DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၁ သိန်းကျော် ပြန်ပို့ရန် ပြင်ဆင်
DVB
·
April 27, 2016
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၁ သိန်းကျော် ပြန်ပို့ရန် ပြင်ဆင်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ဒုက္ခသည်စခန်း ၃ ခုမှ  ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို နေရင်းမြန်မာနိုင်ငံကို ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ တာ့ခ်ခရိုင်မှ ဒုခရိုင်ဝန်ရဲ့အပြောကို ကိုးကားပြီး INN အိုင်အန်အန်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၂၇ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့နယ် အထူးစီးပွားရေးဇုန်ခန်းမမှာ ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာ အစည်းအဝေးအပြီး တာ့ခ် ဒုခရိုင်ဝန် နိုင်းဆုထဒ် ဆိုင်းဝမ်းချိုင်းက သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးတဲ့နောက် နယ်စပ်က မြန်မာဒုက္ခသည်တွေကို ပြန်လည်ခေါ်ဆောင်ဖို့  ပြင်ဆင်ထားတာတွေရှိကြောင်း၊ များမကြာမီ ထိုင်းအစိုးရ၊ မြန်မာအစိုးရနဲ့ ယူအန်အိပ်ခ်ျစီအာတို့ သုံးပွင့်ဆိုင်အစည်းအဝေးလုပ်ပြီး ဒုက္ခသည်တွေပြန်ပို့ရေး လမ်းပြမြေပုံကို အတူတကွ ရေးဆွဲကြမယ်လို့ ဆိုပါတယ်။

ဒါ့အပြင်  ဒုက္ခသည်စခန်း ၃ ခုမှ ဒုက္ခသည်ပေါင်း ၁ သိန်းကျော်ကို အချိန် ၂ နှစ်၊ ၃ နှစ်အတွင်း အကုန်ပြန်ပို့နိုင်မယ်လို့ မျှော်လင့်ပြီး ဒုက္ခသည်တွေ မြန်မာပြည်ထဲပြန်ရောက်တဲ့အခါမှာလည်း ယူအန်အိပ်ခ်ျစီအာအနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ကူညီထောက်ပံ့ပေးသွားမယ်လို့ ဒုခရိုင်ဝန်က ဖြည့်စွက် ပြောကြားပါတယ်။

တတိယနိုင်ငံကို ဆက်သွားဖို့ လျှောက်ထားတဲ့ ဒုက္ခသည်တွေထဲက ၈၅ ဦးကိုလည်း နောက်ဆုံးအသုတ်အဖြစ် ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ ယူအန်အိပ်ခ်ျစီအာ (ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) မှ ကိုယ်စားလှယ်နဲ့ ဖုတ်ဖရမြို့နယ် အုံးဖျံဒုက္ခသည်စခန်း၊ ထာ့ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်း၊ အုံးဖန်မြို့နယ် နို့ဖိုးဒုက္ခသည်စခန်းမှာ စခန်းခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်စပ်ဒုက္ခသည်စခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောအောနက်ကတော့ သူ့အနေနဲ့  ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခြင်းမရှိကြောင်း၊ မနေ့ညကတော့ ထိုင်းအာဏာပိုင် ၂ ဦး ရောက်ရှိလာပြီး  စခန်းတာဝန်ခံ ၃ ဦးနဲ့ တွေ့ဆုံကာ လာမယ့် မေလ ၆ ရက်နေ့ကျရင်  မြန်မာပြည်တွင်း ဒုက္ခသည်များ ပြန်လည်နေရာချထားမယ့် ဘားအံခရိုင် မော်ဖိုးကေနဲ့ ၀ါရှီးထဒေသကို အတူတကွ သွားရောက်စစ်ဆေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကစ မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ အစိုးရတပ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့များအပေါ် ဖြတ် ၄ ဖြတ် စစ်ဆင်ရေးတွေကြောင့် မြန်မာပြည်သူ သိန်းနဲ့ချီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီ ၀င်ရောက်ခိုလှုံလာကြတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ တာ့ခ်ခရိုင်၊ ကန်ကျနပူရီ၊ ရာ့ခ်ျပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်မှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုရှိပေမယ့် ဒီကနေ့အစည်းအဝေးမှာတော့ တာ့ခ်ခရိုင်ရှိ စခန်းတွေအကြောင်းပဲ ဆွေးနွေးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013