DVB Logo
Home
Lead Story
ပြည်သူ ၅ ကုဋေဆို ကြယ်ငါးလေး ၅ ကုဋေကို ကယ်နိုင်တယ်
DVB
·
April 27, 2016
ပြည်သူ ၅ ကုဋေဆို ကြယ်ငါးလေး ၅ ကုဋေကို ကယ်နိုင်တယ်
Donate to DVB

ညအမှောင်ခွင်းလို့ အာရုဏ်ကျင်းပြီဆိုတာနဲ့ ဒေါင်းဖန်ဝါသူရိန်နေမင်းကြီးဟာ အရှေ့အရပ်က နေထွက်ပြူရင်း သူ့ခန္ဓာကိုယ်က နေခြည်ငွေပန်းရောင်စဉ်တန်းတွေစေလွှတ်ပြီး လောကတခွင်ကို အလင်းဆောင်မြဲပါဘဲ။ အဲ့ဒီလိုပါဘဲ မြန်မာ့နိုင်ငံရေးလင်းအာရုဏ်ဦးမှာ ပြည်သူအများစုက ဘ၀ပေးအသိနဲ့ တခဲနက်ပုံအောမဲပေးခဲ့ကြလို့ အရပ်သားအစိုးရတရပ်ကို နှစ် ၅၀ ကျော်အတွင်းမှာ ပထမဆုံးအနေနဲ့ ဖွဲ့စည်းထွက်ပေါ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ သူတို့ရဲ့အရင်းခံ အမှန်တရားကိုမြတ်နိုးမှုဆိုတဲ့ ဂုဏ်ရှိန်အလင်းရောင်နဲ့ စစ်အာဏာရှင် အမှောင်ခေတ်ထဲ ပိတ်လှောင်ခံခဲ့ရလို့ အလင်းရောင်ငတ်မွတ်နေရတဲ့ ပြည်သူလူထုထံကို အလင်းဆောင်လို့နေပါပြီ။

စစ်ဖိနပ်သံခွာအောက်မှာ ရာစုနှစ်ဝက်ကျော်၊ သေလုမျှောပါး ရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ ခေတ်ဆိုးခေတ်ပျက်ကြီးက သက်ရောက်ကူးစက်ခဲ့တဲ့ ဆိုးကျိုးတရားမြောက်များစွာ ရှိပါတယ်။ အဲ့ဒီဆိုးကျိုးတွေထဲမှာ တာဝန်မဲ့ပြုမူပြောဆို၊ နေထိုင်ရယူ အခွင့်ထူးခံလိုတဲ့ အချောင်သမားစိတ်ဓာတ်ဟာ မြွေဆိုးတကောင်ထက် အဆိပ်ပြင်းပါတယ်။ ကျနော်တို့ရဲ့ အနာဂတ်တွေကို အဆိပ်သင့်အောင်၊ ဒီမိုကရေစီခရီးကို လမ်းလွဲအောင်ပြုနိုင်တဲ့ အထိ အဖျက်စွမ်းအားကြီးလှပါတယ်။

ပြည်သူတွေ အလိုမတူ၊ မကြည်ဖြူမှန်းသိလျှက်နဲ့ သေနတ်တွေမောင်းတင်၊ ကောင်းကင်တောင် ထောင်မပစ်ဘဲ နှလုံးသားကိုမှတည့်တည့်ပစ်ပြီး အာဏာယစ်မူးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကစလို့ ကိုယ့်တာဝန်ကိုယ်မယူဘဲ အခွင့်ထူးခံ အချောင်နှိုက်ခဲ့ကြတော့၊ အောက်ခြေနင်းပြား ဆင်းရဲသား အဆုံး၊ တတိုင်းတပြည်လုံး အုန်းအုန်းကြွက်ကြွက် မိုးခါးရေကိုသောက်သုံးပျော်ပါး ရမ်းကားခဲ့ကြတာ မဟုတ်လား။

