DVB Logo
Home
Lead Story
တိုက်ပွဲဝင် အမျိုးသမီးများ
DVB
·
April 28, 2016
တိုက်ပွဲဝင် အမျိုးသမီးများ
Donate to DVB

အမျိုးသမီးများ၏ အခွင့်အရေး တောင်းဆိုမှု တိုက်ပွဲများမှာ လွန်ခဲ့သည့် ရာစုနှစ်များမှ ယခု ၂၁ ရာစုနှစ်အထိ ရှိခဲ့သည်။ ယခုအထိ အမျိုးသမီးများမှာ နှိမ်ချဆက်ဆံခံနေရဆဲဖြစ်၏။ အမျိုးသမီးများကို သိသိသာသာ နှိမ်ချခွဲခြားဆက်ဆံသည့် အဖွဲ့အစည်းဆိုလျှင် အာဖဂန်နစ္စတန်မှ တာလီဘန်တို့ ဖြစ်၏။ အမျိုးသမီးများမှာ စာမသင်ရ။ အလုပ်မလုပ်ရ။ ကွန်ပျူတာမကိုင်ရ။ လမ်းထွက်လျှင် ခေါင်းမှခြေဖျားအထိ ဝတ်ရုံနက်ကြီး ဝတ်ဆင်ရကာ မျက်လုံး ၂ လုံးသာ ဖော်ရ၏။ အမျိုးသမီးက ဖောက်ပြန်လျှင် ထိုအမျိုးသမီး အသတ်ခံရမည်။ အမျိုးသားက အမျိုးသမီးကို အနိုင်ကျင့်လျှင်လည်း ထိုအမျိုးသမီးသာ အသတ်ခံရလေသည်။ ယောက်ျားပြောသမျှသာ အမှန်ဆိုသော မဟာဖိုဝါဒကိုင်စွဲသော နိုင်ငံမှာ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး အရှေ့အလယ်ပိုင်း၌ လည်း ရှိလေသည်။ ထို့ကြောင့် အမျိုးသမီးအခွင့်အရေးမှာ ခေတ်များပြောင်းသွားသော်လည်း မပြောင်းလဲသေးပေ။

ဒီမိုကရေစီနိုင်ငံများတွင်မူ အမျိုးသမီး အခွင့်အရေးများ ရရှိပါသည်။ အမျိုးသားနှင့် အမျိုးသမီး တန်းတူခွင့်ရှိသည်ဟု အမေရိကနှင့် ဥရောပတွင် ပြဋ္ဌာန်းထားသော်လည်း လုံးဝ တန်းတူခွင့် မရှိသေးပေ။ ခွန်အားကြီးသော ယောက်ျားက ခွန်အားနည်းသော မိန်းမများကို ညှဉ်းပန်းခြင်းမှာ လည်း ရှိနေပါသေးသည်။ ကမ္ဘာတွင် အမျိုးသမီးများကို နေရာပေးလာသည်ကား မှန်သော်လည်း အမျိုးသမီး၊ အမျိုးသား တန်းတူအခွင့်အရေးရသည်ကား မဟုတ်ပေ။ အုပ်ချုပ်ရေးပိုင်းတွင် အမျိုးသမီးသမ္မတများ၊ အုပ်ချုပ်ရေးမှူးများ အများအပြား ရှိလာသော်လည်း အများစုမှာ အမျိုးသားများကသာ ထိန်းချုပ်ထားဆဲ ရှိပါသည်။

