DVB Logo
Home
Lead Story
အစိုးရသစ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး - အယ်ဒီတာစကားဝိုင်း
DVB
·
April 28, 2016
အစိုးရသစ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး - အယ်ဒီတာစကားဝိုင်း
Donate to DVB

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောထားတဲ့ အန်အယ်လ်ဒီ အစိုးရသစ်အနေနဲ့ ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်းမှာ မီဒီယာကုမ္ပဏီကြီးတခုက နေပြီးတော့ အရေးကြီးပုဂ္ဂိုလ်တယောက်ရဲ့ ပီအေကို ငွေသိန်းငါးဆယ် ပေးတာနဲ့ ပတ်သက်ပြီးတော့ မကြာခင်က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ အစိုးရသစ်အနေနဲ့ ရှေ့ဆက်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချမှုလို့လည်း ပြောလို့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒီအစိုးရသစ်လက်ထက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရသစ်အနေနဲ့ ဘယ်လောက်ထိ စွမ်းဆောင်ရည်ရှိရှိနဲ့ တိုက်ဖျက်နိုင်မလဲ။ နောက်ပြီးတော့ အဲ့လိုလုပ်ရာမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဘာတွေရှိလာနိုင်လဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အယ်ဒီတာစကားဝိုင်းမှာ မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာ ကိုဇေယျာလှိုင်၊ 7day Journal ရဲ့ အယ်ဒီတာ ကိုသီဟတို့နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဦးခင်သန်း (ဒီဗွီဘီ)

"ဟုတ်ကဲ့။ သင်္ကြန်အပြီးမှာ အကုန်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ ကိစ္စတခုကတော့ မီဒီယာကုမ္ပဏီကြီးတခုကနေပြီးတော့ သက်ဆိုင်ရာ ဗွီအိုင်ပီရဲ့ အရာရှိ ပီအေတယောက်ကို သိန်းငါးဆယ်ပေးရာကနေ အပေါ်ကနေ ကြေညာချက် ပြန်ထုတ်ရာကနေ ပြည်သူလူထုကြားမှာလည်း အံ့သြတကြီး ဖြစ်ကုန်တယ်။ နောက်တခုက မီဒီယာလောကသားတွေ အချင်းချင်းကြားမှာလည်း ဒါ ငါတို့ မီဒီယာလောက အိုးမည်းသုတ်ခံရတာပဲဆိုပြီး ဝေဖန်မှုတွေလည်း ရှိခဲ့တာပေါ့ဗျာ။ ကျနော်တို့ မီဒီယာလောကသားတွေဆိုတာ ဘာပဲပြောပြော အစိုးရကို မျက်လုံးဒေါက်ထောက် ကြည့်နေရမယ်။ မှားတာထောက်ပြရမယ်။ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု ကိစ္စတွေကိုလည်း ကျနော်တို့ စောင့်ကြည့်ပြီးတော့ ပြည်သူလူထုသိအောင် ဖော်ပြရမယ့်တာဝန် ရှိတာပေါ့ဗျာ။ အဲ့လို တာဝန်ရှိတဲ့ မီဒီယာတခုကနေပြီးတော့ လာဘ်ပေးလာဘ်ယူကိစ္စမှာ ပါဝင်နေတယ်ဆိုတော့ ဒါ အကုန်လုံးအတွက်လည်း မကောင်းဘူးပေါ့။ အဲ့တော့ ဒီအခြေအနေလေးနဲ့ ပတ်သက်ပြီးတော့ ကိုဇေယျာလှိုင်အနေနဲ့ ဘယ်လို ထင်မြင်ချက်လေး ပေးချင်လဲ။"

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

"အရင်ဆုံးပြောစရာရှိတာက ဒီ လာဘ်ပေးလာဘ်ယူကိစ္စက ကျနော်တို့ဆီမှာ အမြင့်ဆုံးပေါ့နော်။ နောက်တခုရှိတာက ဒီလိုမျိုး လာဘ်ပေးလာဘ်ယူ ကိစ္စတွေကလည်း ဆယ်စုနှစ်တွေ၊ ရာစုနှစ်ဝက်လောက်ချီပြီး ဖြစ်လာတာတွေ အများကြီး။ ဟိုးအရင်တည်းကလည်း ရှိပါတယ်။ ဒါလည်း အကျင့်ပါတာလည်း ပါတာပေါ့လေ။ နောက်တခုရှိတာက အခုလိုမျိုး မီဒီယာက လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆိုတော့ ပိုပြီးတော့ ဒါမျိုး ဖော်ထုတ်ရမယ့်သူကိုယ်တိုင်က ဒါမျိုးလုပ်တယ်ဆိုတော့ မေးခွန်းထုတ်စရာတွေ ဖြစ်လာတာပေါ့။ ဒီနေရာမှာ ပြန်ကြည့်ဖို့လိုတာက မီဒီယာမှာလည်း ယေဘုယျကြည့်လိုက်ရင် မီဒီယာအဖွဲ့အစည်းမှာ အပိုင်းနှစ်ပိုင်းပေါ့နော်။ တပိုင်းက Finance ငွေကြေးပိုင်းဆိုင်ရာပေါ့။ နောက်တခုကတော့ ဒီဘက်က သတင်းစာပညာ၊ အတတ်ပညာပိုင်းဆိုင်ရာနဲ့ ပေါင်းစပ်ရတာပေါ့လေ။ ဆိုတော့ အဲ့ဒီနေရာမှာ အခုလို မီဒီယာကုမ္ပဏီကြီးတခုက အဲ့လို လာဘ်ပေးလာဘ်ယူလုပ်ဖို့ ဆုံးဖြတ်တဲ့ Decision ကို ဘယ်သူက ချမှတ်သလဲပေါ့နော်။ အဲ့လိုမျိုးပေးနိုင်တဲ့ Level က ဘယ် Level က ပေးနိုင်လဲဆိုတာ ကျနော်တို့ စစဉ်းစားဖို့လိုတယ်။

