DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် လူငယ်တစုက ဓားဖြင့် လိုက်ခုတ်၊ ၆ ဦး ဒဏ်ရာရ
DVB
·
April 28, 2016
လားရှိုးတွင် လူငယ်တစုက ဓားဖြင့် လိုက်ခုတ်၊ ၆ ဦး ဒဏ်ရာရ
1 / 5
Donate to DVB

ရှမ်းပြည်နယ် လားရှိုးမြို့မှာ အမည်မသိ လူငယ်တစုက လမ်းပေါ်ကလူတွေကို ဓားနဲ့ လိုက်ခုတ်တဲ့ အတွက် လူငယ် ၆ ဦး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ မသင်္ကာသူတွေကို ခေါ်စစ်နေတယ်လို့ လားရှိုး မြို့နယ်ရဲတပ်ဖွဲမှူး ဦးတင်ဖေ၀င်းက ဒီဗွီဘီကို ပြောပါတယ်။

“ဓားခုတ်မှုက ညဘက်မှာလည်း ဖြစ်တယ်။ ခိုက်ရန်ဖြစ်ပွားတာလည်း မဟုတ်တော့ အစအန သဲလွန်စလည်း မကျန်ခဲ့ဘူး။ ဒါပေမယ့် ရပ်ကွက်ထဲက လူငယ်တွေကို ပိုက်စိပ်တိုက် စိစစ်နေပါ တယ်။ အထူးသဖြင့် အရင်တုန်းက ရန်ဖြစ်လေ့ဖြစ်ထ နာမည်ရှိဖူးတဲ့ လူငယ်တွေ၊ မိုက်မိုက်ကန်းကန်းနေတယ်လို့ နာမည်ထွက်နေတဲ့လူငယ်တွေ ကျနော်တို့ ခေါ်ပြီးတော့ စစ်ပါတယ်။ ပြီးခဲ့တဲ့ လက ရန်ဖြစ်ပြီး သူများကို ဓားနဲ့လိုက်ခုတ်ခဲ့တဲ့ လူငယ်တယောက်လည်း ဖမ်းထားတယ်။ သူ့ကို အရေးယူဖို့ရှိပါတယ်။ မနေ့တနေ့က ကျူးလွန်တဲ့လူတွေလည်း မကြာခင် ဖမ်းမိမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက် နဲ့ ၂၇ ရက်နေ့ ညဘက်အချိန်က ၁၂ ရပ်ကွက် နဲ့ ၇ ရပ်ကွက်တွေအတွင်း အဆိုပါလူငယ် ၆ ဦး ဓားနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အခုတ်ခံရသူတွေအားလုံး လားရှိုးပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနဲ့ အရိုးအကြော ကုသဆောင်မှာ တက်ရောက်ကုသနေကြောင်း၊ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိကြောင်း ဒဏ်ရာရသွားတဲ့ လူငယ်တွေကို ဆေးရုံမှာ လူနာသွားကြည့်ခဲ့သူ လားရှိုးမြို့ခံ တဦးက ပြောပါတယ်။

“သူတို့အခုတ်ခံရတာက ည ၇ နာရီ နဲ့ ၈ နာရီကြားမှာ။ ရပ်ကွက် ၇ ရွှေညောင်ပင်နား ဖြစ်သွားတဲ့ဟာကျတော့ ဆိုင်ကယ် ၂ စီးနဲ့ လူ ၅ ယောက် ကနေပြီးတော့မှ ဆိုင်ကယ် တစီးပေါ် စီးလာတဲ့ လူ ၂ ယောက်ကို ခုတ်တယ်။ နောက် ရပ်ကွက် ၁၂ မန်ဆူဘုရားခြေရင်းနား အခုတ်ခံရတာကျတော့ လူ ၂ ယောက်ပါတဲ့ ဆိုင်ကယ် တစီးက လူ ၂ ယောက်ကို ခုတ်သွားတာ၊ နောက်တယောက်ကျတော့ အိမ်ရှေ့မှာ ထိုင်ပြီး ဖုန်းပြောနေရင်း အခုတ်ခံရတာ၊ သူတို့ ၆ ယောက်လုံးက ဒဏ်ရာရတဲ့ပုံစံတွေက အတူတူဘဲ၊ ဦးခေါင်းမှာ ဒဏ်ရာရတယ်။ လုပ်တဲ့လူတွေက တဖွဲ့တည်းလို့ ယူဆရတယ်။ သူတို့နဲ့ ရန်ညှိုးရန် စလည်းမရှိ၊ တခါမှလည်း မသိဖူးဘူးတဲ့၊ ပစ္စည်းတွေဘာတွေ လုယူတာလည်း မရှိဘူး။ ဆေးကြောင်ပြီး လိုက်ခုတ်တဲ့ ပုံစံဘဲလို့ ပြောတယ်။”

ဓားခုတ်ခံရသူတွေဘက်ကတော့ လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းထား ပါတယ်။

လားရှိုး မြို့နယ်ရဲတပ်ဖွဲမှူး ဦးတင်ဖေ၀င်းကတော့ လားရှိုးမှာ တာဝန်ကျတာ ၂ နှစ်ကျော်ပြီဖြစ်ပြီး လူငယ်ချင်း ခိုက်ရန်ဖြစ်ပွားတဲ့ အမှုတွေ မကြာခဏဖြေရှင်းနေရကြောင်း၊ အဆိုပါလူငယ် အများစုမှာ တရုတ်သွေးပါပြီး စရိုက်ကြမ်းသူတွေဖြစ်ကြောင်း၊ သူတို့ အုပ်စုဖွဲ့ ရန်ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ၅ လလောက်က အရေးယူနှိမ်နင်းခဲ့လို့ ခဏငြိမ်သွားကာ အခုတခါ ဓားခုတ်မှုတွေ ပြန်ပေါ်လာတာလို့ ပြောပါတယ်။

လမ်းသွားလမ်းလာ ပြည်သူတွေအနေနဲ့လည်း ညဥ့်ဘက်အမှောင်ထဲသွားလာတာ သတိထားဖို့၊ မသင်္ကာမှုတွေ့ရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ ရဲမှူးက သတိပေးပြောပါတယ်။ ဒါပေမယ့် မြို့ခံတွေကြားမှာတော့ ညအချိန်အပြင်ထွက်ရမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လားရှိုးတွင် လူငယ်တစုက ဓားဖြင့် လိုက်ခုတ်၊ ၆ ဦး ဒဏ်ရာရ