DVB Logo
Home
မြန်မာသတင်း
ကြည့်မြင်တိုင် ဓားထောက်လုယက်မှု ကလေး၏ ဒဏ်ရာအပေါ် မူတည်၍ ပုဒ်မထပ်တိုးမည်
DVB
·
April 28, 2016
ကြည့်မြင်တိုင် ဓားထောက်လုယက်မှု ကလေး၏ ဒဏ်ရာအပေါ် မူတည်၍ ပုဒ်မထပ်တိုးမည်
Donate to DVB

ကြည့်မြင်တိုင်မြို့နယ်အတွင်း ဓားထောက်ပြီး ငွေကျပ်သိန်း ၅၀ တောင်းယူသွားတဲ့ အမှုနဲ့ပတ်သက်ပြီး လုယက်မှုနဲ့ အရေးယူမှာဖြစ်သလို ဓားစာခံ ကလေးငယ်ရဲ့ ဒဏ်ရာအပေါ်မှာ မူတည်ပြီး ပုဒ်မကို ထပ်တိုးသွားမယ်လို့ ကြည့်မြင်တိုင် စခန်းမှူးက ပြောဆိုလိုက်ပါတယ်။

ကြည့်မြင်တိုင်မြို့နယ်၊ ဦးလူနီလမ်း၊ အိမ်အမှတ် ၂၀ မှာ ဧပြီ ၂၆ ရက်နေ့ မနက် ၉ နာရီလောက်က နေအိမ်မှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတဦးက အသက် ၁၂ နှစ်အရွယ် ကလေးကို ဓားစာခံအဖြစ် ပြုလုပ်ခဲ့တာပါ။

“လုယက်မှုပေါ့၊ ၃၉၂ သို့မဟုတ် ၃၉၄ ပေါ့။ ကလေးရဲ့ဒဏ်ရာရတယ်ဆိုရင် ၃၉၄ ဖွင့်မယ်၊ တကယ်လို့ ထောက်ရုံပဲရှိမယ်ဆိုရင် ဆရာဝန်ကလည်း ဒီကလေးကို ဒဏ်ရာအကြီးအကျယ် မရတဲ့အတွက် ပြချင်စိတ်လည်းမရှိဘူး။ သူတို့ရဲ့ စိတ်ချမ်းသာမှုကို ကျနော်တို့က ဦးစားပေး လုပ်ပေးရမှာလေ။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ပေးမယ်။ ရှာဖွေနေတယ်” လို့ ကြည့်မြင်တိုင် စခန်းမှူး ဦးခင်မောင်ဆွေက ပြောပါတယ်။

ငွေတောင်းယူခံရတဲ့ ဒေါက်တာရွှေပြည်တို့ မိသားစုတွေဟာ မနက်ပိုင်း ရေကူးကန်က ပြန်ရောက်လာချိန်မှာ သူတို့ရဲ့ သမီးအကြီး အခုလို ဓားထောက်ခံရပြီး ပြန်ပေးဆွဲခံရတာလို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူဟာ ခိုးယူဖို့အတွက် အိမ်ထဲကို ဝင်ရောက်လာတာ ဖြစ်နိုင်တယ်လို့ စခန်းမှူးက သုံးသပ်ထားပါတယ်။

“အိမ်သုံးဓားပါ၊ သူကတော့ ခိုးဖို့ရည်ရွယ်တာပဲ ဖြစ်မှာပါ။ သို့သော် အခြေအနေအရ မလွှဲသာတော့ အဲ့လိုလုပ်တာနေမှာ။ ဓားလည်း ဒီမှာရှိတယ်။ အဲ့ဒါကို ခြေရာလက်ရာကို စီအိုင်ဒီက အခုစစ်ဆေးနေပါတယ်။”

ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့တဲ့ ရပ်ကွက်နေ ပြည်သူတွေရဲ့ ပြောပြချက်အရ အခင်းဖြစ်ပွားမှုကို စသိချိန်တည်းက ရပ်ကွက်နေ အိမ်နီးချင်းတွေက ကူညီဖို့ ရောက်ရှိနေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေလည်း ရောက်ရှိနေတာကြောင့် ဝိုင်းဝန်းဖမ်းဆီးရင် မိနိုင်တယ်လို့ ပြောပါတယ်။

“ဓားနဲ့ကိုင်ပြီး ထွက်လာတာကို ရဲကလည်း ရောက်နေပြီကွာ၊ သူ့အဖေကလည်း ဘယ်သူမှမလာနဲ့ မလာနဲ့ အတင်းတားလိုက်တာ၊ အဲ့ဒါနဲ့ ရဲက လိုက်ရတာ မမီလိုက်တော့ဘူးပေါ့။ အမှန် သူက တားလိုက်လို့၊ မိတယ်၊ လျှောက်ပြီးတော့ ကားပေါ်တက်ကတည်းက ကောင်လေးက သေးသေးလေး၊ ဓားလေးကလည်း မကြီးပါဘူး၊ အချွန်လေး” လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

အမှုဖြစ်စဉ်မှာ အသက်သုံးဆယ်ဝန်းကျင်ရှိတဲ့ အမျိုးသားတဦးက အိမ်ထဲမှာ တိတ်တဆိတ်ဝင်ရောက်နေပြီး အသက် ၁၂ နှစ်ခန့်ရှိတဲ့ သမီးဖြစ်သူကို ဓားထောက်ကာ သိန်း ၅၀ တောင်းခံခဲ့ပါတယ်။

အဲ့ဒီနောက် ဖခင်နဲ့ သမီးကိုပါ ဓားထောက်ခြိမ်းခြောက်ပြီး ဓားစာခံအဖြစ် ခေါ်သွားခဲ့ကာ ဟံသာဝတီလမ်းက ရွှေပလ္လင်လက်ဖက်ရည်ဆိုင်အနီးမှာ မီးပွိုင့်မိနေတုန်း ကားပေါ်ကဆင်းပြီး ထွက်ပြေးသွားခဲ့တာပါ။

ဒီအမှုကို ကြည့်မြင်တိုင်မြို့နယ် မြို့နယ်မှူး ဦးစိုးသိန်း၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဖြိုးဝေမင်း၊ ကြည့်မြင်တိုင်စခန်းမှူး ဦးခင်မောင်ဆွေတို့နဲ့ မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ) က တာဝန်ရှိသူတွေ ပူးပေါင်းစစ်ဆေးမှုတွေ လုပ်နေပြီး တရားခံကို ဖမ်းမိရေး ဆောင်ရွက်နေပါတယ်။

သတင်း - ဟိန်းကို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013