"မီဒီယာကုမ္ပဏီမှာ ထုတ်ဝေသူရှိတယ်။ Financer ခေါ်တာပေါ့လေ။ Publisher ဆိုတာက ကျနော်တို့က လိုင်စင်နဲ့ သွားလျှောက်တာရှိတယ်။ နိုင်ငံတကာမှာဆိုရင်တော့ Publisher ဆိုရင် ထုတ်ဝေသူဆိုတာ သိတယ်။ ကျနော်တို့ဆီမှာ Publisher ဆိုတာက လိုင်စင်ကို သွားမြင်တာပေါ့။ ငွေကြေးစိုက်ထုတ်တဲ့သူလို့ပဲ ရိုးရိုးရှင်းရှင်း ပြောမယ်ဆိုရင်။ ဒါ သူ့ရဲ့ဆုံးဖြတ်ချက် မပါဘဲနဲ့ ဒီငွေတခုက ထွက်သွားဖို့ မဖြစ်နိုင်ဘူး။ ဆိုလိုတာက Editorial Decision လုပ်နေတဲ့ Chief Editor ပေါ့၊ အဲ့အဆင့်လောက်တော့ အဲ့နေရာကို ဆုံးဖြတ်ပိုင်ခွင့်၊ ဒီအပေါ်ကနေ ငွေကြေးစိုက်ထုတ်သုံးစွဲသူရဲ့ သူ့ရဲ့ သဘောတူညီချက် မပါဘဲနဲ့ သုံးစွဲလို့မရဘူးလို့ ကျနော်ကတော့မြင်တယ်။ အဲ့တော့ တခုပြန်စဉ်းစားဖို့လိုတာက အရင်ခေတ်က ဒီ မီဒီယာကုမ္ပဏီတွေမှာ လုပ်ခွင့်ရှိတဲ့သူတွေက ငွေကြေးရှိတဲ့သူတွေနဲ့ အစိုးရနဲ့၊ အာဏာပိုင်နဲ့ နီးစပ်တဲ့သူတွေက လုပ်ခွင့်ရှိခဲ့တာကိုး။ ဆိုတော့ အဲ့လိုမျိုး လုပ်ခွင့်ရှိအောင်လည်း အရင်တုန်းက အာဏာပိုင်အဖွဲ့အစည်းတွေကို ငွေကြေးအမြောက်အမြား ပေးခဲ့ရတယ်။ ကျနော်တို့ ဒီ Level Play Ground မရခဲ့ဘူး။ ဂျာနယ်ထုတ်ဝေခွင့် ကတ်တကတ်ရဖို့အရေးကို လိုက်ရတဲ့ ပိုက်ဆံတွေ နည်းမှမနည်းတာ။ လိုက်ဖားရတယ်။ ငွေနဲ့လိုက်ရတယ်။ မျက်နှာငယ်နဲ့ အောက်က၀င်ရတယ်ဆိုတော့။ အဲ့တော့ ဒီနေရာမှာ ပေးတဲ့သူက ဒီသတင်းတွေကို ဖော်ထုတ်ပြီး သတင်းတွေကိုလုပ်နေတဲ့ News Maker တွေပေါ့။ သတင်းတွေကို လိုက်လံဖော်ထုတ်နေတဲ့ Journalist တွေက လုပ်တာလား။ ခုနကပြောတဲ့ ဒီ စီးပွားရေးနဲ့ပတ်သက်တဲ့၊ အကျိုးအမြတ်ကို မျှော်ကိုးတဲ့ စီးပွားရေးလုပ်ငန်းရှင် လုပ်တာလားဆိုတဲ့ နှစ်ပိုင်းကို ကျနော်တို့က စပြီး တွေးစေချင်တယ်။