ယောက်ျားလွှမ်းမိုးထားသော ခေတ်သည် ကမ္ဘာ့သမိုင်း၏ ဖြစ်ပေါ်မှုအရ ယခုတိုင် အားကောင်းနေဆဲဖြစ်သည်မှာ အမှန်ပင်။ ကမ္ဘာဦးခေတ်က အမျိုးသမီးများ လွှမ်းမိုးခဲ့သည်ရှိ သော်လည်း အခိုက်အတန့်သာဖြစ်သည်။ ဆိုလိုသည်မှာ ခွန်အားကြီးသူက အသာစီးရသည့် အစဉ်အလာကြောင့် ဖြစ်မည်ထင်သည်။ အမှန်တရားသည် ခွန်အားရှိသူအပေါ် မူတည်နေသည်။ Might is Right ဆိုသည့်အတိုင်း ယနေ့ကာလအထိ လက်နက်အင်အားကောင်းသူ၊ ငွေအင်အားတောင့်တင်းသူ၊ ခန္ဓာကိုယ်အင်အားကြီးသူက ဗိုလ်ကျ လွှမ်းမိုးသည့်ခေတ်မှာ ရှိနေဆဲပင်။ ထိုခေတ်ကို ပြောင်းလဲဖို့ ဆိုသည်မှာလည်း အင်အားကို အခြေခံသည့် အခြေအနေသို့ ပြောင်းလဲနိုင်မှသာလျှင် ဖြစ်ပေသည်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် လွှမ်းမိုးနိုင်သည်က အဆန်းမဟုတ်တော့ပေ။

ကမ္ဘာတွင် စူပါပါဝါဆိုသော လက်နက်အင်အား ငွေအင်အား တောင့်တင်းသော သူများက လွှမ်းမိုးချုပ်ကိုင်နိုင်သရွေ့ ဖို၊ မ ပြဿနာကိုလည်း လွှမ်းမိုးထားနိုင်မှာ သေချာပါသည်။ အမျိုးသမီးများ၏ အဖိနှိပ်ခံရမှုကို ကမ္ဘာတွင် အစဉ်အဆက် တော်လှန်တိုက်ပွဲဝင်ခဲ့သူများ ရှိလေသည်။ ၁၈၂ဝ ခုနှစ်က မွေးဖွားခဲ့သော ဆူဆန်ဘီအန်သော်နီဆိုသော အမျိုးသမီးကြီးသည် အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၌ ငယ်စဉ်ကတည်းက ကျေးကျွန်စနစ်ကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ အမျိုးသမီးများ ပညာသင်ကြားရေးကိုလည်း တောင်းဆိုခဲ့၏။ ထိုစဉ်က မဲဆန္ဒပေးခွင့်ကို အမျိုးသားများသာ ရရှိလေသည်။ အမေရိကန်လွှတ်တော်တွင်လည်း လွှတ်တော်အမတ်ကို အမျိုးသမီးများ ဝင်ရောက်ရွေးချယ်ပိုင်ခွင့် မရှိပေ။ သူမက အမေရိကန် အနှံ့သွားကာ ဟောပြောပွဲများ ပြုလုပ်သည်။ ကျေးကျွန်စနစ်ဖျက်သိမ်းဖို့၊ မိန်းမများလည်း မဲဆန္ဒပေးခွင့်ရှိဖို့၊ လွှတ်တော်အမတ် ရွေးချယ်ပိုင်ခွင့်ရှိဖို့ စသည်များကို သူမက လှည့်လည် ဟောပြောခဲ့သည်။

အမေရိကန်မှ ဆူဆန်ဘီအန်သော်နီကဲ့သို့ပင် ဗြိတိန်မှ အင်မဲလ်လိုင်းပန့်ခ်ဟတ် ဆိုသူကလည်း အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ပါသည်။ သူမသည် ၁၈၅၈ တွင် မွေးဖွားခဲ့သည်။ ယောက်ျားနှင့်မိန်းမ တန်းတူအခွင့်အရေး မရှိသည့်အတွက် တိုက်ပွဲဝင်ရမည်။ ထိုသို့ တိုက်ပွဲဝင်ရာတွင် မိန်းမများအနေဖြင့် လိုအပ်လျှင် လိုအပ်သလို တိုက်ပွဲဝင်ရမည်။ အကြမ်းဖက်နည်းလမ်းဖြင့် တိုက်သင့်လျှင်လည်း တိုက်ရမယ်။ ဆန္ဒပြပွဲများ၊ သပိတ်တိုက်ပွဲများ၊ လိုအပ်လျှင် အစာငတ်ခံ တိုက်ပွဲများဖြင့် တိုက်ပွဲဝင်ရမည်ဟု ဆိုခဲ့သော အမျိုးသမီးခေါင်းဆောင် တဦး ဖြစ်ပါသည်။ ပန့်ခ်ဟတ်သည် အလုပ်သမားလူတန်းစားမှ မဟုတ်ဘဲ လူလတ်တန်းစား လုပ်ငန်းရှင်မိသားစုမှ ဖြစ်သည်။ သူမက အမျိုးသမီးအခွင့်အရေး တောင်းဆိုသော ခေါင်းဆောင် တယောက် ဖြစ်လာခဲ့ပါသည်။ ယောက်ျားရော၊ မိန်းမရော လူချည်းဖြစ်၍ ခွဲခြားဆက်ဆံခြင်းကို လက်မခံပေ။ ထို့ကြောင့် အင်မဲလ်လိုင်းပန့်ခ်ဟတ်သည် လန်ဒန်တွင် လူထုကို စည်းရုံးကာ တိုက်ပွဲဝင်ခဲ့ပါသည်။ ၁၉ဝ၈ ခုနှစ်က အင်မဲလ်လိုင်းပန့်ခ်ဟတ်က လူထုကြီးကို မိန့်ခွန်းတခု ပြောကြားခဲ့ပါသည်။

