DVB Logo
Home
Lead Story
ကျနော်တို့ဖက်ကတော့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲ- ခူးဦးရယ်
DVB
·
April 27, 2016
ကျနော်တို့ဖက်ကတော့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲ- ခူးဦးရယ်
Donate to DVB

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကြီးကို လပိုင်းအတွင်း အချိန်မဆွဲပဲ ကျင်းပသွားဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီ JMCU နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ပြောကြားခဲ့တာပါ။ ဒ့ါအပြင် အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့ခိုင်မြဲခြင်းမရှိနိုင်ရင် တကယ်ငြိမ်းချမ်းရေး ကို ဆက်သွားလို့မရတဲ့အကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်သင့်တဲ့အဖွဲ့တွေ အားလုံး ပါဝင်စေချင်ပြီး မပါသေးတဲ့အဖွဲ့တွေ ပါဝင်လာအောင်ကြိုးစားမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။ ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ရေးဆွဲရာမှာ ပါဝင်ပြီး စာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ပြောခွင့်ရသူ ခူးဦးရယ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။

ဒီကနေ့နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က တလ၊ နှစ်လအတွင်းမှာ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကျင်းပဖို့၊ အန်စီအေ မထိုးသေးသူတွေကိုလည်း လက်မှတ်ထိုးအောင်ကြိုးစားမယ်လို့ ပြောကြားခဲံ့ပါတယ်။ ဒီအပေါ် အန်ကယ်တို့ ဘာပြောစရာရှိမလဲခင်ဗျ။

“ကျနော်ကတော့ လက်တွေ့ကျကျပဲ စဉ်းစားပြီးပြောချင်တယ်ဗျ။ ၂၁ ရာစု ပင်လုံညီလာခံလုပ်ဖို့ တလ၊ နှစ်လအတွင်းဆိုတဲ့ဟာက လက်တွေ့ကျသလား၊ မကျဘူးလား ကျနော်တို့ စဉ်းစားဖို့လိုတယ်။ ဒီကနေ့ဖြစ်နေတဲ့ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခက ရိုးရိုးလက်နက်ကိုင်ပဋိပက္ခမဟုတ်ဘူး။ နိုင်ငံရေးအခြေခံအကြောင်းရင်းနဲ့ ကျနော်တို့ လက်နက်ကိုင်ပဋိပက္ခဖြစ်လာတာ။ ဆိုတော့ ကျနော်တို့ တစချင်းစီ ပြသနာကို ဆွဲထုတ်ပြီးတော့ တစချင်းစီကို အဖြေရှာဖို့ လိုအပ်တယ်လို့ ကျနော်ထင်တယ်။ အဲသလိုမှမဟုတ်ရင်တော့၊ သာမန်ကာလျှံကာဆိုရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေးလည်း မမြင်နိုင်ဘူး။ ပင်လုံညီလာခံလုပ်တယ်ဆိုရင်လည်း လုပ်တယ်ဆိုတဲ့ မှတ်တမ်းပဲကျန်ခဲ့မယ်။ အဖြေကတော့ ထွက်လာဖို့မရှိဘူး။ ဆိုတော့ သူကတော့ ဖြစ်ဖြစ်ချင်းရှင်းစေချင်တဲ့ဆန္ဒနဲ့ ပြောလိုက်တာတော့ ဟုတ်ကောင်းဟုတ်မယ်။ ဒါပေမယ့် ကျနော်နားလည်တာကတော့ ခေါင်းဆောင်တယောက်အနေနဲ့ကတော့ လက်တွေ့ကျကျ စဉ်းစားပြီးမှပဲ ပြောသင့်တာကို တည့်တည့်မတ်မတ်ပြောပေါ့နော်။ ဒါ အများအတွက်သတင်းစကားဖြစ်စေတယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ တကယ်တမ်းသာ ပြောလိုက်တဲ့စကားတိုင်းမှာ၊ အခုဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပေါ့ဗျာ ဆိုတော့ ပြောလိုက်တဲ့စကားတိုင်းကလည်းပဲ ဘယ်သူဖြစ်ဖြစ် အားလုံး ဂရုတစိုက်နားထောင်ရမယ့်အခြေအနေလေ၊ ဟုတ်တယ်မဟုတ်လား။ ဆိုတော့ ကျနော်တို့ရဲ့ တစုံလုံးသော ပြသနာတွေက အကြောင်းအမျိုးမျိုးကို အခြေခံတာဗျာ။ တိုင်းရင်းသားတွေကို အခြေခံတယ်၊ လူမျိုးရေးတွေကို အခြေခံတယ်၊ သမိုင်းကို အခြေခံတယ်၊ ဘာသာရေးကို အခြေခံတယ်၊ အကြောင်းအမျိုးမျိုးပဲဗျာ ဗမာပြည်မှာဖြစ်နေတဲ့ပြသနာတွေက။ အဲဒီတော့ ဒီနေ့ပြောလိုက်တဲ့ နေရာနဲ့ အကြောင်းအရာက တည့်နေသလား၊ မတည့်ဘူးလား၊ လက်တွေ့ကျ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား၊ အဲဒီတခုလေးတော့ ကျနော် ထဲထဲဝင်ဝင်၊ စေ့စေ့စပ်စပ် စဉ်းစားပြီးမှပဲ သတင်းစကားတခုလိုမျိုး တကယ့်အလေးအနက်ထားပြီး ကျနော်ကတော့ ပြောစေချင်တယ်။ နောက်ပြီးတော့ အစီအမံနဲ့ စနစ်တကျ ပြင်ဆင်ပြီးမှပဲ ဒီလိုအစီအမံမျိုးနဲ့ သွားသင့်တယ်၊ သွားဖို့လိုတယ်၊ သွားချင်တယ်၊ မြင်ချင်တယ် ဆိုတဲ့ဟာမျိုးတွေကို ပြောလိုက်တာကတော့ ပိုအဆင်ပြေမလားလို့ပေါ့နော်။ ဒါကတော့ ကျနော် တလျောက်လုံးဖြစ်နေတဲ့ အခြေအနေတစုံလုံးကို ကျနော် ခြုံငုံပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံတဦးအနေနဲ့ကတော့ အကြောင်းအရာ အမျိုးမျိုးပေါ်မှာ တွက်ချက်ပြီးတော့ အဲသလို နည်းနည်းလေးနက်တဲ့၊ တကယ်လက်တွေ့ကျတဲ့ တကယ်ဖြစ်နိုင်ခြေရှိတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ အားလုံး နိုင်ငံတကာကိုရော၊ လူထုတရပ်လုံးကိုပါ၊ ဆက်ဆံသူအားလုံးရောပေါ့နော်  ကျနော်တို့ အတူတကွ လက်ခံပြီးတော့ သွားနိုင်တဲ့အနေအထားမျိုးကို လုပ်တာက ပိုအဆင်ပြေမယ်လို့ ကျနော်ထင်တယ်နော်။ ဆိုတော့ ကြားတော့ကြားလိုက်ပါတယ်။ ၂၁ ကဲ့သို့သော ပင်လုံညီလာခံတို့၊ တလ နှစ်လ အတွင်းဆိုတာတို့၊ အန်စီအေ လက်မှတ်မထိုးသေးတဲ့အဖွဲ့အစည်းတွေကိုလည်း ပါလာအောင် ဘယ်လိုလုပ်မလဲဆိုတာတို့။ ဒါက စကားအဖြစ်ပြောတာက အရမ်းလွယ်တယ်ဗျာ၊ လုပ်ရတာက နည်းလမ်းမျိုးစုံနဲ့ ကျနော်တို့က လုပ်ရမှာတွေရှိတယ်။ အခြေခံအကြောင်းတရားတွေ အမျိုးမျိုးရှိလို့ ဒီအခြေအနေမျိုးဖြစ်တယ်ဗျာ။ ဒါကတော့ အရင်းခံပြဿ      နာပဲ။”