"တခုရှိတာက အဲလိုပေးတာက၊ ကျနော်တို့ကြားတာက တယောက်တည်းကနေ ကြားတာပေါ့နော်။ အရေးကြီးပုဂ္ဂိုလ်ရဲ့ ပီအေတယောက်တည်း ကြားတာ။ အဲ့လိုပေးတဲ့ အထုပ်တွေက ဘယ်နှစ်ထုပ်ရှိမလဲ။ ကျန်တဲ့သူတွေကော ဘာလို့ငြိမ်နေတာလဲပေါ့။ မပေးဘူးလား။ ပေးမလားပေါ့။ ဒါလည်း ကျနော်တို့က သိချင်တဲ့အပိုင်း။ ဒါပေမယ့် ဒီမှာတော့  တယောက်တည်းပဲ အသံထွက်တာပေါ့နော်။ ကျနော်ယူဆတာကတော့ တယောက်တည်းကိုတော့ ပေးမယ်လို့တော့ မထင်ဘူး။ ဒါ ကျနော့်ယူဆချက်၊ မှန်ရင်လည်း မှန်မယ်။ မှားရင်လည်းမှားမယ်။ ဆိုတော့ လိုက်ပေးပြီးတော့မှ တယောက်ကပဲ အသံထွက်သလားပေါ့။ ဒါလည်း ကျနော်တို့ စဉ်းစားရမယ့်အပိုင်း ဖြစ်ပါတယ်။"

ဦးခင်သန်း (ဒီဗွီဘီ)

"အဲ့တော့ ကိုသီဟအနေနဲ့ကော။ ခုနကလိုပေါ့ ကိုဇေယျာလှိုင် ပြောသလိုပေါ့။ အခုက အသံထွက်လာတော့ ဒီအထုပ်တထုပ်ပဲ ထွက်လာတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက တထုပ်တည်းပဲ ပေးခဲ့တာလား။ ဘယ်သူ့ကိုလည်း ပေးခဲ့တာလား ဆိုတာက အခုဆိုရင် ကာတွန်းတွေနဲ့ပါ သရော်တာတွေလည်း တွေ့နေတယ်လေ။ အဲ့တော့ ကိုသီဟ အမြင်လေးလည်း နည်းနည်းပြောပါဦး။"

ကိုသီဟ (အယ်ဒီတာ၊ 7 day ဂျာနယ်)

"ကျနော့်အမြင်ပြောရရင်တော့ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ပတ်သက်ရင်တော့ ဟိုးတုန်းက ဆရာကြီးဦးအောင်သင်း ပြောခဲ့ဖူးတဲ့ စကားလေးတခွန်းကို ကျနော် သွားပြီးတော့ အမှတ်ရတယ်ခင်ဗျ။ ဆရာကြီးက အသံထွက်စာအုပ်တွေ လုပ်တယ်လေ။ အဲမှာပြောတာ ၁၀၀ လာဘ်စားတဲ့သူနဲ့ ၁၀ လာဘ်စားတဲ့သူနဲ့ ဘယ်သူ ပိုအပြစ်ကြီးမယ် ထင်သလဲတဲ့။ ဆိုတော့ ဘယ်သူအပြစ်ကြီးမလဲဆိုတော့ မိတဲ့ကောင် အပြစ်ကြီးတာပေါ့ကွတဲ့။ ဆိုတော့ ၁၀၀ စားစား၊ ၁၀ စားစား မိသွားတဲ့ကောင်ကတော့ အပြစ်ကြီးမှာပဲ။ ၁၀ စားတဲ့ကောင် မိသွားလည်း ၁၀ စားတဲ့ကောင်က အပြစ်ကြီးသွားမှာပဲ။ ၁၀၀ နဲ့ မှိန်းတုတ်လာတဲ့ နှစ် ၅၀ ကျော် ၁၀၀၊ ၁၀၀ နဲ့ မှိန်းတုတ်လာပြီး မမိတဲ့သူတွေကလည်း အပြစ်မကြီးဘူး။ ဆိုတော့ အခု ဒီကိစ္စမှာလည်း ဒီလိုပဲ။ သိန်းငါးဆယ်အထုပ်ပေါင်း ဘယ်နှစ်ထုပ်လဲဆိုတာ ကိုဇေယျာလှိုင် Mention ပေးထားတယ်။