“မိတ်ဆွေများရှင့်။ ယောက်ျားတွေ ရေးဆွဲထားတဲ့ ဥပဒေရဲ့ အုပ်ချုပ်မှုအောက်မှာ ကျမလည်း အုပ်ချုပ်ခံတယောက်ပါပဲ။ ချွေးတွေ မြေကျပြီး အမျိုးသမီး အခွင့်အရေး တောင်းဆိုကြတဲ့ သူတွေထဲမှာ ကျမတို့လည်း အပါအဝင် ဖြစ်ပါတယ်။ ယောက်ျားတွေဟာ နှစ်ပေါင်းများစွာ သူတို့ပဲ ထိန်းချုပ်လာတဲ့အချိန်ဟာ လွန်လာပါပြီ။ သူတို့ကပဲ အုပ်ချုပ်ရမယ်။ သူတို့ကပဲ ခေါင်းဆောင်ရမယ် ဆိုတဲ့ တဘက်သတ် အခွင့်အရေးကို ရပ်ဆိုင်းဖို့ သင့်ပါပြီ။ ကျမတို့ မိန်းမတွေတော့ ဘယ်သူမှ အခွင့်အရေးမဘဲ အခိုင်းအစေလို နေရတဲ့အချိန်ဟာ ကုန်ဆုံးသင့်ပါပြီ။ မိန်းမတွေအနေနဲ့ အခွင့်အရေးရဖို့ တောင်းဆိုတာဟာ ခက်ခဲပါတယ်။ နှစ်ပေါင်းရှည်ကြာစွာ ငြိမ်သက်အေးဆေးစွာ နေရမယ့်အချိန် မဟုတ်တော့ပါဘူး။” ဟု ပြောင်မြောက်သော မိန့်ခွန်းကို တိုက်ပွဲဝင်ခဲ့လေသည်။

