DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံ အချိန်မဆွဲဘဲကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား
DVB
·
April 27, 2016
၂၁ ရာစုပင်လုံညီလာခံ အချိန်မဆွဲဘဲကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Donate to DVB

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကြီးကို လပိုင်းအတွင်း အချိန်မဆွဲပဲ ကျင်းပသွားဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီ JMCU နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ပြောကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ကတော့ ဒီခေတ်ဒီအခါနဲ့ ဆီလျော်အောင်လို့ ၂၁ ရာစုနှစ် ပင်လုံတခု၊ ဒီလိုပင်လုံညီလာခံကြီး ကျင်းပနိုင်ဖို့အတွက်ဆိုရင်တော့ ကျမကတော့ သိပ်အချိန်မဆွဲချင်ပါဘူး။ တလနှစ်လအတွင်းမှာတော့ ဒီအစီစဉ်တွေကို ပြီးမြောက်စေချင်ပါတယ်။ ဒါမှ ကျမတို့ ဒီတလနှစ်လ လောက်မှာ စပြီးတော့ ငြိမ်းချမ်းရေးညီလာခံကို လုပ်နိုင်အောင်လို့ ကြိုးစားချင်ပါတယ်”လို့ ပြောပါတယ်။
ဒ့ါအပြင် အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့ခိုင်မြဲခြင်းမရှိနိုင်ရင် တကယ်ငြိမ်းချမ်းရေး ကို ဆက်သွားလို့မရတဲ့အကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်သင့်တဲ့အဖွဲ့တွေ အားလုံး ပါဝင်စေချင်ပြီး မပါသေးတဲ့အဖွဲ့တွေ ပါဝင်လာအောင်ကြိုးစားမှာဖြစ်တယ်လို့ လည်းပြောဆိုသွား ပါတယ်။

“ငြိမ်းချမ်းရေးညီလာခံဖြစ်မြောက်ရေးနဲ့ အပစ်ခတ်ရပ်စဲရေးမှာ ပါဝင်သင့်တဲ့အဖွဲ့ဝင်တွေအားလုံး ပါဝင်ရေးဟာ နှစ်ခုစလုံး မျဉ်းပြိုင်အနေနဲ့ လုပ်သွားဖို့သင့်တဲ့ကိစ္စလို့ ကျမထင်ပါတယ်။ တခုပြီးမှ တခုလုပ်မယ်ဆိုပြီးတော့ အဲလိုမျိုးမဖြစ်ပါဘူး။ အဲဒါကြောင့်မို့လို့ ကျမတို့ဟာ အခုကတည်းကနေ စပြီးတော့ အပစ်ခတ်ရပ်စဲရေး ခိုင်မြဲအောင် လုပ်ခြင်းအားဖြင့် အပစ်ခတ်ရပ်စဲရေးခိုင်မြဲခြင်းရဲ့ အကျိုးဆက်ကို ပြည်သူကနေပြီးတော့ ဘယ်လိုအကောင်းခံစားရလဲဆိုတာကို ရှင်းရှင်းလင်းလင်း ထင်သာမြင်သာအောင် ပြနိုင်ခြင်းအားဖြင့် အပစ်အခတ်ရပ်စဲရေးအတွင်းမှာ တခြားမပါသေးတဲ့ အစုအဖွဲ့တွေ ပါလာအောင်လို့လည်း ကျမတို့က စွဲဆောင်နိုင်မယ်။ တချိန်ထဲမှာ ကျမတို့က တကယ့်ကို ထာဝရငြိမ်းချမ်းရေး ရစေမယ့် ညီလာခံတခုကျင်းပဖို့ကို ကျမတို့ စပြီးတော့ အစပျိုးနိုင်မှာဖြစ်ပါတယ်။”

ဒီအစည်းအဝေးကို တက်ရောက်ခဲ့ သိက္ခာတော်ရဆရာတော် စောမက်သယူးအေးက “မကြာမြင့်မီမှာတော့ သူလည်း ငြိမ်းချမ်းရေးညီလာခံကို ဒီတလနှစ်လအတွင်းမှာ မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့တော့ ကျနော်တို့ကို အားပေးစကားပြောသွားတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားဖို့ သူရည်မှန်းချက်ရှိပါတယ်ဆိုတာကို သူပြောသွားတယ်။ ဒီကြားထဲမှာတော့ ကြိုးစားရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဓိက သူ ဦးတည်တာကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို့ ပြောလို့ရှိရင် အစုအဖွဲ့တိုင်း ပါဝင်စေချင်တာပေါ့။ အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးပါဝင်ဖို့ ကိုလည်းသူ အာရုံစိုက်တဲ့သဘောရှိပါတယ်။ သဘောက အဲဒီညီလာခံကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့ကတော့ ရှိနေတယ်။ ကျန်တဲ့လူတွေပါ ပါနိုင်ဖို့ ဒီကြားထဲမှာတော့ အာရုံပြုသွားမှာပေါ့လေ။ ”လို့ပြောပါတယ်။

ဖက်ဒရယ် ပြည်ထောင်စုပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်ကတော့ တလနှစ်လအတွင်း ၂၁ ရာစုပင်လုံ ညီလာခံ ဖြစ်လာ နိုင်ပေမယ့် ပင်လုံညီလာခံလို့ ခေါ်ဝေါ်သုံးနှုန်းတာကိုတော့ လက်မခံဘူးလို့ ပြောပါတယ်။

“ဖြစ်နိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ ဒုတိယအကြိမ် ပင်လုံတို့ ၂၁ ရာစုပင်လုံတို့ ဆိုတာ တော့ ကျနော်တို့ မထောက်ခံဘူး။ အသုံးအနှုန်းကို၊ ပထမအကြိမ်လုပ်ခဲ့တဲ့ ပင်လုံညီလာခံ ကြောင့် ကျနော်တို့ တိုင်းရင်းသား အားလုံးဟာ ပြည်မက ဗမာတိုင်ရင်းသားရဲ့ ကျေးကျွန်ဖြစ်သွား တယ်ဆိုတဲ့ ကျနော့်ရဲ့ ရင်ထဲခံစားချက်ကြောင့် အဲ့ဒီ အသုံးအနှုန်းကို မကြိုက်ဘူး။”

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ ၂ ရက်ကြာ အစည်းအဝေးကို မနေ့ကတည်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ စတင်ကျင်းပနေတာဖြစ်ပြီး သမ္မတ ဦးထင်ကျော် လက်ထက်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013