"ဒါပေမယ့် ကျနော်တို့ဘက်က ဘာကို တခုသွားပြီးတော့၊ ကောင်းနိုင်တာတခု ဘာသွားစဉ်းစားမိလဲဆိုတော့ ဒီလိုပါပဲ၊ အရင် ဒီမိုကရေစီစပြောင်းတော့ ဦးသိန်းစိန်လက်ထက်မှာ သူနဲ့ပတ်သက်ပြီး ရင်းနှီးတဲ့သူတွေကလည်း လူမှုကွန်ရက်တွေမှာ ရေးကြတယ်။ ဒီ ပီအက်စ်အိုလုပ်တဲ့ဟာက မူမမှန်ဘူးတို့၊ တခြားလူတွေလည်း ရနိုင်တာပဲတို့ ဆိုတာတွေလည်း ရေးကြတာပဲ ဆိုပေမယ့် အရင်တုန်းက ၁၀ ယောက်သွားလို့ ၁၀ ထုပ်ပေးတယ်။ ၁၀ ထုပ်လုံး မှိန်းတုတ်သွားတာထက်စာရင် ၁၀ ယောက်သွားလို့ ၁၀ ထုပ်ပေးတာ ၁ ထုပ် ပြန်ပြီးတော့ အပ်တယ်ဆိုရင် ဒီအစိုးရလက်ထက်မှာ ကျနော်တို့ အပေါင်းလက္ခဏာအနေနဲ့ သတ်မှတ်ပြီးတော့ ကြည့်လို့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ထားတဲ့ အဂတိလိုက်စားမှု လမ်းညွှန်ချက်မှာတော့ ရတဲ့သူက ကိုယ်တိုင်ပြန်ပေးရမယ်တို့ ဒါမှမဟုတ် လိုချင်လို့ရှိရင်လည်း တန်ဖိုးကို ပေးဝယ်ရမယ်တို့ ဆိုတာမျိုးတော့ ပါခဲ့တာပေါ့။ ဒါပေမယ့် ဒီ ပီအက်စ်အိုကကျတော့ ၀န်ကြီးရုံးကို ပြန်အပ်လိုက်တယ်ဆိုတာ အဲ့ဒီတချက်မှာတော့ သူတို့ ထောက်စရာလေးရှိမယ်။ ဒါဆို သူ ဘာလို့ယူသွားလဲ။ ပီအက်စ်အိုလုပ်ဖူးတဲ့ သူတွေတော့ သိလိမ့်မယ်။ ကျနော်တို့ကတော့ ပီအက်စ်အို တခါမှမလုပ်ဘူးတော့ မသိဘူး။ ပီအက်စ်အိုတယောက်ရဲ့ တာဝန်က ဘာတွေများလဲ။ အဲ့ဒီအချိန်မှာ အထုပ်ကိုယူပြီးတော့ ကားထဲထည့်ပြီးတော့မှ သူ့လူကြီးနောက်ကို လျှောက်လိုက်နေရတာလား။ သူမသိနိုင်ဘူးလား။ သူသိနိုင်လား။ သူ့ရဲ့ ပီအက်စ်အိုလုပ်သက် ဘယ်လောက်ရှိခဲ့ပြီလဲ ဆိုတဲ့ဟာမျိုးတွေပေါ့။ ဒီ မီဒီယာက ပေးကျင့်ရှိတဲ့ မီဒီယာလား။ ပေးကျင့်မရှိတဲ့ မီဒီယာလား ဆိုတာမျိုးလည်း သူ့အနေနဲ့ အများကြီး စဉ်းစားသုံးသပ်ပြီးတော့မှ အိမ်ရောက်တော့မှသိလို့ ပြန်ပေးတာလည်း ဖြစ်နိုင်သလို တခြားကိစ္စတွေလည်း အများကြီး ဖြစ်နိုင်ပါတယ်။"

ဦးခင်သန်း (ဒီဗွီဘီ)

"အခုဆိုရင်ပေါ့ဗျာ။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ဒါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လုပ်ခဲ့တာပဲ။ ကော်မရှင်တွေလည်း ဖွဲ့ခဲ့တယ်၊ တိုက်ခဲ့တာပဲ။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်းပဲလေ။ ငါးနှစ်တာသက်တမ်း နိဂုံးချုပ်လိုက်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုံးဝ မအောင်မြင်ခဲ့ဘူးပေါ့နော်။ အဲ့တော့ ဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြီးခဲ့တဲ့သက်တမ်းမှာပေါ့နော် မအောင်မြင်ရခြင်းရဲ့ အဓိကသော့ချက်တွေက ကိုဇေယျာလှိုင် ဘာတွေများဖြစ်မယ်လို့ထင်လဲ။ ဘာကြောင့် မအောင်မြင်ရတာလဲ။"

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

"အဓိကတော့ မြင်ရတာက ခေတ်အဆက်ဆက် အကျင့်ပါနေတာလည်း ပါတယ်။ နောက်တခုရှိတာက ရတဲ့ဝင်ငွေနဲ့ မလုံလောက်မှုလည်း ပါတာပေါ့နော်။ တချို့ကတော့ အဲ့ဒီ ၀င်ငွေနဲ့ မလုံလောက်တဲ့ကိစ္စကိုတော့ Debate ဖြစ်တာပေါ့လေ။ ဒါလည်း ငြင်းခုန်စဉ်းစားသင့်တဲ့ ကိစ္စတရပ်ပေါ့။"

ဦးခင်သန်း (ဒီဗွီဘီ)

"ဒါပေမယ့် အများအားဖြင့် တွေ့နေရတာက ကျနော်တို့က လာဘ်စားတယ်ဆိုရင် ၀န်ထမ်းကိုပဲ ပြေးမြင်ပေမယ့် တကယ်တမ်း ရာထူးကြီးကြီးက ကြီးကြီးစားနေတဲ့ ပုံစံမျိုးတွေလည်း ခနခန တွေ့နေရတယ်လေ။"

