DVB Logo
Home
မြန်မာသတင်း
ပါတီက ထုတ်ပယ်မှု စည်းမျဉ်းစည်းကမ်းနှင့် မညီဟု ဦးရွှေမန်းပြော
DVB
·
April 27, 2016
ပါတီက ထုတ်ပယ်မှု စည်းမျဉ်းစည်းကမ်းနှင့် မညီဟု ဦးရွှေမန်းပြော
Donate to DVB

ကြံ့ခိုင်ရေးပါတီပူးတွဲ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ပါတီကနေ သူ့ကို အနားပေးထုတ်ပယ်တာဟာ  ပါတီစည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်ခြင်းမရှိတာကြောင့်  ပါတီဗဟိုကော်မတီ ထက်ဝက်ကျော်က အရေးပေါ်ညီလာခံခေါ်ယူကျင်းပဖို့ လက်မှတ်ထိုး တောင်းဆိုထားတယ်လို့ ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကော်မရှင်လုပ်ငန်း၊ ပါတီက ထုတ်ပယ်ခံရခြင်းတို့နဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။

နေပြည်တော်မှာ ဒီနေ့လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူအပါအ၀င် ကော်မရှင်အဖွဲ့ဝင် ၁၁ ဦးကို ကြံ့ခိုင်ရေးပါတီက ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်လို့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး သူတို့ကို ပါတီစည်းမျဉ်းစည်းကမ်းနဲ့အညီ ထုတ်တာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အခု ပါတီက ထုတ်ခံရတဲ့သူတွေထဲက အများစုဟာ လွှတ်တော်ကော်မရှင်က အဖွဲ့ဝင်တွေ  ဖြစ်တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ကြံ့ခိုင်ရေးပါတီဌာနချုပ်ကို စီးနင်းပြီး သူ့ကို ပါတီခေါင်းဆောင် ရာထူးက ဖြုတ်ချခဲ့တုန်းက သူ့အနေနဲ့ ထောက်ထားစရာအချက်တချို့ကို ထောက်ထားပြီး စိတ်ရှည်သည်းခံခဲ့တယ်၊ တိုင်းပြည်မှာ ရွေးကောက်ပွဲလုပ်ပြီး ပြည်သူတင်မြှောက်တဲ့ အစိုးရတရပ်ဖြစ်လာဖို့ စိတ်ရှည်သီးခံ လုပ်ဆောင်ခဲ့တာလို့ ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကြံ့ခိုင်ရေးပါတီက သူတို့ ထုတ်ပယ်ခံရတဲ့အပေါ် ပြန်လည်တုံ့ပြန်ဖို့ ရှိ မရှိ ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိဘဲ ပါတီအရေးပေါ်ညီလာခံလုပ်ဖို့ ဗဟိုကော်မတီဝင် ထက်ဝက်ကျော်က တောင်းဆိုထားတယ်လို့ပဲ ဖော်ပြပါတယ်။

ဒါ့အပြင် ပါတီသစ်ထောင်မလား၊ အာဏာရ အန်အယ်လ်ဒီပါတီထဲ ၀င်မလား ဆိုတာကို ဦးရွှေမန်းက စဉ်းစားထားချက် မရှိသေးဘူးလို့ ပြောခဲ့ပြီး သူတို့ကို ထုတ်ပယ်တာဟာ ပြည်သူ့အကျိုးစီးပွားကို တနည်းတဖုံ သက်ရောက်မှု ရှိတယ်လို့ပဲ ပြောခဲ့ပါတယ်။

“ဒီပါတီ (ကြံ့ခိုင်ရေး) ဟာ အင်အားကြီးမားသလို ဒီပါတီမှာ ထိုက်သင့်တဲ့ သြဇာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ပါတီရဲ့ လုပ်ဆောင်ချက်များဟာ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို တနည်းမဟုတ်တနည်း ထိရောက် ပြောမယ်ဆိုရင် impact ဖြစ်နိုင်တဲ့ အနေအထား ရှိပါတယ်၊ ဒါကြောင့်မို့လို့ သတိနဲ့ယှဉ်ပြီး ဆောင်ရွက်မှာသာလျင် နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို မထိခိုက်ဘဲ သွားနိုင်မယ်လို့ ယူဆတဲ့အတွက် နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွား တစုံတရာ အကျိုးသက်ရောက်မှု ရှိနိုင်တယ် ဆိုတာကို ဖော်ပြခြင်းမျိုး ဖြစ်ပါတယ်။”

ဦးရွှေမန်းရဲ့ လူမှုစာမျက်နှာပေါ်က ရေးသားချက်တွေဟာ စစ်တပ်ပြိုကွဲနိုင်လို့ ကန့်ကွက်လိုက်တဲ့ စစ်တပ်ရဲ့ ကြေညာချက်အပေါ် မေးမြန်းရာမှာ အထူးတလည်မှတ်ချက်ပေးစရာ မရှိဘူးလို့ ပြောခဲ့ပြီး မီဒီယာမေးသမျှ စစ်တပ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေအပေါ် မှတ်ချက်ပေးဖြေကြားခြင်း လုပ်ခဲ့တာ မတွေ့ရပါဘူး။

ကြံ့ခိုင်ရေးပါတီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန်က ဖြုတ်ချခဲ့ပြီး မကြာသေးခင်က သူအပါအ၀င် ပါတီဗဟိုအလုပ်အမှုဆောင် ၁၇ ဦးကို ပါတီက အနားပေးကြောင်း အကြောင်းကြားစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013