DVB Logo
Home
မြန်မာသတင်း
ရခိုင်လွတ်မြောက်ရေးပါတီကို နယ်လုံဝန်ကြီးခေါ်ယူသတိပေး
DVB
·
April 28, 2016
ရခိုင်လွတ်မြောက်ရေးပါတီကို နယ်လုံဝန်ကြီးခေါ်ယူသတိပေး
1 / 5
Donate to DVB

တပ်မတော်အပေါ် စွပ်စွဲထုတ်ပြန်ခဲ့တာတွေနဲ့ပတ်သက်ပြီး မှန်ကန်တိကျခိုင်လုံမှုမရှိပါက ဖမ်းဆီးအမှုဖွင့် အရေးယူမယ်လို့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးက ရခိုင်လွတ်မြောက်ရေးပါတီ(ALP) တာဝန်ရှိ သူတွေကို ခေါ်ယူသတိပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်ထဲ လက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြည်သူတွေ ပေါ်တာဆွဲခံ ရတာ၊ နေအိမ် တွေအဓမ္မပြောင်းရွေ့ခံရတာ၊ စစ်သုံ့ပန်းတွေကို ရိုင်းရိုင်းစိုင်းစိုင်း သတ်ဖြတ်၊ ဓားစာခံအဖြစ်စစ်မြေမှာ အသုံးချခံရတာတွေကို ရခိုင်လွတ်မြောက်ပါတီက မျက်ဝါးထင်ထင် သိမြင်ကြားနေရတယ်လို့ ဧပြီ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာပါ။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရခိုင်လွတ်မြောက်ရေးပါတီက ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး ခိုင်ရဲလင်း၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဒုဥက္ကဋ္ဌ ခိုင်မျိုးထွန်းနဲ့ ရဲဘော်ခိုင်အောင်လင်းတို့ကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဦးထိန်လင်းနဲ့ ရဲမှူးကြီးစိန်လွင်တို့က ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ဝန်ကြီးဌာနရုံးကို ခေါ်ယူပြီး သတိပေးမှု ပြုလုပ်ခဲ့တယ်လို့ ALP ပြန်ကြားရေးဌာန ဒု ဥက္ကဋ္ဌ ခိုင်မျိုးထွန်းက ဒီဗွီဘီကိုပြောပါတယ်။

“နယ်စပ်ရေးရာ ၀န်ကြီး ဦးထိန်လင်းနဲ့ ရဲမှူးကြီး စိန်လွင်တို့အဖွဲ့တွေက အရေးပေါ် ဆွေးနွေးစရာ ရှိလို့ဆိုပြီး ရုံးကိုလာခဲ့ပါလို့ သူတို့ကိုယ်တိုင် ခေါ်တယ်။ ခင်ဗျားဖက်က စစ်ပွဲနဲ့ပတ်သက်လို့ ၂၄ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သလားလို့ အရင်စမေးတယ်။ ကျနော်က ဟုတ်တယ်လို့ ဖြေတယ်။ သူက ပြောတယ် ဒီကြေညာချက်တွေက ပြင်းပြင်းထန်ထန် ဖြစ်နေ တယ်။ မင်းတို့မှာ အပြစ်ရှိတယ်။ ဒီသတင်းက ဘယ်လောက်ထိခိုင်လုံမှုရှိလဲ။ ခင်ဗျားတို့ဘက်က သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှိရမယ်။ ခင်ဗျားတို့ထုတ်ပြန်ထားတဲ့ ကြေညာချက် အတိုင်း စစ်တပ်ကို စွပ်စွဲထားတဲ့ဟာတွေကို ချက်ချင်းတင်ပြရမယ်လို့ပြောတယ်။ တကယ်လို့ ခိုင်လုံမှု မရှိဘူး၊ မပြနိုင်ဘူးဆိုရင် ခင်ဗျားတို့ကို အရင်ဆုံး ဖမ်းဆီးပြီး အရေးယူရမယ်လို့ နယ်စပ်ရေးရာဝန်ကြီး ဦးထိန်လင်းပြောတယ်။”

ဒ့ါအပြင် ဒီကြေညာချက်မှာပါတဲ့ စွပ်စွဲချက်တွေကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ဒီလ ၂၉ ရက်နေ့ နောက်ဆုံးထားတင်ပြပေးဖို့နဲ့ သတ်ဖြတ်ခံထားရတဲ့ သက်သေအထောက်အထားကို ပေးဖို့ ၂ ပတ်တိတိ အချိန်ပေးထားတယ်လို့လည်း ခိုင်မျိုးထွန်းက ဆက်လက်ပြောပါတယ်။

“ကျနော်တို့ဖက်က ခိုင်လုံတိကျမှုရှိလို့ ဒီလိုကြေညာချက်ကို ထုတ်ပြန်တာပါ။ ဘယ်ရွာကဘယ် နှယောက် လမ်းပြအဖြစ်စစ်တပ်က ပေါ်တာဆွဲသွားတယ်။ ဘယ်နှယောက်ကတော့ ပြန်ရောက် တယ်။ စာရင်းဇယားတွေ ရှိပါတယ်။ ကျနော်တယောက်တည်း သဘောထားနဲ့ ထုတ်ပြန်တာ မဟုတ်ဘူး။ ရခိုင်လွတ်မြောက်ပါတီရဲ့ ဗဟိုကော်မတီဝင်များရဲ့ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်တာပါလို့ ပြန်ပြောပါတယ်။ ကျနော်တို့ဖက်က အချက်အလက်တွေနဲ့ ဖြစ်စဉ်တွေအကုန်ချပြမယ်။ ဗိုလ်မှူးတို့ ရဲဘော်တွေရဲ့ လုပ်ရပ်တွေကို ချက်ချင်းအရေးယူမလားလို့ မေးတဲ့အခါ။ အချိန်ပေးရမယ်။ အရေးယူပေးမယ်လို့ သူတို့ဖက်က ပြောပါတယ်။”

မနေ့က တွေ့ဆုံသတိပေး ပြောဆိုရာမှာ နယ်လုံဝန်ကြီး ဦးထိန်လင်း၊ ရဲမှူးကြီးစိန်လွင် အပါအ၀င် စစ်တပ်က အရာရှိတချို့လည်းပါဝင်တယ်လို့ သိရပါတယ်။

ရခိုင်လွတ်မြောက်ရေးပါတီရဲ့ကြေညာချက်မှာ မြန်မာစစ်တပ်ဟာ ဂျနီဗာသဘောတူညီချက်တွေ အပါအ၀င် နိုင်ငံတကာဥပဒေတွေ၊ နိုင်ငံတကာစစ်ရေးဥပဒေတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို အတိအလင်း ချိုးဖောက်လိုက်တယ်လို့ လည်း စွပ်စွဲဖော်ပြထားပါတယ်။

ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဟာ ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး သီးခြား လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂ ခုဧပြီ ၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားပါတယ်။
(သတင်း - ၀ဏ္ဏခွာညို)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013