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

"အဓိက ကျနော်ထင်တယ် System ပေါ့နော်။ ဘယ်လို System လည်းဆိုတော့ အရင်တုန်းက ထိပ်ကလူက သူကိုယ်တိုင် အာဏာရှင်ဖြစ်တဲ့အခါကျတော့ လူတယောက်ကို ပေးလိုက်တဲ့ အာဏာတခုမှာ အဲ့ဒီအာဏာနယ်ပယ်မှာ အဆင်ပြေအောင်လုပ်၊ အသံမထွက်စေနဲ့။ သူ့ကို ပြန်ပြီး ပုန်မကန်ရင် ပြီးရောပေါ့။ တွေ့ပါလိမ့်မယ်။ အရင်တုန်းက စစ်ဗိုလ်ချုပ်တွေ ဟိုးအရင် န၀တ စတက်ခါစက တိုင်းမှူးကြီးကြီးတွေကို ၀န်ကြီးဌာနပေးတယ်။ အဲ့မှာ အဲ့ဒီတိုင်းမှူးကြီးတွေက ၀န်ကြီးဌာနတွေမှာ ဖြစ်ချင်တိုင်းဖြစ်၊ လုပ်ချင်တိုင်း လုပ်ပစ်တာတွေ။ နောက်ပိုင်း သူ့ကို အရေးယူတဲ့အထိ ဖြစ်သွားတာပေါ့။ ဆိုတော့ ခေတ်အဆက်ဆက်က အဲ့အတိုင်းအုပ်ချုပ်ခဲ့တာ။ သဘောကတော့ သူကိုယ်တိုင်က ဒီ စည်းနဲ့စနစ်နဲ့ ခံစားခွင့် မပေးနိုင်တဲ့အခါကျတော့ ကိုယ့်ဘာသာကိုယ် ရှာစားကြ၊ အသံမထွက်စေနဲ့ ပုံစံမျိုး။ တွေ့ပါလိမ့်မယ် ရဲဆို ပိုမြင်ရတယ်။ အောက်ခြေမှာ လူထုနဲ့ ထိတွေ့ရတယ်။ အသံမထွက်စေနဲ့။ ကြိုက်သလောက်စား။ တော်ရုံတန်ရုံမပြုတ်ဘူး။ တခုခုဖြစ်လို့ရှိရင် နယ်ရွှေ့တာပဲရှိတယ်။ ဆိုတော့ ဒီလိုပုံစံနဲ့ သွားတဲ့အခါကျတော့ နောက်တခုရှိတာက အဲ့ဒီ ရာထူးယူတဲ့သူတွေက ဒါကြီးက သူ့ရဲ့ ဘိုးဘွားအမွေအနှစ်က လုပ်စားဖို့ ပေးလိုက်သလိုဖြစ်သွားတာ။ ဒါတော့ ငါတော့ ခွင်တခွင် ရပြီဆိုပြီးတော့။ ဒီမှာ ရှိတဲ့ဟာကို အစွမ်းကုန် အကုန်လုံးကို ထွန်ယက်ပြီး လှန်လှောပြီး စားသောက်တဲ့အကျင့်က ပါနေတယ်။"

ဦးခင်သန်း (ဒီဗွီဘီ)

"ပြီးခဲ့တဲ့ သက်တမ်းကာလတွေ တောက်လျှောက်ကြည့်လိုက်ရင် ဥပဒေတခု ထုတ်လိုက်ရင် ဥပဒေရဲ့ တားမြစ်ချက်က သူတို့အတွက် လုပ်စားကွက်လို ဖြစ်သွားတာပေါ့။"