ရုပ်ပိုင်းပျက်ဆီးမှုထက် စိတ်ဓာတ်ပျက်ဆီးမှုက ပိုကြောက်စရာကောင်းတယ်။ စစ်အာဏာရှင်တွေ ဟာ တာဝန်မဲ့ အချောင်သမားစိတ်ဓာတ်ကို စနစ်တကျပျိုးထောင်ခဲ့တယ်။ တိုင်းသူပြည်သားတွေကို၊ ကိုယ့်တာဝန်ကိုယ် မယူရဲအောင်၊ တာဝန်မဲ့နေတတ်အောင် အလွန်ယုတ်မာတဲ့ နည်းလမ်းမျိုးစုံ သုံးပြီး နိုင်ငံရေးသားကျောဖြတ်ဖို့ ကြိုးစားခဲ့တာသမိုင်းမှာ အထင်အရှားကျန်ရစ်ခဲ့တယ်။ နိုင်ငံရေး လုပ်ရင် ဖမ်းဆီးထောင်ချညှဉ်းပန်း၊ နိုင်ငံရေးနဲ့ မပတ်သက်ရဲအောင်လုပ်ထားပေမယ့် တဖက်မှာ တော့၊ အချောင်နှိုက်တဲ့စိတ်ဓာတ်ကို အကြီးအကျယ်ပျိုးထောင် ပေးခဲ့တယ်။

လူသတ်ဓားမြတိုက်သူလည်း ရာထူးတက်၊ တိုင်းပြည်ဘဏ္ဍာခိုးဝှက်သူလည်း ကောင်းစားနိုင်တဲ့ ၀န်းကျင်ကို နှစ်ရှည်လများဖန်တီးထားမှတော့၊ တို့နိုင်ငံလည်း စောရပြည်ဖြစ်ခဲ့တာ ဆန်းသလား။ ဗြဟ္မစိုရ်တရားတွေ၊ လောကပါလတရားတွေ တစတစ ခန်းခြောက်လာပြီး ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ၊ ရရင်ရသလောက်အချောင်ယူမယ့် စိတ်ဓာတ်တွေ၊ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်းကိုယ်ရှာစားရတာပါ ဆိုတဲ့ ကိုယ့်တာဝန်ကိုယ်မသိဘဲ တာဝန်မဲ့နေလိုတဲ့ စိတ်ဓာတ်တွေ၊ မလုပ်မရှုပ်၊ မပြုတ်ဆိုတဲ့ အမှန်တရားကို မျက်ကွယ် ပြုတဲ့စိတ်တွေ၊ အမြီးကျက်ရင်အမြီးစား၊ ခေါင်းကျက်ရင်ခေါင်းစားဆိုတဲ့ ချိုတာလေးတွေ ရွေးစားမယ့် စိတ်ဓာတ်တွေ၊ ရောမရောက်ရင်ရောမလိုကျင့်၊ အများမိုးခါးရေသောက်ရင် လိုက်သောက်ရမယ် ဆိုတဲ့ ဝေလေလေ စိတ်ဓာတ်တွေ တို့တိုင်းပြည်မှာ ထွန်းကားကြီးစိုးလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့တာ မဟုတ်လား။

တရားဥပဒေ မစိုးမိုးရတဲ့အထဲ၊ အဲ့ဒီလိုစာရိတ္တယိမ်းယိုင်မှုတွေ ထွားကြိုင်းလါတော့ ဗမာပြည် တနံတလျှားမှာ တနေ့ထက်တနေ့ အနိဌာရုံတွေ ပိုလို့ပိုလို့ဗွက်ထလာနေတာ မြင်ရသူတိုင်းအတွက် စိတ်မချမ်းသာစရာပါ။ ဒီတော့ မြန်မာနိုင်ငံသားတိုင်းက အဲ့ဒီမကောင်းမှုနဲ့ အနိဌာရုံတွေ ကွယ်ပျောက်သွားစေဖို့၊ အကျင့်ဆိုးစရိုက်ဆိုးတွေ ဖျောက်ဖျက်ပစ်နိုင်ဖို့ ကိုယ်ကိုတိုင် ဘာလုပ် နိုင်သလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြဖို့ လိုပါတယ်။