အန်စီအေ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေထဲမှာ ကေအန်ပီပီ၊ မွန်ပြည်သစ်ပါတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ မိုင်းလား၊ ကိုးကန့်၊ ၀၊ ရခိုင်၊ တအာင်း စတဲ့အဖွဲ့တွေလည်း ကျန်နေတယ်။ ဒီအဖွဲ့တွေက အန်စီအေ မှာ လက်မှတ်ရေးထိုးဖို့က တလ၊ နှစ်လအတွင်းဖြစ်နိုင်လား။ ငြိမ်းချမ်းရေးညီလာခံကို ဒီအဖွဲ့အစည်းတွေ အကုန်လုံးတက်ရောက်ဖို့ တလနှစ်လအတွင်းကလေ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုဖြတ်ကျော်ရမှာတွေရှိလဲခင်ဗျ။

“ဒီမှာ ခင်ဗျားကို ကျနော်ရှင်းရှင်းပဲပြောမယ်ဗျာ၊ ကျနော်တို့က တကယ် ငြိမ်းချမ်းရေးမဟုတ်ဘူး၊ ကျနော်တို့ ကောင်းရာကို ပြောကြမယ်ဆိုရင် ခုလည်း ကျနော်တို့ လက်မှတ်ထိုးဖို့ အဆင်သင့်ပဲ။ ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင်လည်း အခု အဆင်သင့်ပဲ၊ ဆိုလိုချင်တာက။ ဒါပေမယ့် ကျနော်တို့ပါးစပ်က ငြိမ်းချမ်းရေးလုပ်မယ်ဟေ့၊ အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဟေ့ဆိုတဲ့ ပါးစပ်က လွယ်လွယ်နဲ့ပြောလိုက်လို့ အခုပဲ ဟို တောင်ပြော၊ မြောက်ပြော၊ တယောက်နဲ့တယောက်  ပြသနာတွေထုတ်ပြော၊ ဒီလမ်းကတော့ ဒီလိုဗျာ၊ ခင်ဗျားကြိုက်သလား မကြိုက်ဘူးလား၊ ကျနော်ကတော့ သဘောမတူဘူးဗျာ၊ ဒါကတော့ ဒီလိုဗျာ ညှိကြရင်းနဲ့ နောက်ဆုံး အလျှော့အတင်းလုပ်ရင်းနဲ့ ဟာ ဒါကတော့ ဟုတ်ပါပြီ၊ သဘောတူလက်မှတ်ထိုးရအောင်၊ အဲဒါက လွယ်လွယ်နဲ့ အဲသလိုလုပ်လို့ပြီးတဲ့ကိစ္စတော့မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ပထမ ကျနော်တို့ဖြစ်နေတဲ့ပြသနာအရင်းခံကို ခုန ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့ သိမြင်ပြီးတော့ သူတို့နဲ့ နောက်တဖန်ပြန်ပြီး အဲဒီပြသနာကို လျှော့ရတဲ့ဟာမျိုးတွေ မဖြစ်အောင်လို့ ကျနော်တို့ အဖြေရှာပြီးတော့ ကျနော်တို့က တကယ်ပဲ ထဲထဲဝင်ဝင်၊ စိတ်ရောကိုယ်ပါ၊ နှစ်နှစ်ကာကာ ကျနော်တို့ စိတ်ရင်းစေတနာ အရင်းခံနဲ့ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း၊ ယုံယုံကြည်ကြည်နဲ့ တယောက်ကိုတယောက် ကျနော်တို့ အပေးအယူစိတ်ဆန္ဒမျိုးနဲ့ အလုပ်လုပ်ရင် အချိန်မရွေးဖြစ်တယ်ဗျ။ တလ၊ နှစ်လတောင် စောင့်စရာမလိုဘူး။ ကျနော်တို့ဆိုရင် ဟိုလွန်ခဲ့တဲ့အချိန်ကတည်းက  လက်မှတ်ထိုးချင်းနေတာပဲ။ အခုဘာကြောင့်လက်မှတ်မထိုးနိုင်သလဲဆိုတာ ဒီလို အခြေခံအကြောင်းတရားကောင်းအောက်မှာ ကျနော်တို့မသွားခဲ့ကြလို့ ဖြစ်နေတာ။ ဒါကအရင်းခံပြသနာက ဘာကြောင့်ဆိုတာတော့ ကျနော်မပြောတော့ဘူးနော်။ သူ့ကြောင့်၊ ကိုယ့်ကြောင့် အပြစ်ဖို့ရမယ့်အချိန်လည်း မဟုတ်ဘူး။"

အတိုင်ပင်ခံပုဂ္ဂိုလ်လို ပုဂ္ဂိုလ်တွေနဲ့၊ လက်ရှိအာဏာရအစိုးရအဖွဲ့နဲ့ လက်မှတ်မရေးထိုးရသေးတဲ့ UNFC (ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ) မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရေးတွေက ဘယ်တော့လောက်ဖြစ်နိုင်မလဲ။ ကျနော်တို့ထင်တာက ဒီအစိုးရလက်ထက်မှာ ဖြစ်လာနိုင်မယ်ထင်လို့၊ တွေ့ကြဖို့ နီးစပ်နေပြီလား။

“ကျနော်တို့လည်း ဖြစ်လာနိုင်မယ်၊ ဖြစ်လည်းဖြစ်မယ်လို့ မျှော်လင့်တာလည်း ခင်ဗျားတို့ မျှော်လင့်သလိုပါပဲ။ ကျနော်တို့မျှော်လင့်ချက်က ဘယ်အချိန်လာမယ်ဆိုတာ ခင်ဗျားတို့မသိသလို ကျနော်တို့လည်း မသိဘူးဗျာ။ ဒါကတော့ ရိုးရှင်းတဲ့အဖြေပဲဗျာ။”

ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ အစည်းအဝေးနဲ့ပတ်သက်လို့ တခြားဘာမှတ်ချက်ပြုစရာရှိမလဲ။

“ကျနော် တခြားတော့ အထူးအထွေ ဝေဖန်စရာလည်းမရှိပါဘူး။ ဘာဖြစ်ဖြစ်ပေါ့နော် လက်ရှိအစိုးရကတော့ သူ့ရဲ့ လုပ်ငန်းစီမံချက် အစီအမံကောင်းကောင်းနဲ့ သူ ပြင်ဆင်ပြီးမှပဲ ပွဲထွက်မယ်လို့ အဲသလိုပဲ ရိုးရိုးစင်းစင်းနားလည်ပါတယ်နော်။ ကျနော်တို့ဖက်ကတော့ အမြဲတမ်းကြိုဆိုလျှက်ပါ၊ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပဲ။ တိုင်းရေးပြည်ရေး၊ လူထုတရပ်လုံးရဲ့အရေးကတော့ ကျနော်တို့ဖက်ကတော့ ဘာမှ ငြင်းပယ်စရာ အကြောင်းမရှိဘူး။ ၀မ်းပန်းတသာပဲ၊ နော်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013