DVB Logo
Home
Lead Story
ဒီမိုကရေစီစနစ် ထွန်းကားရေး မြန်မာနိုင်ငံကို ဘက်ပေါင်းစုံကူညီမည့် ဆွီဒင်
DVB
·
April 29, 2016
ဒီမိုကရေစီစနစ် ထွန်းကားရေး မြန်မာနိုင်ငံကို ဘက်ပေါင်းစုံကူညီမည့် ဆွီဒင်
Donate to DVB

ဆွီဒင်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ရှည်လျားတဲ့ သမိုင်းရှိပါတယ်။ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကို ၁၉၅၅ ခုနှစ်ကတည်းက ခန့်အပ်ခဲ့ပြီး နယူးဒေလီမှာ အခြေစိုက်ပါတယ်။ ၁၉၉၀ အလွန် နှစ်တွေကတည်းက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဆွီဒင်က စတင်ကူညီခဲ့ပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံအတွက် အကူညီတွေ တိုးချဲ့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု နယ်ပယ်တွေ ပါဝင်လာခဲ့ပါတယ်။

ဆွီဒင်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးတဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမဦးဆုံး လာရောက်လည်ပတ်ခွင့်ရတာ အထူးဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံမှာ အခုအခါ လူထုထောက်ခံမှု အပြည့်ရှိတဲ့ အစိုးရတရပ် ရှိနေပါပြီ။ အဲဒီအစိုးရနဲ့ မြန်မာပြည်သူတွေနဲ့ အတူလက်တွဲ လုပ်ဆောင်ဖို့ ကျမ အင်မတန် စိတ်အားထက်သန်နေပါတယ်။

ကျမခရီးစဉ်အတွင်းမှာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို လက်တွဲဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပြီး အစိုးရသစ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အကြောင်းကိုလည်း သိရှိအောင် လေ့လာသွားပါ့မယ်။ ဆွီဒင်နဲ့ မြန်မာနိုင်ငံ အပြန်အလှန် လေ့လာသင်ယူနိုင်တဲ့ ကဏ္ဍအများအပြားရှိပြီး မြန်မာနိုင်ငံက ဦးစားပေး ဆောင်ရွက်လိုတာတွေကို နားထောင်ဖို့ ဆွီဒင်ဘက်က အဆင်သင့်ရှိပါတယ်။ ပြည်သူ့စီမံခန့်ခွဲရေးလို ကိစ္စမျိုး အပါအ၀င် ကျမတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေဖို့လည်း ဆန္ဒရှိပါတယ်။

လက်ရှိ ဆွီဒင်အစိုးရဟာ ဖွံ့ဖြိုးရေးအကူအညီ အပါအ၀င် ပေါ်လစီအားလုံးရဲ့ ဗဟိုချက်မှာ အမျိုးသမီး အခွင့်အရေးနဲ့ ကျားမတန်းတူ ညီမျှရေးမူကို ရှေ့တန်းတင်ထားတဲ့ ကမ္ဘာ့ပထမဆုံးသော အမျိုးသမီးအခွင့်အရေး ဦးစားပေးအစိုးရ ဖြစ်ပါတယ်။ ဒါက ဘာဆိုလိုချင်သလဲဆိုတော့ ဆွီဒင်ကနေ မြန်မာနိုင်ငံကို ပေးအပ်မယ့် အကူအညီတွေဟာ အမျိုးသမီး လူ့အခွင့်အရေး ဖော်ဆောင်ပေးရေးနဲ့ ကျားမ တန်းတူရေးတွေမှာ အထူးအာရုံစိုက်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

တိတိပပပြောရရင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ နိုင်ငံတကာ အစီအစဉ်တရပ် ဖြစ်လာအောင် ကျမတို့အနေနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ဒီကိစ္စတွေဟာလည်း မြန်မာ့ငြိမ်းချမ်းရေး အစီအစဉ်နဲ့ တိုက်ရိုက်သက်ဆိုင်မှု ရှိတယ်လို့ ကျမယုံကြည်ပါတယ်။ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုမျိုးတွေကသာ အဆုံးသတ်၊ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်တယ်ဆိုတာ နိုင်ငံများစွာက အတွေ့အကြုံတွေနဲ့ နိုင်ငံတကာ သုတေသနပြုမှုတွေက ပြသနေပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ပါဝင်လာခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျိုးအမြတ် ဖြစ်ထွန်းစရာ ရှိလာမယ်လို့ ကျမ အခိုင်အမာ ယုံကြည်ပါတယ်။

အမျိုးသမီးအခွင့်အရေး ဖော်ဆောင်ရေးအတွက် ကျမတို့ရဲ့ အကူအညီ နောက်တမျိုးအနေနဲ့ကတော့ မိခင်နဲ့ ကလေးကျန်းမာရေး၊ မျိုးဆက်ပွားခြင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ အခွင့်အရေးတွေအတွက် အကူအညီပေးခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ နိုင်ငံရေးမှာ ကဏ္ဍမှာ ကျယ်ပြန့်စွာ ပါဝင်လာနိုင်ရေး အစီအစဉ်တွေကိုလည်း ကျမတို့ အကူအညီ ပေးနေပါတယ်။

နိုင်ငံတကာရေးရာ ကိစ္စရပ်တွေမှာတော့ ကျမတို့အားလုံး ဘုံရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေမှာ အစိုးရသစ်နဲ့အတူ ကျမတို့ လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (Sustainable Development Goals) တွေကို ဆွီဒင်နိုင်ငံက အထူးလေးထားပါတယ်။ အဲဒီရည်မှန်းချက်တွေ အထမြောက် အောင်မြင်စေဖို့ မြန်မာနိုင်ငံနဲ့ ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်ဖို့ လိုလားပါတယ်။ ၂၀၃၀ မှာ ပြည့်မီဖို့ သတ်မှတ်ထားတဲ့ အဲဒီရည်မှန်းချက် (Agenda 2030) အတွက် ကျမတို့မှာ တူညီတဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်လို့ ကျမ ရိုးသားစွာ ယုံကြည်တယ်။

နောက်ဆုံးအနေနဲ့ မကြာသေးမီကာလက ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေအတွက် မြန်မာပြည်သူတွေကို ဂုဏ်ပြုကြောင်း ကျမ ပြောကြားပါရစေ။ လူတိုင်းပြောရေးဆိုခွင့်ရှိပြီး ဒီမိုကရေစီစနစ် ထွန်းကားတဲ့ လူမှုအဖွဲ့အစည်း တည်ထောင်ရန်အတွက် အားလုံးပါဝင်ခွင့်ရှိရေး၊ တရားမျှတမှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့် သာယာဝပြောမှုတို့အတွက် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆွီဒင်နိုင်ငံက အားပေးထောက်ခံဖို့ အသင့်ရှိနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013