ဒီနေရာမှာကြားဖြတ်လို့ “ကြယ်ငါးပစ်သူ” (The Star Thrower)လို့ အမည်ရတဲ့ ကမ္ဘာကျော် အက်ဆေး တပုဒ်ကို မျှဝေခွင့်ပြုပါ။ ဒီအက်ဆေးကို ရေးသားသူက Loren Corey Eiseley (၁၉၀၇~၁၉၇၇) ဖြစ်ပြီး၊ ၁၉၆၉ ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။ လူတော်တော်များများ ဖတ်ဖူးကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မဖတ်ဖူးသေးသူတွေအတွက် တစ်ဆယ့်ခြောက်မျက်နှာရှိတဲ့ အက်ဆေး လေးရဲ့ အနှစ်သာရကို စာရေးသူခံစားမိသလို အောက်ပါအတိုင်း အတိုချုပ် ပြန်လည်ခံစား ရေးဖွဲ့ ပေးလိုက်ပါတယ်။

“တခါတုန်းက လူတယောက်ဟာ ပင်လယ်ကမ်းခြေတလျှောက် လမ်းလျှောက်လာတုန်း လူငယ်လေးတဦးက ကမ်းခြေပေါ်တင်နေတဲ့ ကြယ်ငါးလေးတွေ တကောင်ပြီးတကောင် ပင်လယ်ကြီးထဲ ကြင်နာစွာ ပြန်ပစ်ထည့်ပေးနေတာမြင်တော့ လူငယ်လေးထံ ချဉ်းကပ်ပြီး”

“လူကလေးရေ -ဘာတွေလုပ်နေတာလဲကွာ”လို့ မေးလိုက်သတဲ့...

“ကြယ်ငါးလေးတွေကို ပင်လယ်ထဲပြန်ထည့် ပေးနေတာပါ။ ဒီရေကျသွားပြီလေ။ နေမြင့်လာလို့မှ ပင်လယ်ထဲ ပြန်ထည့်မပေးရင် သူတို့သေကုန်တော့မှာ”လို့ လူငယ်လေးက ပြန်ဖြေသတဲ့။

အဲ့ဒီအခါ လူကြီးက ဟက်ဟက်ပက်ပက်ရီမောလိုက်ပြီး...

“မိုင်ပေါင်းများစွာ ရှည်လျားတဲ့ ဟော့ဒီကမ်းခြေကြီးတလျှောက်မှာ ကြယ်ငါးပေါင်း သိန်းသောင်းချီ တင်ကျန်ရစ်နေတာ လူကလေးက တစ်ကောင်နှစ်ကောင်ပြန်ထည့်ယုံနဲ့ ဘာမှထူးခြားမှာ မဟုတ်ပါဘူး ကလေးရယ်”လို့ ပြောသတဲ့။

လူကြီးပြောတဲ့စကားကို ယဉ်ကျေးရည်မွန်စွာနားထောင်ပြီးတဲ့နောက် ကြယ်ငါးလေးတစ်ကောင်ကို ကုန်းကောက်လိုက်ပြီး လှိုင်းလုံးတွေကြား ညင်ညင်သာသာလေး ပစ်ထည့်လိုက်တယ်။ ပြီးတော့ လူကြီးကို အေးချမ်းစွာပြုံးကြည့်လိုက်ရင်း ပြန်ပြောလိုက်တဲ့စကားကတော့...