နောက်ထပ် ထင်ရှားသော အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူမှာ ဂျာမနီနိုင်ငံမှ ရိုဆာလူဇင်ဘာ့ဂ် ဖြစ်ပါသည်။ ရိုဆာလူဇင်ဘာ့ဂ်သည် ဆိုဗီယက်ယူနီယံ၏ ပထမဆုံး ဝန်ကြီးချုပ်လည်းဖြစ်၊ ဆိုဗီယက်ယူနီယံတွင် ဇာဘုရင်စနစ်ကို လက်နက်ဆွဲကိုင် တိုက်ခဲ့သော ဗလာဒီမာလီနင်နှင့် ခေတ်ပြိုင်ဖြစ်သည်။ ရှားရှားပါးပါး အမျိုးသမီး ကွန်မြူနစ်ခေါင်းဆောင်အဖြစ် ထင်ရှားခဲ့လေသည်။ ပထမကမ္ဘာစစ်အပြီး စီးပွားရေး မတည်မငြိမ်ဖြစ်နေသော ဂျာမနီနိုင်ငံ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့သည်။ ဂျာမန်စစ်သားများက ရိုဆာကို ဖမ်းဆီးကာ ပစ်သတ်လိုက်သည်။ သူမကို မသတ်ခင်ကတည်းကလည်း ဂျာမနီအစိုးရသည် လက်ဝဲဝါဒကို ယုံကြည်သူအဖြစ် ဖမ်းဆီးကာ ထောင်ထဲ မကြာခဏ ထားခဲ့သည်။ ဖမ်းလိုက်၊ ထောင်ထဲထည့်လိုက်နှင့် ရိုဆာသည် ထောင်ထဲ၌ အချိန်ကုန်ခဲ့ရသည်။ ရိုဆာလူဇင်ဘာ့ဂ်ကို ပိုလန်တွင် ၁၈၇ဝ က မွေးဖွားပြီး ဂျူးလူမျိုးဖြစ်သည်။ ရိုဆာက ငယ်ငယ်ကတည်းက ပညာတော်၏။ ဆွစ်ဇာလန်တွင် ပညာသင်ကြားကာ ဇူးရစ်တက္ကသိုလ်၌ တက်ရောက်ခဲ့သည်။ နိုင်ငံရေးသိပ္ပံကို သင်ယူကာ နောက် ဥပဒေပညာကို ဆက်လက်သင်ကြားခဲ့၏။ ရိုဆာသည် အရပ် ၅ ပေလောက်သာရှိကာ ပညာဉာဏ် ထူးချွန်ထက်မြက်သူ ဖြစ်၏။ မာ့က်ခ်ဝါဒကို ယုံကြည်သူဖြစ်ကာ ကွန်မြူနစ်ဝါဒကသာလျှင် ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲနိုင်သည်ဟု ယုံကြည်သူ ဖြစ်ပါသည်။ ရိုဆာလူဇင်ဘာ့ဂ် အသတ်ခံရပြီးနောက် သူမ၏အုတ်ဂူတွင် မိန့်ခွန်းတိုကလေးကို ဤကဲ့သို့ ရေးထားပါသည်။

“အစိုးရအဖွဲ့ဝင်များအတွက်သာရှိသော လွတ်လပ်မှု၊ ပါတီဝင်များအတွက်သာရှိသော လွတ်လပ်မှု၊ ထိုလွတ်လပ်မှုသည် ကြီးမားချင်ကြီးမားမည် ဖြစ်သော်လည်း အားလုံးလွတ်လပ်မှု ကား မဟုတ်ပေ။ လွတ်လပ်မှုဆိုသည်မှာ အမြင်မတူသူ၊ သဘောထားကွဲလွဲသူ အားလုံးအတွက်ပါ လွတ်လပ်မှသာ လွတ်လပ်မှုအစစ် ဖြစ်ပေသည်။”