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

"ဘယ်နယ်ပယ်မဆိုပါပဲ။ ဘာမှမထင်ရတဲ့ သာသနာရေးလို နေရာမျိုးတောင်မှ ဘုရားဖူးထွက်တဲ့ ကိစ္စတွေမှာ လာဘ်ပေးလာဘ်ယူမှုက ရှိတယ်ဆိုတော့၊ ကျနော်က စဉ်းစားတယ် သာသနာရေးဆိုတော့ ဘာများရှိမလဲပေါ့။ ဒါတွေကလည်း အပေါက်ကမျိုးစုံပေါ့။ နောက်တခုရှိတာက သူတို့မှာ လူတယောက်ကို အခွင့်တခုပေါ့လေ။ ပေးပိုင်ခွင့်ရှိသလို ပိတ်ပိုင်ခွင့်လည်းရှိတယ်။ အဲဒါကို သူတို့ဘက်က လုပ်စားကွက်တခုလို ဖြစ်ပြီးတော့ ဒါကို သူတို့က အကျိုးအမြတ်အနေနဲ့ ဖန်တီးထားတယ်။ အဓိက ကတော့ အရင်တုန်းက အစိုးရက လူထုကို အလုပ်အကျွေး ပြုရမယ်ဆိုတဲ့ အိုင်ဒီယာ မရှိဘဲနဲ့ နာမည်ကိုက အုပ်ချုပ်တဲ့ ယန္တရားဆိုတော့ အုပ်ချုပ်မယ်၊ နိုင်ထက်စီးနင်းပြုကျင့်မယ်ဆိုတဲ့ Thinking Concept က စီးတဲ့အခါကျတော့ ဒါကို သူတို့က နင်းပြီးတော့ အနိုင်ကျင့်ခဲ့တာပေါ့။ တရားစီရင်ရေးဆိုရင် အရမ်းကြီးမားတဲ့ အဆိုးဆုံးဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု ရှိတယ်ဆိုတာ လွှတ်တော်မှာလည်း တရားဝင် ကြေညာခဲ့တာရှိတယ်။ ဘာလို့ဆိုတော့ သူ့မှာ လူတယောက်ကို အပြစ်ပေးပိုင်ခွင့်၊ လွှတ်ပေးပိုင်ခွင့် ရှိတဲ့အခါကျတော့ အရမ်းကို ဒါကြီးက သူတို့အတွက် ဒါ ၀င်ငွေရလမ်းတခုလို ဖြစ်သွားတယ်။ ခုနကပြောတဲ့ ပီအက်စ်အိုတို့၊ တရားစီရင်ရေးမှာဆို ရှေ့ဖတ်စာရေးပေါ့ဗျာ။ ဒါ သူတို့က ပွဲစားအဆင့်ပဲရှိတာ။ တရားသူကြီးဆီ ၀င်ချင်ရင် ရှေ့ဖတ်စာရေးကတဆင့် ၀င်ရတယ်။ တရားသူကြီး ၁၀ သိန်းပေးမယ်ဆိုရင် ရှေ့ဖတ်စာရေးက ၃ သိန်းလောက် ယူထားပြီးသား။ ဆိုတော့ ခုနက ပီအက်စ်အို ဆိုတာကလည်း ၀န်ကြီးတယောက်ကို ၀င်ချင်ရင်၊ လူကြီးတယောက်ကို ၀င်ချင်ရင် ဘတ်ဖာပေါ့၊ ၀န်ကြီးဆိုတော့ လူကြီးဆိုတော့ အိုက်တင်နဲ့နေမယ်ဆိုတော့ ပြောလို့ဆိုလို့ မကောင်းဘူးပေါ့ဗျာ။ ပီအက်စ်အိုက ကြားထဲကနေပြီးတော့ ပွဲစားအဆင့်လောက် ရှိခဲ့တယ်ဆိုတော့၊ အဲ့အကျင့်က ကျနော်ထင်တယ် ချက်ချင်းသေဖို့တော့ မလွယ်ဘူး။ နောက်တခုရှိတာက ဒါကို တိုက်ခိုက်မယ်ဆိုရင်လည်း ကြားမှာ Resistence တွေ အများကြီး ကြုံရမှာပေါ့။ အဲ့တော့ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတော့ ဖြေလျော့နိုင်မယ့်၊ နာခံသာမယ့် ပုံစံမျိုးလေး ကျနော်တို့ စဉ်းစားဖို့လိုမယ်တော့ ကျနော်ထင်တယ်။"

ဦးခင်သန်း (ဒီဗွီဘီ)

"ဆိုတော့ ပြီးခဲ့တဲ့သက်တမ်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မအောင်မြင်ခဲ့တာ အချက်အလက်တွေတော့ အများကြီးရှိမှာပေါ့ဗျာ။ ဒါပေမယ့် အဲ့အထဲမှာ အချက်တချက်က သတိထားမိတာက ပြစ်မှုနဲ့ ပြစ်ဒဏ်ပေါ့။ ဥပမာ ဌာနဆိုင်ရာမှာပဲဖြစ်ဖြစ် ပြဿနာတက်ရင် ရာထူးကြီးကြီးပဲဖြစ်ဖြစ် ဖြစ်ရင် အများအားဖြင့် နယ်ပြောင်းတာတို့၊ ရာထူးလေး တဆင့်လျှော့တာတို့၊ ဒါနဲ့ပဲ ပြီးသွားကြတာ များတယ်လေ။ ဒါပေမယ့် သူစားထားတာတွေက အများကြီးပဲ။ အဲ့တော့ ပြစ်မှုနဲ့ ပြစ်ဒဏ်နဲ့ မျှတဲ့သဘောများ ဖြစ်နေမလား။ ဒါနဲ့ပတ်သက်ပြီး ကိုသီဟ ဘယ်လိုထင်လဲ။"

ကိုသီဟ (အယ်ဒီတာ၊ 7 day ဂျာနယ်)

"အရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာပဲ။ ဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဆိုပြီးတော့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၇ မှာ စပြီးတော့ အတည်ဖြစ်တယ်။ ဒါပေမယ့် ဦးသိန်းစိန် စတက်တုန်းမှာပဲ ဒီ Clean Government, Good Governance ဆိုပြီးတော့ အော်လာတယ်။ ငါးနှစ်သက်တမ်းကုန်သွားတယ်။ ဘယ်လောက် Clean ဖြစ်သွားလဲ။ ဘယ်လောက် Good Governance ဖြစ်ခဲ့လဲဆိုတာ ပြန်ပြောင်းကြည့်မယ်ဆိုရင်၊ ဒါ အရင်အစိုးရရဲ့ အတင်းကို ပြောနေတာ မဟုတ်ပါဘူး။ သူလုပ်ခဲ့တဲ့၊ ပြန်သုံးသပ်တဲ့ အခြေအနေကို ပြောပြတာပါ။ ဆိုတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဆိုတာလည်း ထုတ်ပြန်ခဲ့တယ်။ Clean Government ဖြစ်ရပါမယ်လို့လည်း ပြောခဲ့တယ်။ ဒါပေမယ့် အဲ့ဒီရဲ့အစွယ်အပွား၊ အခု ဒီချုပ်အစိုးရအထိ ပေးတယ်ဆိုတဲ့ ဟာတွေက ပါလာတယ်။ ဆိုတော့ ဒီချုပ်အစိုးရကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေးပြီးတော့ လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားတဲ့ အတွက်ကြောင့် ဒါ ဒီပြဿနာတွေက စလာပြီ။ ဒီ သိန်းငါးဆယ်ကနေ စပြီးတော့ ပေါ်လာပြီ။ နောက်ပိုင်း နောက်ပိုင်းတွေမှာ ဒါ ကျနော်တို့ နှစ်ပေါင်းငါးဆယ်ကျော်၊ ခြောက်ဆယ် အရိုးစွဲလာတဲ့ အမူအကျင့်ကို ကျနော်တို့ လွယ်လွယ်နဲ့ ဖျောက်ဖျက်ဖို့တော့ မလွယ်ပါဘူး။ သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်ရမှာပါ။ တကယ်လို့များ ဒီချုပ်အစိုးရက ပေးလိုက်တဲ့ မီဒီယာကုမ္ပဏီကြီးကို အဲ့လိုပေးရကောင်းလားဆိုပြီး အတင်းကာရောကြီး ဆူမယ်ပူမယ်ဆိုလို့ရှိရင် ဒီအခြေအနေက တမျိုးဖြစ်သွားမယ်။ အခု သူတို့ကိုင်တဲ့ ပုံစံကတော့ ငြင်ငြင်သာသာ သိမ်သိမ်မွေ့မွေ့လေးနဲ့ ပညာပေးတယ်။ ခေါ်ယူသတိပေးတယ်။ ဟိုဘက်ကလည်း ပေးတဲ့သူက နည်းနည်းကိုယ်ရှိန်သတ်။ အရင်တုန်းကလိုမျိုး ပေါင်းစားတဲ့ဟာမျိုး၊ ဒီလူကို ငါ ဒီလောက်ပေးထားတယ်။ ငါတော့ ဒီပရောဂျက်ရမယ်။ ကျန်တဲ့မီဒီယာ တက်လာမယ့်မီဒီယာတွေ ခဏအုပ်ပေးထားဦး။ ငါတယောက်တည်း ဘယ်ဈေးကွက်ထိရမှ ကျန်တဲ့ကောင်တွေ ဖွင့်ပေးဆိုတဲ့ အခြေအနေမျိုး မဟုတ်တော့ဘဲနဲ့ ကောင်းကောင်းမွန်မွန် ယှဉ်ပြိုင်ရင်းနဲ့ပဲ ခင်ဗျားအရည်အချင်းရှိရင် ခင်ဗျားရမယ်။ နောက်မှ တက်လာတဲ့သူ အရည်အချင်းရှိရင် နောက်မှရမယ်ဆိုတဲ့ Level Play Ground ပေါ့။ အဲ့လိုမျိုးနဲ့ ဆက်တက်သွားနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ အဆင်ပြေတဲ့နေရာကို ရောက်မှာပါ။"

ဦးခင်သန်း (ဒီဗွီဘီ)

"ပြီးတော့ ကိုဇေယျာလှိုင် ကျနော်တို့ သတိထားမိတာပေါ့နော်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့တယ်။ ဒါပေမယ့် ကော်မရှင် ဖွဲ့ကတည်းက ကော်မရှင်အဖွဲ့ဝင်တွေ တွေ့လိုက်တာနဲ့ တချို့ တော်တော်များများကလည်း ဝေဖန်ကြတယ်လေ။ စစ်ဗိုလ်ချုပ်ဟောင်းတွေ ပါတယ်တို့၊ အစိုးရအရာရှိဟောင်းတွေတို့၊ ဒါ အစိုးရယန္တရားထဲမှာ အကျင့်ပျက် ခြစားနေတာကို တိုက်ဖျက်ချင်ပါတယ်ဆိုမှ ခုနကလိုပေါ့ အဲ့ဒီ ၀န်ထမ်းဟောင်းတွေကလည်း ပြန်ပါလာတယ်။ လူထုကတော့ သမာသမတ်ရှိတဲ့လူမျိုး၊ သြဇာရှိတဲ့လူမျိုး ပါချင်တာပေါ့။ အဲ့တော့ အခုချိန်ထိလည်း အစိုးရသစ်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ အခု ဘာမှလုပ်တာ မတွေ့သေးဘူး။ ဆိုတော့ ဒီအစိုးရ လက်ထက်မှာပေါ့နော်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဒီပုံစံနဲ့ပဲ သွားသင့်သေးလား။ ဒါမှမဟုတ် တကယ်ကိုပဲ ထိထိရောက်ရောက် တိုက်ဖျက်နိုင်အောင် ဘယ်လိုဖွဲ့စည်းပုံမျိုးနဲ့ လုပ်သင့်တယ်လို့ထင်လဲ။"

ကိုဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း)