“အဲ့ဒီ ကြယ်ငါးလေးအတွက်တော့ ထူးသွားမှာ ဦးဦးရယ်”တဲ့...။

အဲ့ဒီအက်ဆေးထဲက ကြယ်ငါးလေးတွေလိုပဲ စစ်အာဏာရှင် ဒီရေမုန်တိုင်းလှိုင်းလုံးကြီးတွေကြောင့် မြန်မာ့နိုင်ရေး ကမ်းခြေ၊ သဲသောင်တလျှောက်မှာ အားကိုးရာမဲ့ အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသားပြည်သူတွေ၊ မိဘမဲ့ကလေးတွေ၊ မြေအသိမ်းခံလယ်သမားတွေ၊ လစာနည်း အလုပ်သမားတွေ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ၊ စောင့်ရှောက်သူမဲ့ မိအိုဖအိုတွေ၊ ကျုးကျော်သူလို့ အသတ်မှတ်ခံရပြီး မောင်းထုတ်ခံနေရတဲ့ မရှိဆင်းရဲသားတွေ၊ မြစ်ဆုံစီမံကိန်းနဲ့ အသက်ငင်နေတဲ့ ဧရာဝတီ၊ ဆည်ခြောက်ခုစီမံကိန်းနဲ့ ကြိုးတိုက်ထဲက သေမိန့်ကျ သံလွင်မြစ်၊ ပျောက်ကွယ်တော့မယ့် လက်ပံတောင်းတောင်၊ တကောင်းတောင်နဲ့ အခြားခြားသော တောင်ပေါင်းများစွာ၊ ပြုန်းနေတဲ့ သစ်တောကြီးတွေ၊ ကောလာတဲ့ မြစ်ချောင်းတွေ၊ ထိန်းသိမ်းသူမဲ့ ရှေးဟောင်းအမွေအနှစ်တွေ၊ ကလေးအလုပ်သမားတွေ၊ အသက်စွန့်အမှုထမ်းရတာနဲ့ မကာ မိအောင် နွမ်းပါးချို့တဲ့နေတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ၊ ပညာသင်ကြားခွင့်မရတဲ့ ကလေးလုပ်သားတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု မရသူတွေ၊ အနိုင်ကျင့်ခံ ရွှေ့ပြောင်းလုပ်သား တွေ၊ လူ့ငရဲကျခံနေရတဲ့ စစ်ပြေးဒုက္ခသည်သန်းပေါင်းများစွာ စတဲ့ ပြဿနာပေါင်းကုဋေကုဋာဟာ ကြယ်ငါးတွေလို ထုနဲ့ထည်နဲ့ သောင်တင်လို့နေတာပါ။

ကြယ်ငါးပစ်တယ်ဆိုတာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ တကယ်တော့ စာဖတ် ပရိသတ်နဲ့ စာရေးသူ တို့ကိုယ်တိုင် ကြယ်ငါးတစ်ကောင်အကြိမ်ကြိမ်ဖြစ်ခဲ့ဘူးသလို၊ ကိုယ်ကိုတိုင်လည်း ကြယ်ငါးပစ်သူတွေ အခါခါဖြစ်ခဲ့ဘူးကြပါတယ်။ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေထဲက အမြင်မတော်တဲ့အရာတွေ၊ မတရားမှုတွေ၊ ဒုက္ခရောက်နေသူတွေ၊ အကူညီလိုနေသူတွေကို လက်လှမ်းမှီသလောက်၊ ကိုယ်နိုင်သလောက်ကူညီ စောင့်ရှောက်မှုပေးခြင်း၊ အမှန်တရားဖက်က ရပ်တည်ကာကွယ်ပေးခြင်း စတာတွေပါဘဲ။

လက်ချောင်းလေးတွေ တောင်အတိုအရှည်မညီသလို၊ လူတဦးနဲ့တဦးဟာ စွမ်းဆောင်နိုင်တဲ့ ပမာဏ အတိုင်းတာခြင်း မတူနိုင်ပါဘူး။ နာရေးကူညီမှုအသင်းက၊ အာဂဗမာကြီး ဦးကျော်သူရဲ့ ကြယ်ငါး အထောင်အသောင်းပစ်နိုင်တဲ့ စွမ်းရည်မျိုး၊ ကိုယ်မှာမရှိလို့ အားငယ်စရာ မလိုဘူး။ သူများတွေလို အများကြီးမလုပ်နိုင် မဆောင်ရွက်နိုင်ပေမယ့် ကိုယ့်မှာရှိတဲ့ ခွန်အားနဲ့ အခြေအနေ မပေးတဲ့အပေါ် အားလျှော့စရာအကြောင်းမရှိပါဘူး။ ကိုယ်လုပ်နိုင်သလောက်ကိုသာ စေတနာ အပြည့်နဲ့ လုပ်ဆောင်ခြင်းသာ ပဓာနပါ။

