DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ အရေးပေါ်ညီလာခံခေါ်ရန် ဦးသိန်းစိန်ထံ တောင်းဆို
DVB
·
April 29, 2016
ကြံ့ခိုင်ရေးပါတီ အရေးပေါ်ညီလာခံခေါ်ရန် ဦးသိန်းစိန်ထံ တောင်းဆို
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အရေးပေါ်ဗဟိုကော်မတီစည်းဝေးခေါ်ပေးဖို့ ဗဟို ကော်မတီဝင် ထက်ဝက်ကျော်က ဒီနေ့ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ဧပြီ ၂၉ ရက်စွဲနဲ့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ထံ လိပ်မူပြီး ရေးသားပေးပို့လိုက်တဲ့ စာထဲမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ပါတီဌာနချုပ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နောက်ဆက်တွဲကိစ္စရပ်များ၊ အခု ဧပြီ ၂၂ ရက်က ဗဟိုကော်မတီဝင် ၁၇ ယောက်ကို ထုတ်ပယ်တဲ့ ဆုံးဖြတ်ချက်၊ အထုတ်ခံရတဲ့ ဗဟို ကော်မတီဝင်တို့ရဲ့ ဧပြီ ၂၇ ရက် ထုတ်ပြန်ကြေညာချက်တို့နဲ့ စပ်လျဉ်းပြီး ပါတီဗဟိုကော်မတီ အစည်းအဝေးပွဲကို မဖြစ်မနေခေါ်ယူရမယ့် အချိန်အခါ အခြေအနေဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။

ဒါ့အပြင် ပါတီတွင်းစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ရေး၊ ပါတီရဲ့ လုပ်ဆောင်ချက် များဟာ ပါတီဖွဲ့စည်းပုံနဲ့အညီဖြစ်စေရေး စတဲ့အရေးတို့အတွက် အရေးပေါ်ပါတီ ညီလာခံခေါ်ပေး ဖို့ ပါတီဗဟိုကော်မတီဝင် ၂၁၉ ဦးရှိတဲ့အနက် ၆၂.၁ ရာခိုင်နှုန်းဖြစ်တဲ့ ၁၃၆ ဦးတို့က လက်မှတ်ရေး ထိုးတင်ပြတယ်လို့ ပါရှိပါတယ်။

နိုင်ငံရေးဆောင်းပါးတွေရေးနေတဲ့ စာရေးဆရာ သန်းစိုးနိုင်ကတော့ ဒီညီလာခံဟာ ပါတီကွဲရေး ညီလာခံပဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

“ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရ ပြောရမယ်ဆိုရင် ဦးသိန်းစိန်အနေနဲ့ ပါတီဝင်အများစုက တင်ပြလာ တဲ့အတွက် ညီလာခံကို မလွဲမသွေ လုပ်ရမှာ ဖြစ်ပါတယ်။ ဒီ ညီလာခံကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ပါတီကွဲရေးညီလာခံပဲ ဖြစ်မှာပါ။ ကျနော်ကတော့ အဲ့ဒီအပေါ်ကနေ ပိုမိုစည်းလုံး ညီညွတ်တဲ့ အနေအထားတခု တည်ဆောက်နိုင်လိမ့်မယ်လို့ မယူဆပါဘူး၊”

လာမယ့် မေလ ၂၈ နဲ့ ၂၉ ရက်တို့မှာ ပါတီအရေးပေါ်ညီလာခံခေါ်ပေးပါလို့လည်း တောင်းဆိုစာ မှာ အတိအကျ ဖော်ပြထားပါတယ်။ စာနဲ့အတူ အရေးပေါ်ညီလာခံခေါ်ပေးဖို့ တောင်းဆိုတဲ့ ဗဟိုကော်မတီဝင် ၁၃၆ ဦးရဲ့ အမည်စာရင်းကိုလည်း တပါထဲ ပူးတွဲတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ပါတီကထုတ်ပယ်ခံရတဲ့ ဦးရွှေမန်းနဲ့ ဗဟိုကော်မတီဝင်တချို့တို့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့ပြီး သူတို့ကို ပါတီကထုတ်တာ စည်းကမ်းနဲ့ မညီဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကနေ ပါတီဖြစ်လာခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013