါဒတွေ ချမှတ်သင့်တယ်လို့ ကျနော်တို့ အကြံပြုထားပါတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံထဲမှာ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်စေတဲ့ အစီအစဉ်ဟာ လုပ်ငန်းစဉ် တွေ များပြားရှုပ်ထွေးပြီး အလုပ်သမားတွေ အလိမ်ခံရတာ၊ အနိုင်ကျင့်ခံနေရတာတွေ ရှိနေ ကြောင်း၊ အဲဒီမတိုင်ခင် အရင်ထုတ်ပေးတဲ့ ပန်းရောင်ကတ်မှာ နယ်မြေထွက်ခွာခွင့်ကန့်သတ်တာ ကလွဲလို့ ပိုပြီးအဆင်ပြေတဲ့အတွက် ခရီးသွားလာခွင့်၊ လေယာဉ်စီးခွင့်တွေပေးဖို့ အကြံပြု တောင်းဆိုထားတယ်လို့လည်း ပြောပါတယ်။

မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဒုဥကဌ ဦးအောင်ကျော်ကတော့ - ပန်းရောင်ကတ် တွေဟာ ခရီးသွားလာခွင့်မရှိတဲ့အပြင် အလုပ်အကိုင်/အလုပ်ရှင် ပြောင်းလဲခွင့်လည်း မရှိတဲ့အတွက် ဒီပန်းရောင်ကတ် ပြန်ကိုင်ဆောင်စေမှုကို ရှုတ်ချကြောင်း၊ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် ကတ်၊ ဗီဇာခ၊ ပတ်စပို့လုပ်ခ၊ အလုပ်သမားမှတ်ပုံတင် အစရှိသော လုပ်ငန်းစဉ် အဆင့်တိုင်း အတွက် ကုန်ကျစရိတ်ကို အစိုးရထံအမှန်တကယ် ပေးသွင်းရသော ပမာဏ အတိုင်းပေးသွင်း ရဖို့၊  အလုပ်သမားရပိုင်ခွင့်နဲ့ အခွင့်အရေးတွေမှာ ခွဲခြားမှုမရှိဘဲ အလုပ်သမားတိုင်း တန်းတူ ရရှိရေး ဆွေးနွေးပေးဖို့ အကြံပြုထားကြောင်း ဒီဗွီဘီကို ပြောသွားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရောက် နေရပ်ကိုပြန်တဲ့  မြန်မာအလုပ်သမားတွေကို ထိုင်းရဲဂိတ်တွေက ငွေတောင်းတာနဲ့ မြန်မာဘက်ခြမ်းမှာ နယ်ခြားစောင့်တပ်ဘက်က ငွေထပ်ကောက်တဲ့ကိစ္စတွေ ကိုလည်း  နှစ်နိုင်ငံအစိုးရတွေက ထိရောက်စွာ အရေးယူဆောင်ရွက်ပေးစေလိုတယ်လို့လည်း မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ အဖွဲ့တွေကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013