လူဆိုတာ ကိုယ်ရောက်ရှိရာ နေရာမှာကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်၊ လူ့အဖွဲ့စည်းကို တနိုင်တပိုင် အကျိုးပြုချင်စိတ်ရှိပြီး လက်တွေ့အကျိုးပြုနိုင်ဖို့ပဲ အရေးကြီးတာပါ။ ကြယ်ငါးတကောင် ပစ်နိုင်သူက တကောင်ပစ်၊ ဆယ်ကောင်ပစ်နိုင်သူက ဆယ်ကောင်ပစ်ခြင်းဟာ မိမိဖြတ်သန်းနေတဲ့ခေတ်ရဲ့ သမိုင်းဝန်ကို ထမ်းဆောင်ခြင်းမည်ပါတယ်။

စစ်အာဏာရှင်မုန်တိုင်းလှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုနဲ့ မြန်မာ့နိုင်ရေးသောင်ခုံပေါ်မှာ တင်ကျန်ရစ်ခဲ့တဲ့ အရာများစွာထဲမှာ အထက်မှာပြောခဲ့တဲ့ ကြယ်ငါးတွေအပြင် ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့ ဝေလငါးကြီး တကောင်လည်း ရှိနေပါတယ်။ ဒီငါးကြီးကိုတော့ တဦးတယောက်အားနဲ့ ပင်လယ်ထဲကိုပြန်ပစ်ဖို့ မဖြစ်နိုင်ပါဘူး။ လေးပွင့်ဆိုင်နဲ့မှ မပစ်နိုင်ရင်၊ အလပ်သမား၊ လယ်သမား ကျောင်းသူကျောင်းသား၊ တိုင်းရင်းသားမိဘ ပြည်သူ့အားကိုယူလို့ ညီညီညာညာ ပြိုင်တူတွန်းချကြဖို့ လိုပါလိမ့်မယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ရေစက်ကလေးတွေ မြောက်များစွာပေါင်းစပ်ပြီး မြစ်ချောင်း အင်းအိုင်ပင်လယ် သမုဒ္ဒရာတွေဖြစ်လာသလို၊ ကျနော်တို့ တဦးချင်းစီရဲ့တာဝန်သိမှု၊ တာဝန်ယူမှုတွေရဲ့ စုပေါင်းစွမ်းအားဟာ မြန်မာနိုင်ငံကို စစ်နွံထဲက ရုန်းထွက်လွတ်မြောက်နိုင်စေတဲ့ တန်ခိုးရှိပါတယ်။

ဒါကြောင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့၊ လူတိုင်းစေ့နိုင်ငံသားအခွင့်အရေးကို တင်းပြည့် ကျပ်ပြည့် ခံစားနိုင်ဖို့၊ တရားဥပဒေစိုးမိုးစေဖို့၊ လူမျိုးရေးဘာသာရေးမုန်းတီးမှုတွေ မြန်မာမြေပေါ်က ကွယ်ပျောက်သွားစေဖို့၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို နိုင်ငံတကာ ဒီမိုကရေစီ စံရေ စံညွှန်းမှီအောင်ပြင်ဆင်ရေးဆွဲနိုင်ဖို့၊  အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့၊ အကျင့်ဖျက်ခြစားမှု ပပျောက်စေဖို့စတဲ့ သောင်တင်ကြယ်ငါးပေါင်း ကုဋေကုဋာ ကို သမုဒ္ဒရာထဲပြန်ထည့်ဖို့ တိုင်းသူပြည်သားတိုင်းက အသစ်ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့လက်တွဲလို့ နိုင်သလောက်တာဝန်ကိုယ်စီယူလို့ ကူညီကြမယ်ဆိုရင် ပြဿနာတွေတဖြည်းဖြည်းလျော့ပါးလို  အနိဌာရုံတွေ ကွယ်ပျောက် သာယာအေးချမ်းမှုတွေ မကြာခင်ရောက်လာမှာဖြစ်ပါကြောင်း ။         ။

(မှတ်ချက် - ဒီဆောင်းပါးဟာ၂၀၁၄ ခုနှစ်ကရေးသားခဲ့သော “ကြယ်ငါးလေးတကောင်ပစ်ရအောင်” ဆောင်းပါးကို ထပ်မံဖြည့်စွက် မွမ်းမံရေးသားလိုက်တာပါ။)

မင်းကောင်းချစ်

ဧပြီလ ၁၃ ရက် ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013