နောက်ထပ်ထင်ရှားသော အမျိုးသမီးအခွင့်အရေး တောင်းဆိုသူတဦးမှာ အမေရိကန် ပြည်ထောင်စုမှ ရိုဆာပတ်ခ် ဖြစ်သည်။ သူမသည် အမေရိကန်၏သမိုင်းကို ပြောင်းလဲခဲ့သော အမျိုးသမီးတယောက် ဖြစ်ပါသည်။ ၁၉၅၅ ခုနှစ်က ရိုဆာပတ်ခ် ဘတ်စ်ကားစီးလာစဉ် ကားပေါ်တက်လာသော လူဖြူအမျိုးသားကို ထိုင်ခုံမှထရန် ငြင်းပယ်သော ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်သည်။ ထိုစဉ်က အမေရိကန်တွင် အသားအရောင် ခွဲခြားမှုရှိကာ ပန်းခြံ၊ စားသောက်ဆိုင်၊ ဘတ်စ်ကားတို့ပေါ်တွင် လူဖြူနှင့်လူမည်း တွဲ၍ မထိုင်ရပေ။ လူဖြူလာလျှင်လည်း နေရာဖယ်ပေးရလေသည်။ ထိုသို့ ထိုင်ခုံအတူ ထိုင်ခွင့်မရှိ၊ နေရာဖယ်ပေးရသည်ကို ဥပဒေ သတ်မှတ်ထား၏။ ရိုဆာက လူမည်းအမေရိကန်တို့၏ အခွင့်အရေးကို တောင်းဆိုတိုက်ပွဲဝင်သူ ဖြစ်သည်။ သူမကို ပြည်သူ့အခွင့်အရေးတောင်းဆိုသူ မိခင်ကြီးဟုပင် ခေါ်ဆိုကြလေသည်။ ထိုအချိန်က အမေရိကရောက် လူမည်းများမှာ ကျွန်များအဖြစ် ခေါ်ဆောင်လာပြီးနောက် လူဖြူ လူမည်း ခွဲခြားမှုနှင့် ကျွန်စနစ်ကြီး ဖြစ်ပေါ်လာပါသည်။ အေဗရာဟမ်လင်ကွန်း ခေါင်းဆောင်ပြီး ဤစနစ်ကို ဥပဒေဖြင့်ပင် တားမြစ်လိုက်၏။ ထိုကဲ့သို့ လူမည်းများ အဖိနှိပ်ခံနေရသည်ကို ရိုဆာပတ်ခ်က ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါသည်။ သူမသည် လူမည်းများဘက်မှ တိုက်ပွဲဝင်ရုံမက အမျိုးသမီးများဘက်မှလည်း အဖိနှိပ်ခံနေရမှုကို တိုက်ပွဲဝင်ခဲ့သူဖြစ်၏။

၁၉၅၅ ခုနှစ် ဘတ်စ်ကားပေါ်တွင် လူဖြူကို ထ မပေးရေး တိုက်ပွဲဝင်ပြီးနောက် ရိုဆာသည် ကမ္ဘာကျော်သွားခဲ့၏။ ရိုဆာက ထိုအဖြစ်နှင့်ပတ်သတ်ပြီး “ဒေါသဘယ်လောက်ဖြစ်သလဲ ဆိုတာကိုတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ဒီလုပ်ရပ်ဟာ တရားမျှတမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ပြည်သူတွေ ခံစားရတာ နှစ်ပေါင်းကြာရှည်ခဲ့တယ်။ ကျမကို ဖမ်းလိုက်တဲ့ အချိန်မှာလည်း ကျမ မကြောက်ပါဘူး။ ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ အတွေးပဲ ရှိပါတယ်။” ဟု ပြောပြလေသည်။ ရိုဆာပတ်ခ်က သူမကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွင် “ကျောင်းမှာ ကျမကို သင်လိုက်တာက လူတယောက်ဟာ မိမိဂုဏ်သိက္ခာနဲ့ မိမိရှိတယ်။ တခြားသူထက် နိမ့်တယ်လို့ ဘယ်တော့မှ မသတ်မှတ်ရဘူး။ ဘာလို့လဲဆိုတော့ မိမိက လူမည်းတယောက် ဖြစ်နေလို့ပါပဲ” ဟု ရေးသားထားလိုက်ပါသည်။ ထိုကဲ့သို့ အမျိုးသမီး အခွင့်အရေး တောင်းဆိုခဲ့သော အမျိုးသမီး သူရဲကောင်းများ ကမ္ဘာအရပ်ရပ်တွင် ပေါ်ထွန်းခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီး၊ အမျိုးသား တန်းတူခွင့်ဆိုသော ခေါင်းစဉ်ကြီးဖြင့် မလုပ်ကြသည့်တိုင် အဖိနှိပ်ခံ၊ အနှိပ်စက်ခံ နေရသော တိုင်းရင်းသား အမျိုးသမီးများ၊ မြန်မာအမျိုးသမီးများ၏ ဖိနှိပ်ခံနေရမှုမှ လွတ်အောင် ကြိုးပမ်းခဲ့သော ထောင်ကျခံနေရသော အမျိုးသမီးများလည်း ရှိပါသည်။ ထိုသို့ အဖိနှိပ်ခံ အမျိုးသမီးများအတွက် အားလုံးအတူ လက်တွဲကာ တောင်းဆိုကြပါစို့။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013