DVB Logo
Home
မြန်မာသတင်း
တံတားကြေးများ မကောက်ခံရန် စက်မှုလုပ်ငန်းရှင်များ ဝန်ကြီးချုပ်ထံ တောင်းဆို
DVB
·
April 27, 2016
တံတားကြေးများ မကောက်ခံရန် စက်မှုလုပ်ငန်းရှင်များ ဝန်ကြီးချုပ်ထံ တောင်းဆို
Donate to DVB

လှိုင်သာယာဘက်ကနေ ရန်ကုန်ကို ထိုးထားတဲ့ တံတားတွေရဲ့ တံတားဖြတ်သန်းခ ကောက်ခံမှုတွေဟာ  စင်ကာပူကို တင်ပို့တဲ့ ကုန်ကျစရိတ်နီးပါးလောက် ဖြစ်နေတာကြောင့် ဒီအခကြေးငွေတွေကို မကောက်ခံဖို့ စက်မှုလုပ်ငန်းရှင်တွေက ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းဒေသကြီးထဲ စက်မှုဇုန်က တာဝန်ရှိသူတွေ တွေ့ဆုံပွဲကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ရုံးမှာ ဧပြီ ၂၅ ရက်နေ့က တွေ့ဆုံစဉ် အခုလို တောင်းဆိုလိုက်တာပါ။

“ကျနော်တို့ ကွန်တိန်နာတလုံး သယ်လိုက်ရင် တံတားကို ကူးလိုက်တာနဲ့ ငွေ ၅ သောင်းနဲ့ ၇ သောင်း ပိုကုန်ရတယ်။ ဒေါ်လာဈေးနဲ့ ပြောမယ်ဆိုရင် ဒေါ်လာ ၄၀ နဲ့ ၆၀ ကြားမှာရှိပါတယ်။ ယနေ့ ရန်ကုန်မြို့ကနေပြီး စင်ကာပူကို ပေ ၂၀ ကွန်တိန်နာ ၁ လုံး  တင်ပြီးသွားရင်  ဒေါ်လာ ၃၀ နဲ့ ၄၀ ပဲ ရှိပါတယ်။ ကျနော်တို့ တံတားကြီး ကူးလိုက်တာနဲ့ အဲလောက်အခကြေးငွေ ပေးရမယ်ဆိုရင် ၀န်ကြီးချုပ်အနေနဲ့ အမြန်ဆုံး ဖြေရှင်းသင့်လား၊ မသင့်ဘူးလားဆိုတာ ပေါ်လွင်ပါတယ်” လို့ လှိုင်သာယာစက်မှုဇုန် ဒု-ဥက္ကဋ္ဌ ဦးအုန်းစိုင်က ပြောပါတယ်။

ဒါ့အပြင် စက်မူဇုန်တွေရဲ့ အသက်သွေးကြောဖြစ်တဲ့ လျှပ်စစ်မီးကို လိုအပ်တဲ့ပမာဏထက် အဆမတန်လျော့ပြီး ရနေတဲ့အတွက် အခက်ခဲဖြစ်နေတာတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့က ဖြေရှင်းပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

အခုလို တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “တံတားကိစ္စနဲ့ပတ်သက်ရင် ကျနော်တို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းမယ်။ ဘာကြောင့်ညှိနှိုင်းမလဲဆိုရင် ဒီတံတားရဲ့ ကုန်ကျစရိတ်က ဘယ်လောက်ရှိခဲ့လဲ၊ ဘယ်အဆင့်လောက်ဆိုရင် ဒီတံတားရဲ့ ကုန်ကျစရိတ်က ကျေလောက်ပြီ။ ဘယ်အခြေနေမျိုးလောက်နဲ့ ကောက်ခံမယ်ဆိုရင် သင့်တင့်လျောက်ပတ်တဲ့ အခြေအနေ ဖြစ်နိုင်တယ်ဆိုတဲ့ အခြေအနေတခုကို ညှိနှိုင်းပါမယ်။ နောက်တချက်က စက်မှုဇုန်ကို လှိုင်သာယာကို လာတဲ့အခါမှာ ဆောက်လုပ်ရေးတွေကို ကျနော်တို့ခေါ်မယ်။ ဒါကိုကော ဘယ်လောက်တင်ဒါပေးထားလဲဆိုတာ ကျနော်တို့ မေးဦးမယ်။ တချို့ကိစ္စတွေက နိုင်ငံတော်က ဘာမှမရပါဘူး။ သင့်တော်တဲ့ ကိုယ်နဲ့ပတ်သက်တဲ့သူ တယောက်ကို တင်ဒါပေးထားတာ။ အဲဒီလူက ငါးသောင်းယူနေတာ။ ကျနော်တို့ရဲ့ control လုပ်မှုတွေကိုပါ လာထိခိုက်နေတယ်။ နိုင်ငံတော်ဝင်ငွေ ဘယ်လောက်ရလဲဆိုတာ ဆောက်လုပ်ရေးက ဘာမှမရဘူး။ တချိန်တုန်းကတော့ ၀န်ကြီးနဲ့သိလို့ သူတင်ဒါရသွားတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒီလိုအခြေအနေမျိုးတွေကိုလည်း ကျနော်တို့ ပြုပြင်ပြောင်းလဲရမယ့် အထဲမှာထည့်ပြီး စဉ်းစားရမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံတဝန်းလုံးမှာ  လမ်းတံတား၊ ဂိတ် အသုံးပြုကောက်ခံခွင့် ဂိတ်ကြီး ဂိတ်ငယ်ပေါင်း ၁၀၀၀ ကျော်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကောက်ခံနေတဲ့ မြန်မာနိုင်ငံတ၀န်းက လမ်း၊ တံတား အသုံးပြုခကောက်ခံနေတဲ့ ဂိတ်ပေါင်း ၃၀၀ ကျော်အနက် ဂိတ်ပေါင်း ၁၆၀ ကျော် ရှိပါတယ်။

အဲဒီ့ဂိတ် ၁၆၀ ကျော်ကို ဧပြီ ၁ ရက်နေ့ကစပြီး ဂိတ်ကြေးကောက်ခံခြင်း မပြုတော့ဘဲ ဖြေလျော့ပေးနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013