"ဒါလည်း Factor တခုပေါ့နော်။ ဒီအဖွဲ့အစည်းကို လူတွေ ယုံကြည်ကိုးစားမှုကလည်း အရေးကြီးတာကိုး။ ကြည့်လိုက်တည်းက ဒီလူတွေပဲဆိုတော့ ဒါကဒါပဲဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ ဆိုတော့ အဲ့လို လူကိုရှိန်ပြီးတော့ လူက ကိုယ်ရှိန်သတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဂတိလိုက်စားမှုက နှစ်ခုရှိတာပေါ့နော်။ နာမည်ကိုက လာဘ်ပေးလာဘ်ယူ၊ ပေးတဲ့သူကလည်း Behavior Change ဖို့လိုတယ်ဗျ။ ကျနော်တို့လူမျိုးတွေ အားလုံးအပြစ်ပြောတာ မဟုတ်ပါဘူး။ တခုခုဖြစ်ရင် ကျေးဇူးတင်တယ်ဗျ။ အနည်းဆုံးတော့ ရွာဆိုရင်တော့ ငှက်ပျောသီးလေးတဖီးတော့ ပေးချင်ကြတာပဲ။ စေတနာပေါ့လေ။ အဲ့ဒီစေတနာပေါ်မှာ အမြတ်မထုတ်ဖို့လည်း လိုသလို လုပ်မယ့်သူကလည်း တခုခုပေါ့နော်။ ဒေါ်စုပြောတဲ့စကားလည်း ရှိပါတယ်။ လာဘ်ပေးခြင်းက ကိုယ့်ကို လာစော်ကားခြင်းပဲပေါ့။ အဲ့လို လာဘ်ပေးခံရတဲ့သူက အရှက်ရှိလာဖို့လည်း လိုတယ်ပေါ့။ ဟီရိသြတ္တပ္ပ ခေါ်တာပေါ့နော်။ ပေးတဲ့သူကလည်း ငါ ဒါပေးစရာမလိုဘူးဆိုတဲ့ ကိုယ့်ရဲ့ နိုင်ငံသားအခွင့်အရေးကို နားလည်ဖို့ ဆိုတော့ ဒီ Civil Society အဖွဲ့ကလည်း ၀ိုင်းပြီးတော့ Develop လုပ်ပေးရမယ်။ မီဒီယာကလည်း လူထုကို ပြန်ပြီးတော့ Educate လုပ်ပေးရမယ်။ ဒီလာဘ်ပေးလာဘ်ယူ လုပ်ခြင်းက ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ဖျက်နေတာဖြစ်တယ်။ ကိုယ့်အနာဂတ်ကိုယ် ဖျက်နေတာဖြစ်တယ်။ ကြိုးစားကြည့်ပါ။ မရဘူးဆိုရင် သူ့ ဥပဒေလမ်းကြောင်းက ဘယ်လိုသွားမလဲဆိုတဲ့ အလေ့အကျင့်လေးကို ကျနော်တို့က ပြုစုပျိုးထောင်ပေးမယ်။ ဟိုဘက်ကိုလည်း ဥပဒေအရ ပိတ်ပင်တားဆီးမယ်။ လူထုကလည်း ဒါမျိုးကို နည်းနည်းလေး Practice လုပ်ကြည့်မယ် ဆိုရင်တော့ အချိန်တခုယူပြီးရင်တော့ အပြောင်းအလဲဖြစ်နိုင်မယ်လို့ ကျနော်တော့ ယုံကြည်တယ်။ တဘက်တည်းလုပ်လို့တော့ မရဘူး။ အစိုးရဘက်ကပဲ ပိတ်ထားလို့လည်း မရဘူး။"

ဦးခင်သန်း (ဒီဗွီဘီ)

"ပြီးခဲ့တဲ့ သက်တမ်းမှာတုန်းက တရားဥပဒေစိုးမိုးရေးနဲ့ ဒေါ်စု ဦးဆောင်တဲ့ ကော်မတီကတော့ အကြံပြုချက် အစီရင်ခံစာမှာ ပြထားတာတခုတော့ ရှိတယ်။ အဲ့ဒါ ဘာလဲဆိုတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ လွတ်လပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သီးခြားရှိသင့်တယ်တဲ့။ နောက်တခုက တရားရုံးတွေကို စောင့်ကြည့်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ပေါ့။ အဲ့ဒါမျိုးတွေဖွဲ့ဖို့ အကြံပြုခဲ့တာပေါ့နော်။ ဒါပေမယ့် ဒီအစိုးရလက်ထက်မှာတော့ ခုထိတော့ ဘာမှမပြောသေးဘူး။ ဆိုတော့ အဲ့တော့ ဘာပဲပြောပြောပါ အဓိကက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်ကို စိတ်အားထက်သန်မှုရှိဖို့က အရေးကြီးပါတယ်။ အဲ့တော့ အခုအစိုးရအနေနဲ့လည်း ရက် ၁၀၀ အတွင်းမှာတော့ ဒါ ပထမဆုံး ခြေလှမ်းပေါ့နော်။ ဒီ ငါးနှစ်သက်တမ်းမှာတော့ ဒီနှုန်းအတိုင်း သွားနေရင်တော့ အများကြီး၊ ကျနော်တို့ ပြီးခဲ့တဲ့သက်တမ်းတွေထက် အများကြီး အကျိုးရှိလာမယ်လို့ပဲ မြင်တာပေါ့နော်။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013