DVB Logo
Home
မြန်မာသတင်း
အစိုးရရုံးပိတ်ရက်များ လျှော့ချပေးရန် စီးပွားရေးလုပ်ငန်းရှင်များ တိုက်တွန်း
DVB
·
April 29, 2016
အစိုးရရုံးပိတ်ရက်များ လျှော့ချပေးရန် စီးပွားရေးလုပ်ငန်းရှင်များ တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက် များနေတဲ့ကိစ္စဟာ တိုင်းပြည်ရဲ့ ဂျီဒီပီကို ထိခိုက်နေတဲ့အတွက် ပိတ်ရက်တွေ လျှော့ချပေးဖို့ စီးပွားရေးလုပ်ငန်းရှင်တွေက  တိုက်တွန်းထားပါတယ်။

သင်္ကြန်ရုံးပိတ်ရက်ရှည်တွေ အပါအဝင် အစိုးရရုံးပိတ်ရက် အများဆုံးနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးက ပါဝင်နေကြောင်း နိုင်ငံတကာစစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

အဲဒီစစ်တမ်းမှာ အိန္ဒိယက ဒုတိယ၊ ကိုလံဘီယာက တတိယနဲ့ ဖိလစ်ပိုင်က စတုတ္ထနေရာမှာ ရှိနေပါတယ်။

ဒီလို အစိုးရရုံးပိတ်ရက်တွေ များနေတဲ့အတွက် လုပ်ငန်းတွေ မတွင်ကျယ်တာဖြစ်နေပြီး ပြည်ပတင်ပို့မှု ထုတ်ကုန်တွေ ရပ်ဆိုင်းရတာ ရှိတဲ့အတွက် တိုင်းပြည်ရဲ့ ဂျီဒီပီ ပြည်တွင်း အသားတင်ထုတ်လုပ်မှုကို ထိခိုက်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“ရုံးပိတ်ရက်တွေ များတာကလည်း တဘက်ကကြည့်ရင်တော့ ဒါ ၀န်ထမ်းတွေ၊ အလုပ်သမားတွေအတွက် အခွင့်အရေးဆိုပေမယ့် တဘက်ကကြည့်ရင် တိုင်းပြည်ရဲ့ ဂျီဒီပီကို သွားထိခိုက်တဲ့ အနေအထား ရှိတာပေါ့။ ဒါ လုပ်ငန်းရှင်နဲ့ အလုပ်သမား နှစ်ခုတည်း ပြောလို့ရမရဘူး။ တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအားကျတော့ အမြဲတမ်း ရုံးပိတ်ရက်တွေနဲ့ နားနေမယ်ဆိုရင်တော့ တဘက်မှာ ဂျီဒီပီ တက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လက်ရှိအနေအထားမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ အနေအထားရှိတယ်။ ကျနော်တို့ အရင်တုန်းက ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားကို ပြန်ပြီးတော့ ကောက်ရမယ်ဆိုရင် ကျနော်တို့က သူများထက် ဆယ်ဆလောက် ပြေးနိုင်မပဲ မီရာကျမယ်လို့ ပြောတာပေါ့နော်။ အခုက မပြေးဘဲနဲ့ အိပ်နေတာ များနေတာပေါ့နော်။ ဒီဟာလည်း ပြဿနာတခုအနေနဲ့ ရှိတယ်။"

တိုင်းပြည်တိုးတက်ဖို့အတွက် ပြန်လည်ထူထောင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အစိုးရရုံးပိတ်ရက် များနေတဲ့ကိစ္စက မဖြစ်သင့်ဘူး၊ ရုံးပိတ်ရက်တွေ ပြန်လည်လျှော့ချဖို့ စီးပွားရေး ပညာရှင် ဦးလှမောင်ကလည်း တိုက်တွန်းထားပါတယ်။

“တိုင်းပြည်တပြည် ထူထောင်တဲ့အချိန်မှာ လုပ်အားတွေ သိပ်လိုအပ်တယ်။ စီးပွားရေးအရ တိုးတက်ဖို့ဆိုရင် အလုပ်တွေ အများကြီးလုပ်မှ တိုးတက်မယ်။ အလုပ်တွေ အများကြီးလုပ်ဖို့ဆိုတာ ပိတ်ရက်တွေများနေရင် ဘယ်လိုလုပ် အလုပ်တွေ လုပ်ကြရတော့မှာလဲ။ ပြီးတော့ ပိတ်ရက်များရင် လူတွေက ပျင်းရိ ထုံထိုင်းလာတယ်။ အဲတော့ အကောင်းဆုံးက ပိတ်ရက်မများပါနဲ့။ နောက်တချက်က ညပိုင်းမခိုင်းပါနဲ့။"

အစိုးရရုံးပိတ်ရက်များနေတဲ့ကိစ္စကို လုပ်ငန်းရှင်တွေဘက်က ပြောနေမယ့်အစား အဖြေရှာမယ့် နည်းလမ်းနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပါတယ်။

“ရုံးပိတ်ရက်များလို့ ရုံးပိတ်ရက်များလို့ ထိုင်ပြီးပြောလို့ အဓိပ္ပာယ်မရှိဘူး။ ကျနော်က ဒါကိုတော့ လက်မခံဘူး။ ဒါကို ကျနော်တို့ အဖြေဘယ်လိုရှာမလဲဆိုတာ ထပ်ပြောချင်ပါတယ်။ ဟိုလူနဲ့ယှဉ်လိုက်ရင် နည်းတယ်၊ ဒီလူနဲ့ယှဉ်လိုက်ရင် များတယ်ဆိုတာ ပြောနေရင် ဒါလွယ်တယ်ဗျ။ ဒါဆိုရင် ကျနော်ကလည်း အလုပ်ရှင်တွေကို ပြန်ပြောမယ်၊ ခင်ဗျားတို့ ပိတ်မှာကို သိရဲ့သားနဲ့ ဘာဖြစ်လို့ ခင်ဗျားတို့ ကြိုတင်ပြီး work plan မဆွဲနိုင်တာလဲ။ အဲတော့ work plan ကို ခင်ဗျားဆွဲပါ၊ ဒါက ခင်ဗျားတို့တာဝန်ဖြစ်တယ်။ အဲတော့ ခင်ဗျားအလုပ်သမားကိုလည်း ခင်ဗျားရှင်းပြ၊ မင်းတို့ ဒီလောက် ဒီလောက်တော့ ပိတ်မယ်ကွ၊ ငါတို့ work plan ဒီလိုရှိတယ်ကွာ၊ အားလုံး အတူတူ လုပ်ကြရအောင်ဆိုရင် အဆင်ပြေပါတယ်ဗျ။”

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်ရှိ အစိုးရရုံးပိတ်ရက် အများဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေပြီး သင်္ကြန်ရုံးပိတ်ရက်ရှည် အပါအဝင် တနှစ်လုံးအတွက် အစိုးရရုံးပိတ်ရက်က ၂၅ ရက် ရှိနေပါတယ်။

၂၀၁၆ ခုနှစ်အတွင်း အစိုးရဝန်ထမ်းတွေအတွက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ အများပြည်သူ ရုံးပိတ်ရက်ပါ ပေါင်းရင် တနှစ်အတွက် ရုံးပိတ်ရက် ၁၂၁ ရက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013