DVB Logo
Home
မြန်မာသတင်း
လုပ်ငန်းရှင်နှင့် စားသုံးသူအကြား ဘက်မျှသည့် ငွေလဲနှုန်းရှိမှ စီးပွားရေး ကောင်းမွန်မည်ဟုဆို
DVB
·
April 27, 2016
လုပ်ငန်းရှင်နှင့် စားသုံးသူအကြား ဘက်မျှသည့် ငွေလဲနှုန်းရှိမှ စီးပွားရေး ကောင်းမွန်မည်ဟုဆို
Donate to DVB

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ လုပ်ငန်းရှင်နဲ့ စားသုံးသူတို့အကြား တည်ငြိမ်ပြီး ဘက်မျှတဲ့ ငွေလဲနှုန်းတခု ပေါ်ပေါက်လာမှ တိုင်းပြည်ရဲ့ စီးပွားရေးက အကောင်းဘက်ကို ဦးတည်မယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာတန်ဖိုးဟာ အစိုးရသစ် မတက်ခင်က ၁ ဒေါ်လာကို ကျပ် ၁၂၅၀ ကျော်အထိ တောက်လျှောက်ဈေးမာခဲ့ပြီး မြန်မာကျပ်ငွေ တန်ဖိုးကတော့ ကျဆင်းခဲ့ပါတယ်။

ဒါပေမယ့် အစိုးရသစ် တက်ရောက်ပြီးတဲ့နောက် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာပြီး မြန်မာကျပ်ငွေတန်ဖိုး ပြန်မာလာတယ်ဆိုပေမယ့် လောလောဆယ် တည်ငြိမ်မှုတော့ မရှိသေးပါဘူး။

ဒါကြောင့် တည်ငြိမ်မှုမရှိတဲ့ နိုင်ငံခြားငွေလဲနှုန်းက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေအတွက် အခက်အခဲရှိစေတယ်လို့ စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ အငြိမ်းစားသံအမတ် ဦးလှမောင်က ထောက်ပြပြောပါတယ်။

“ရေရှည်တော့ ဘယ်လိုရှိလာဦးမလဲ မသိသေးဘူး။ ဒီ Exchange Rate ကြောင့် ဘယ်လိုဖြစ်လဲဆိုတော့ အင်ပိုတာ (Importer) အိတ်စပိုတာ (Exporter) တွေကလည်း အိတ်စပိုတာက ကောင်းတယ်ဆိုပေမယ့် သူလည်းမကျေနပ်ဘူး။ တနေ့တခြား သူကွန်ထရိုက် (Contract) လုပ်ရတာက နိုင်ငံခြားနဲ့ ခက်တယ်။ အင်ပို့တာက ပိုဆိုးတာပေါ့။ သိပ်ဈေးနှုန်းတွေ တက်ပြီးဝယ်ရတဲ့အခါကျတော့ သူပြန်ရောင်းတဲ့အခါ ခုဆို အင်ပို့တာတွေ ဒုက္ခရောက်ပြီ။ Exchange Rate ကျသွားတယ်ဆိုရင် သူတို့ဝယ်ထားတဲ့ဟာက သိန်းပေါင်းထောင်နဲ့ချီ ၀ယ်ထားရင် ကျကုန်ပြီပေါ့။ ဒါကြောင့် Exchange Rate တည်ငြိမ်ဖို့လိုတယ်။”

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်ကလည်း “စားသုံးသူအတွက်လည်း အဆင်ပြေတယ်။ သူ့ဝင်ငွေနဲ့ စားနိုင်တဲ့ဈေးနှုန်း ဖြစ်နေတယ်။ တဘက်က ထုတ်လုပ်သူအတွက်လည်း ဘယ်တော့မှမရှုံးဘူး။ သူလည်း ထိုက်သင့်တဲ့ အကျိုးအမြတ်ကို အမြဲတမ်းရနေတယ်။ တဘက်က ရောင်းတဲ့ဝယ်တဲ့သူ အတွက်လည်း ရှုံးလိုက်မြတ်လိုက်ဆိုတဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ ပုံမှန်အကျိုးအမြတ်ကို အမြဲတမ်းမျှော်ကိုးပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ အခြေအနေကျတော့ အဲဒီမျှခြေတခုအပေါ်မှာ ကျနော်တို့အားလုံး ရနိုင်ဖို့ကျတော့ ဒါက တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ပညာရှင်ပိုင်းတွေက စဉ်းစားရမယ်၊ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေပေါ့။ အဲဒီအခြေအနေကိုရောက်အောင် ဖန်တီးနိုင်သလား၊ မဖန်တီးနိုင်ဘူးလားဆိုတာ၊ တကယ်ဖန်တီးနိုင်ရင်တော့ ကျနော်တို့တိုင်းပြည် အောင်မြင်ပြီလို့ ပြောလို့ရပြီ” လို့ ဆိုပါတယ်။

လက်ရှိမှာဆိုရင်လည်း နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းနဲ့ ပတ်သက်လို့ ထိန်းချုပ်နှုန်းရှင်စနစ်နဲ့ ထိန်းကျောင်းနေတယ်ဆိုပေမယ့် အားနည်းချက်တွေ ရှိနေဆဲဖြစ်ပါတယ်။

နိုင်ငံတော်ဗဟိုဘဏ်က ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွက် နေ့စဉ်သတ်မှတ်ပေးတဲ့ ရည်ညွှန်းငွေလဲနှုန်းက ဧပြီလ ၂၅ ရက်နေ့အတွက် အမေရိကန်တဒေါ်လာကို ၁၁၆၈ ကျပ် သတ်မှတ်ထားပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေမှာ ၁၁၅၈ ကျပ် အ၀ယ်နဲ့ ၁၁၆၈ ကျပ် အရောင်းရှိပါတယ်။

ဒါပေမယ့် ပုဂ္ဂလိက ငွေလဲကောင်တာတွေမှာ ၁၁၅၀ ကျပ် အ၀ယ်နဲ့ ၁၁၅၅ ကျပ် အရောင်းရှိလို့ ဈေးနှုန်းကွာဟချက်ကတော့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013